Latest News

Tuesday, June 6, 2017

ဒီမိုကရေစီကူးပြောင်းဖို့ကူညီပေးမယ်ဆိုတဲ့ ထိုင်ဝမ်သမ္မတရဲ့ ကမ်းလှမ်းမှုကို တရုတ် ချေပ

ဒီမိုကရေစီကူးပြောင်းဖို့ကူညီပေးမယ်ဆိုတဲ့ ထိုင်ဝမ်သမ္မတရဲ့
ကမ်းလှမ်းမှုကို တရုတ် ချေပ

ဇွန် ၆ - တရုတ်နိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုကူညီပေးမယ်ဆိုတဲ့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ရဲ့ကမ်းလှမ်းချက်ကို တရုတ်အစိုးရက တနင်္လာနေ့က တုံ့ပြန်ချေပလိုက်ပါတယ်။
ဆိုင်အင်းဝမ်ရဲ့ ပါတီက ရှေ့တန်းတင်ဆောင်ရွက်နေတဲ့ စံတန်ဖိုးတွေနဲ့အယူအဆတွေဟာ ထိုင်ဝမ်ကျွန်း ကို ကသောင်းကနင်း ဖြစ်စေခဲ့တယ်လို့ ဘေဂျင်းအစိုးရကဆိုပါတယ်။

တရုတ်ရဲ့ ထိုင်ဝမ်ရေးရာရုံးက တရုတ်ပြည်မကြီးမှာသာလျှင် ပြည်မကြီးရေးရာနဲ့ပတ်သက်ပြီး ပြောကြား ပိုင်ခွင့်ရှိတယ်။ ဆိုင်အနေနဲ့ ထိုင်ဝမ်မှာဖြစ်နေတဲ့ သဘောထားကွဲလွဲမှုတွေကို အလေးအနက် စဉ်းစား ခြင်းဖြင့် ကိုယ်ရဲ့အချိန်တွေကို ကောင်းမွန်စွာအသုံးချသင့်တယ်၊ ဘေဂျင်းနဲ့ထိုင်ဝမ်တို့ကြားက ဆက်ဆံရေးမပြေမလည်ဖြစ်နေရတဲ့ နောက်ကွယ်ကအကြောင်းအရင်းတွေကို စဉ်းစားသုံးသပ်ရာမှာ အချိန်တွေကို အကျိုးရှိရှိအသုံးချသင့်တယ်လို့ပြောကြားခဲ့ပါတယ်။

ဆိုင်နဲ့သူ့ရဲ့အာဏာရ Democratic Progressive ပါတီဟာ ထိုင်ဝမ်လွတ်လပ်ရေးကို အစဉ်အဆက် ကြိုးပမ်းလာခဲ့တာဖြစ်တာကြောင့် ဘေဂျင်းအစိုးရက သူတို့ကိုအယုံအကြည်မရှိပါဘူး။ ထိုင်ဝမ်ဟာ ဘယ်တော့မှခွဲထွက်လို့မရတဲ့ တရုတ်ရဲ့ နယ်မြေအစိတ်အပိုင်းတစ်ခုဖြစ်ပြီး လိုအပ်လာပါက အင်အားသုံး ပြီး ပြန်သိမ်းယူသွားမယ်လို့ တရုတ်ကပြောထားပါတယ်။

ဘေဂျင်းရှိ တီအန်နန်မင်ရင်ပြင်မှာဆင်နွှဲခဲ့တဲ့ ကျောင်းသားတွေခေါင်းဆောင်တဲ့ ဒီမိုကရေစီအရေး ဆန္ဒပြ ပွဲတွေကို အကြမ်းဖက်နှိမ်နှင်းခဲ့တဲ့ ၂၈ နှစ် မြောက်နှစ်ပတ်လည်နေ့ဖြစ်တဲ့ တနင်္ဂနွေနေ့က မိန့်ခွန်း ပြောကြားစဉ်အတွင်း ဆိုင်က ထိုင်ဝမ်နဲ့တရုတ်နိုင်ငံတို့ကြားက အကြီးမားဆုံးသော ကွဲလွဲချက်ကတော့ ဒီမိုကရေစီစနစ်နဲ့လွတ်လပ်ခွင့်ရရှိမှုတွေပဲ ဖြစ်တယ်လို့ တရုတ်အစိုးရနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်း အစိုးရတို့ ကြားကဆက်ဆံရေး ကတောက်ကဆ ဖြစ်နေချိန်မှာ ဘေဂျင်းအစိုးရကို မခံချိမခံသာဖြစ်အောင် ပြောကြားခဲ့ပါတယ်။

အမျိုးသားရေးဝါဒီသမားများက နှစ်ပေါင်း ၄၀ နီးပါးကြာအောင် ထိုင်ဝမ်ကျွန်းပေါ်မှာ စစ်အုပ်ချုပ်ရေးအမိန့် ချမှတ်ပြီးနောက် ၁၉၈၀ နှစ်များနှောင်းပိုင်းမှာ ထိုင်ဝမ်ကျွန်းဟာ ကိုယ်အားကိုယ်ကိုးပြီး ