Latest News

Tuesday, June 27, 2017

သပြေပန်းနှင့် လက်ကမ်းကြိုခြင်း ခံရမည်လော ... နောက်ကြောင်းပြန် အရေးယူခြင်း ခံရမည်လော

သပြေပန်းနှင့် လက်ကမ်းကြိုခြင်း ခံရမည်လော ... နောက်ကြောင်းပြန် အရေးယူခြင်း ခံရမည်လော

ကိုရဲရင့်နှင့် ဒီမိုကရေစီ အရေးတော်ပုံလှုပ်ရှားမှု

အချိန်ကာလ ယန္တရားကြီးက မရပ်မနား အလွန်လျင်မြန်သောနှုန်းဖြင့် ပြေးလွှားနေသည်။ သို့သော် သူကမည်မျှပင်မြန်နှုန်းမြှင့်ကာ ပြေးလွှားနေသော်လည်း သူရေးထိုးထားခဲ့သည့် သက္ကရာဇ်များပေါ်မှ အမှတ်အသားများကတော့ ပျက်ပြယ်သွားသည်ဟူ၍မရှိတတ်။ လူများက ရှာဖွေတွေ့ခြင်းမရှိသောကြောင့် မသိကြခြင်းနှင့် မေ့လျော့ခံထားရခြင်းများကြောင့်သာ တိမ်မြုပ်သွားခြင်းများ ရှိတတ်လေသည်။ ထိုအထဲမှ လူတို့မှတ်တမ်းတင် ရေးထိုးသောအရာများကို သမိုင်းဟုခေါ်ဝေါ်ကြသည် မဟုတ်ပါလား။
   
သမိုင်းစာမျက်နှာပေါ် ရောက်ရှိနေပြီဖြစ်သော မဝေးလှသည့် ဆယ်စုနှစ်သုံးခုအတွင်း ဖြစ်ပျက်ခဲ့သော အမှတ်အသားများထဲမှ ထီးထီးမားမား ထင်ရှားသည့် ဖြစ်စဉ်များရှိသကဲ့သို့ တိမ်မြုပ်မှေးမှိန်သွားခဲ့ရသည့် ဖြစ်စဉ်များလည်း ရေတွက်ရမည်မထင်ပါ။ နိုင်ငံရေးရေစီး ခရီးကြမ်းထဲက ကမ္ဘာတစ်ဝန်းကို ရိုက်ခတ်ခဲ့သော ဖြစ်စဉ်တစ်ခုရှိခဲ့ဖူး၏။ ယင်းအကြောင်းကို ကျွန်တော့်မိတ်ဆွေ ကိုမျိုးအေးက “လွန်ခဲ့တဲ့ ၂၈ နှစ်က မြန်မာပြည်အရေးကို ကမ္ဘာက လုံးဝအာရုံစိုက်ခြင်း မရှိသေးတဲ့အချိန်၊ မြန်မာပြည်ထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် ဆန္ဒထုတ်ဖော်ခဲ့ကြသူတွေနဲ့  ပြည့်နှက်နေတဲ့အချိန်၊ ဆက်သွယ်ရေးအတွက် လိုင်းကြိုးဖုန်းနဲ့တောင် ဆက်သွယ်လို့မရကြတဲ့၊ မရဲကြတဲ့အချိန်၊ ကမ္ဘာကြီးတစ်ခုလုံးက အလန့်တကြား ထကြည့်မိလိုက်စေအောင်။ နာကျင်ငိုရှိုက် အသက်ပေးဆပ် သွေးမြေကျ ပိတ်လှောင်ညှဉ်းပန်းညည်းတွား အော်ဟစ်သံတွေ ကြားသိစေအောင်၊ ဖြစ်ချင်ဆန္ဒတောင်းဆိုကြပြီး ပိတ်လှောင်ခံနေရတဲ့ မြန်မာပြည်ကြီး ဆင်းရဲဒုက္ခဘ၀ ကျိုးကြေပျက်နေတာတွေ မြင်တွေ့မိစေအောင်၊ ဆပ်ပြာဘူးတစ်ဘူးနဲ့ အယောင်ပြပြီး စွန့်စားခဲ့ရတဲ့၊ အန္တရာယ်ဆိုလို့ မြုမှုန်တစ်မျှတောင်မကျ ရောက်စေခဲ့တဲ့၊ စာနာထောက်ထား ချီးမွမ်းစကား ပူးပေါင်းပါဝင်မှုတွေနဲ့၊ တိုင်းပြည်အရေး၊ ပြည်သူ့အရေး မိမိကိုယ်ကိုပေးဆပ်ဖို့ ဆောင်ရွက်ခဲ့တဲ့သူ” ဟူ၍ အများသိအောင် ရေးထားလေသည်။ ထိုဖြစ်စဉ်ကား ထိုစဉ်က အလွန်အရေးပါသည့် ဟိုးလေးတကျော် သတင်းတစ်ပုဒ် ဖြစ်ခဲ့ဖူးသည်။ သမိုင်းပညာရှင်များ သတ်မှတ်ချက်အရ ဖြစ်ရပ်တစ်ခုသည် နှစ်အစိတ် ကျော်လွန်လာသောအခါ သမိုင်းဖြစ်စဉ်အဖြစ်သို့ ပြောင်းရွေ့သွားသည်ဟု ဆိုကြသောကြောင့် ယခုအခါ အသက် ၄၀ အောက်ရှိ လူလတ်ပိုင်းအများစုနှင့် လူငယ်လူရွယ်များက သိကောင်းမှသိကြပါတော့မည်။ ထို့ကြောင့် ယင်းသမိုင်းကို အနည်းငယ် ပြန်လှန်ပြောပြချင်သည်။
   
၁၉၈၉ ခုနှစ် အောက်တိုဘာ ၂၈ ရက်က ကိုရဲရင့်နှင့် ကိုရဲသီဟတို့သည် မြန်မာ့လေကြောင်းပိုင် လေယာဉ်အမှတ် ၂၈ (Fokker 28) ကိုပြန်ပေးဆွဲခဲ့ကြသည်။ ဤခရီးသည်လေယာဉ်သည် ကော့သောင်းမှ ရန်ကုန်မြို့သို့ ပျံသန်းသည့် လေယာဉ်ဖြစ်၏။ သူတို့နှစ်ဦးသည် ထိုလေယာဉ်ကို မြိတ်မြို့လေယာဉ်ကွင်းမှ စတင်ထွက်ခွာချိန်တွင် ပြန်ပေးဆွဲခဲ့ကြခြင်းဖြစ်၏။ သူတို့သည် လေယာဉ်မှူးကို ထိုင်းနိုင်ငံသို့ မောင်းနှင်စေခဲ့သည်။

လေယာဉ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးတွင်ရှိသော စစ်ဘက်ဆိုင်ရာ လေယာဉ်ကွင်းတစ်ခုဖြစ်သည့် U-Tapao လေယာဉ်ကွင်းတွင် ဆင်းသက်ခဲ့ရသည်။ ထိုင်းနိုင်ငံ U-Tapao လေယာဉ်ကွင်းတွင် ဆင်းသက်ပြီးသည်နှင့် တစ်ပြိုင်နက် သူတို့သည် လေယာဉ်ခရီးသည်များထဲမှ သက်ကြီးရွယ်အိုများနှင့် ကလေးစုစုပေါင်း အယောက် ၃၀ ကိုချက်ချင်းလွှတ်ပေးခဲ့သည်။ ကျန်ခရီးသည် အယောက် ၅၀ ကိုထိန်းသိမ်းထားကာ မြန်မာစစ်အစိုးရအား နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်တောင်းဆိုခဲ့၏။
   
ထိုင်းအစိုးရ၊ ထိုင်းပြည်သူများနှင့် နိုင်ငံတကာမှ ဤလေယာဉ် ပြန်ပေးဆွဲမှုသတင်းကို သိရှိသွားကြပြီးနောက် သူတို့ကခရီးသည်အားလုံးကို လွှတ်ပေးခဲ့လေ၏။ လေယာဉ်ဝန်ထမ်းများနှင့် ခရီးသည်များအား လုံးဝထိခိုက်နာကျင်စေခြင်း၊ ဘေးအန္တရာယ်ဖြစ်စေခြင်း အလျဉ်းမရှိခဲ့ပါ။ ကိုးနာရီကြာမြင့်သော လေယာဉ်ပြန်ပေးဆွဲမှုအပြီးတွင် သူတို့နှစ်ဦးသည် ထိုင်းအာဏာပိုင်များထံတွင် အဖမ်းခံခဲ့ကြရသည်။
   
ကိုရဲရင့်နှင့် ကိုရဲသီဟတို့မှာ အသက် ၂၁ နှစ်နှင့် ၂၅ နှစ်အရွယ်သာ ရှိသေးသူများဖြစ်ကြ၏။ သူတို့သည် ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ပါဝင်လှုပ်ရှားခဲ့ကြသော နယ်စပ်ဒေသရောက် ရှစ်ဆယ့်ရှစ်ကျောင်းသားများ ဖြစ်ကြသည်။ ယခုကဲ့သို့ ပြန်ပေးဆွဲရခြင်း ရည်ရွယ်ချက်မှာ စစ်အာဏာရှင်လက်အောက်မှ မြန်မာပြည်၏ အခြေအနေကို ကမ္ဘာကသိအောင်ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်၏။ ထိုင်းဥပဒေအရ လေယာဉ်ပြန်ပေးဆွဲမှုကို သေဒဏ်ချမှတ်ရန် ပြဋ္ဌာန်းထားသော်ငြားလည်း သူတို့၏လုပ်ရပ်မှာ ခရီးသည်တို့၏အသက်ကို အန္တရာယ်မပြုခြင်း၊ ငွေကြေးတောင်းဆိုခြင်းမပြုခြင်းနှင့် သူတို့၏အဓိကရည်ရွယ်ချက်မှာ ဖိနှိပ်ခံနေရသော သူတို့တိုင်းပြည်၏ အခြေအနေကို ကမ္ဘာကသိလာစေရန်အတွက်မျှသာ လုပ်ဆောင်ခြင်းဖြစ်ကြောင်းကို ထိုင်းအာဏာပိုင်များက ကောင်းစွာသဘောပေါက်သောကြောင့် ထိုင်းအစိုးရက သူတို့နှစ်ဦးအား ထောက်ဒဏ်ခြောက်နှစ်စီ အပြစ်ပေးခဲ့ဖြစ်၏။
   
ထိုင်းအကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် ၁၉၉၆ ခုနှစ်တွင် ပညာတော်သင်အစီအစဉ်နှင့် ကိုရဲရင့်သည် အမေရိကန်ပြည်ထောင်စုကို ရောက်လာခဲ့သည်။ သို့သော်သူသည် လေယာဉ်ပျံပြန်ပေးဆွဲခဲ့သူ တစ်ဦးဖြစ်နေခြင်းကြောင့် အမေရိကန်အစိုးရက သူ့အားနေထိုင်ခွင့်မပြုခဲ့ပါ။ ထို့ကြောင့်သူသည် ၂၀၀၃ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် ကနေဒါနိုင်ငံသို့ သွားရောက်ခဲ့၏။ ၂၀၀၃ ခုနှစ် ဒီဇင်ဘာတွင် ကနေဒါနိုင်ငံ၌ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားခဲ့၏။ ကနေဒါအစိုးရက သူ့ကိုတရားဝင်နေထိုင်ခွင့်မပေးဘဲ ကာလအတန်ကြာ နားလည်မှုဖြင့် နေထိုင်ခွင့်ပြုထားခဲ့ရာမှ ယခုကဲ့သို့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံခြင်းကို ပယ်ချခံလိုက်ရခြင်းဖြစ်၏။ ပယ်ချရသည့် အဓိကအကြောင်းရင်းမှာ လွန်ခဲ့သော ၂၈ နှစ်ကဖြစ်ပွားခဲ့သည့် လေယာဉ်ပြန်ပေးဆွဲမှုကြောင့်ဖြစ်၏။
   
ရှစ်လေးလုံး အရေးတော်ပုံနောက်ပိုင်း ဒီမိုကရေစီရေးအတွက် အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သူများသည် မိမိတို့စွန့်စားနိုင်သလောက် အဆုံးစွန်လုပ်ဆောင်ခဲ့ကြသည့် ဖြစ်စဉ်များစွာထဲမှ ဤလေယာဉ်ပြန်ပေးဆွဲမှုသည် ကြီးမားသော လုပ်ဆောင်ချက်တစ်ခုအဖြစ် ပါဝင်နေပေသည်။ သူတို့ကိုယ်တိုင်အတွက်လည်း လွန်စွာအန္တရာယ်ကြီးမားလှသည့် စွန့်စားခန်းကြီးတစ်ခုပါပေ။ ထိုဆောင်ရွက်မှုအဆုံးတွင် သူတို့သည် မိမိတို့၏လက်မှ သွေးလွှတ်ကြောကို ဘရိတ်ဓားဖြင့် လှီးဖြတ်ကာ မိမိကိုယ်ကိုယ်အဆုံးစီရင်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ သို့သော် ထိုင်းအာဏာပိုင်များနှင့် နှစ်ဖက်ညှိနှိုင်းမှုအရ ထိုသို့မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်း မပြုခဲ့ကြခြင်းသာဖြစ်၏။
   
ယခုအခါ ကာလကား ကိုရဲရင့်နှင့်တကွ တိုက်ပွဲဝင်သူများ တောင်းဆိုခဲ့သော ဒီမိုကရေစီသည် မြန်မာနိုင်ငံတွင် စတင်ကာသက်ဝင် လှုပ်ရှားနေလေပြီ။ ဤနေရာတွင် လေယာဉ်ပြန်ပေးဆွဲစဉ်က သူတို့တောင်းဆိုခဲ့သော အချက်ခုနစ်ချက်ကို ဖော်ပြလိုပါသည်။ ယင်းတို့မှာ (၁) ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်။ (၂) နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်။ (၃) စစ်ဘက်ဆိုင်ရာ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ကို ပြန်လည်ရုပ်သိမ်းပေးရန်။ (၄) စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး စစ်တန်းလျားပြန်ရန်။ (၅) မြန်မာနိုင်ငံတွင် နိုင်ငံတော် ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းမှုများကို တည်ဆောက်ရာ၌ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အကောင်အထည်ဖော်မှုများကို ခွင့်ပြုရန်။ နိုင်ငံတော်၏ ဆယ်စုနှစ်များတိုင် ရှည်ကြာခဲ့သည့် တိုင်းရင်းသား ပြည်တွင်းစစ်များကို ဟန့်တားရပ်စဲရန်နှင့် တစ်နိုင်ငံလုံးအတွက် ရေရှည်ခံသော ငြိမ်းချမ်းရေးရရှိစေရန်။ (၆) SLORC နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူ အုပ်စုများအကြား နိုင်ငံရေးအရ ကျေအေးမှုကို ကမ္ဘာ့ကုလသမဂ္ဂမှ စောင့်ကြည့်ကြီးကြပ်ခွင့်ပြုရန်။ (၇) လူထုအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်ပြုရေး အာမခံကတိပြုရန်။ ဟူ၍ဖြစ်သည်။
   
ကိုရဲရင့်သည် လွန်ခဲ့သည့် ၂၈ နှစ်က သူကျူးလွန်ခဲ့သည့် ပြစ်မှုအတွက် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးဖြစ်သော်လည်း ကနေဒါအစိုးရက လေယာဉ်ပြန်ပေးဆွဲမှုကြောင့် နိုင်ငံရေးခိုလှုံခွင့်မပေးနိုင်ဟု အကြောင်းပြကာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်တော့မည်ဖြစ်၏။ ထိုသို့ပြန်ပို့ရန် ပြင်ဆင်ချိန် သီတင်းလေးပတ်မှသည် ခြောက်ပတ်အတွင်းဟု အချိန်ပေးထားသည်။
   
ထိုသို့ပြန်ပို့ခံရလျှင် မြန်မာအစိုးရက မည်သို့မည်ပုံ ဆောင်ရွက်မည်ကို မည်သူမျှမသိနိုင်ပါ။ ကိုရဲရင့်၏ သူငယ်ချင်းများဖြစ်ကြသော တောခိုကျောင်းသားများကမူ အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိကြ၏။ ကနေဒါအစိုးရက မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားနေပြီဖြစ်သောကြောင့် စိုးရိမ်ဖွယ်ရာမရှိဟု အကြောင်းပြကြောင်း သိရသည်။
   
ဤကိုရဲရင့်ကို ပြန်ပို့ခံရခြင်း၏ နောက်ဆက်တွဲသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို စမ်းသပ်မည့် ဒီမိုကရေစီ စာမေးပွဲတစ်ခုပင် ဖြစ်လေမည်လားဟု တွေးထင်မိသည်။
   
ဤကိစ္စနှင့်ပတ်သက်၍ ထိုင်းမြန်မာ မဟာမိတ်ဖောင်ဒေးရှင်းမှ လက်ထောက်ဒါရိုက်တာ ဦးမြင့်ဝေက “မးချင်တာက ရဲရင့်ဟာ ဒီမိုကရေစီအတွက် အကြမ်းမဖက်တဲ့ လေယာဉ်အနုကြမ်းစီးမှုကို ကျူးလွန်တယ်။ ကိုးနာရီအတွင်း အဖမ်းခံတယ်။ ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ခြောက်နှစ် ကျခံခဲ့တယ်။ သူ့အပြစ်အတွက် ဒါဟာဆေးကြော တာဝန်ခံပြီးပြီ။ နောက်ပြီးတော့ ရဲရင့်ဟာ အမေရိကကို ပညာတော်သင်အနေနဲ့ သွားရောက်ခဲ့တာဖြစ်တယ်။ ပုန်းလျှိုးကွယ်လျှိုး ခိုးဝှက်သွားတာ မဟုတ်ဘူး။ အမေရိကန်တွေက မသိဘဲလက်ခံတာလား မေးရမှာက။ နောက် World Trade Center ဖောက်ခွဲခံရတော့မှ ရဲရင့်ကို အကြမ်းဖက်သမားမို့လို့ လက်မခံဘူးဆိုတော့ အမေရိကန်က ရဲရင့်နဲ့ ဘင်လာဒင်တို့အဖွဲ့နဲ့ တစ်တန်းတည်း ထားလိုက်တာလား။ နောက်ကနေဒါအနေနဲ့ အမေရိကန်မှာဖြစ်ခဲ့တာကို သိနေပြီး လူဆိုးကြီးပေါ့လေ။ လက်မခံဘဲ ပြန်ပို့မယ်ဆိုတော့ အနောက်နိုင်ငံတွေရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ သဘောထားတွေကို ကျွန်တော်တို့နားမလည်တော့ဘူး။ ရဲရင့်က အမေရိကန်ကနေ ကနေဒါကိုရောက်တော့ တရားဝင်နေထိုင်ခွင့်ကို လျှောက်တယ်လို့သိရတယ်။ သူကပွင့်ပွင့်လင်းလင်းနဲ့ တောင်းဆိုတာပဲ။ ဘာကြောင့် လက်မခံရတာလဲ။ ဒါဆိုသူထွက်မလာခင် ထောင်ကျခံပြီး အပြစ်ဒဏ်ခံယူခဲ့တဲ့ ထိုင်းမှာနေလို့ရတာပဲ။ ထိုင်းပြန်ပို့ပေါ့။ ထိုင်းပို့ရမှာကျတော့ မစဉ်းစားဘဲနဲ့ သူဆန့်ကျင် တော်လှန်ခဲ့တဲ့ မိခင်နိုင်ငံကို ပို့မယ်ဆိုတာက လူတစ်ယောက်ကို ဘာဖြစ်မယ်မှန်းမသိတဲ့ အခြေအနေထဲကို အတင်းမောင်းချတာဖြစ်တယ်။ အဲဒီတစ်ယောက်ဟာ စိုးရိမ်ကြောင့်ကြစွာနဲ့ မပို့ခင်အချိန်နဲ့ ပို့ပြီးမြန်မာပြည် ရောက်သွားချိန်မှာ ခံစားရမှာပဲ။ ဒါဟာလူတစ်ယောက်ကို လူသားစိတ်မရှိစွာ အညှာအတာကင်းမဲ့စွာနဲ့  ဖိအားပေးချုပ်နှောင်မှုပါပဲ။ ဒီကိစ္စမှာ အမေရိကရော ကနေဒါပါ သူတို့ပြောနေတဲ့လူ့အခွင့်အရေးကို မျက်ကွယ်ပြုမှုတစ်ခုပဲ မဟုတ်ဘူးလား။ ပြီးတော့ ကျွန်တော်တို့ပြည်တွင်းက ဒီမိုအင်အားစုတွေရဲ့ တိတ်ဆိတ်နေခြင်းကလည်း ပုံမှန်မဟုတ်ဘူး။ သဘာဝမကျဘူးလို့မြင်ပါတယ်။ တိုင်းပြည်ခေါင်းဆောင် တာဝန်ရှိသူတစ်ဦးဦးက ထွက်ပြီးလက်ခံတယ်။ လက်မခံဘူးဆိုတာကို ပြောသင့်တယ်။ အာမခံသင့်တယ်လို့ မြင်တယ်။ ခုတော့စစ်တပ်က အာမခံခြင်းကို မပြောပါနဲ့ဦး။ အရပ်သားနိုင်ငံရေး အင်အားစုကတောင် ဘာမှမဟတော့ စစ်တပ်နဲ့ သဘောထားတစ်ခုတည်းလို့ မြင်ရမလို ဖြစ်နေရပြီ” ဟုထောက်ပြဝေဖန်ခဲ့ပါတယ်။
   
ကိုရဲရင့် ယခုရင်ဆိုင်နေရသော အခြေအနေဆိုးကို ကျော်လွှားသွားစေရန်အလို့ငှာ နိုင်ငံတကာ၌ ရောက်ရှိနေကြသော (ယခင်နယ်စပ်ဒေသရောက် ၈၈ ကျောင်းသားများ) ကစိုးရိမ်ပူပန်စိတ်ဖြင့် သူ့ကိုမြန်မာပြည် ပြန်မပို့ရေးနှင့် ကနေဒါနိုင်ငံတွင် တရားဝင်နေထိုင်ခွင့်ရရှိရေးအတွက် ၀ိုင်းဝန်းကြိုးစား ဆောင်ရွက်လျက်ရှိကြသည်။
   
ရှစ်လေးလုံး အရေးတော်ပုံ တပ်သားများစွာထဲက တစ်ဦးဖြစ်သော ကိုရဲရင့်၏ ပြည်တော်ပြန်ပို့ခံရခြင်းကား သပြေပန်းနှင့် လက်ကမ်းကြိုခြင်းခံရမည်လော နောက်ကြောင်းပြန် အရေးယူခြင်းခံရမည်လော ဆိုသည်က များစွာစိတ်ဝင်စားစရာကောင်းသည့် ပုစ္ဆာတစ်ပုဒ်ပင် ဖြစ်ပါသည်။ ကိုရဲရင့်၏ သူငယ်ချင်းဖြစ်သူ ကိုမျိုးအေး၏စကားဖြင့် ဤစာကို အဆုံးသတ်လိုက်ပါရစေ။
   
“ဒါလား အကြမ်းဖက်သမား။ ဒီအချိန်မှာ သူ့ဘ၀အတွက် စတေးနေရပြီ။ ၁၉၈၉ ခုနှစ် အောက်တိုဘာ ၆ ရက်က လေယာဉ်ပြန်ပေးဆွဲလို့တဲ့။ သူအကြမ်းဖက်လား၊ မဖက်လား မေးကြည့်ပါရစေ။ အခိုင်အမာ ပြောရဲတယ်။ ယနေ့ကမ္ဘာကြီးက သတ်မှတ်ထားတဲ့ အကြမ်းဖက်သမား သူမဟုတ်ဘူး။ သူကျွန်တော့်အတွက် သူရဲကောင်း။ ကျွန်တော်တို့အားလုံးအတွက် သူရဲကောင်း။ ရဲရဲရင့်ရင့်နဲ့ မြန်မာပြည်သူပြည်သားတွေအတွက် ဘ၀ကိုရင်းပြီး ဆောင်ရွက်ပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ သူရဲကောင်း။ ကဲ ... သင်ရော သူ့အတွက် ဘာပြောချင်ပါသလဲ။ ဒီအချိန်မှာ သူဟာသူ့ဘ၀အတွက် စတေးနေရပြီ”

ဌေးဝင်း

Eleven Media Group

No comments:

Post a Comment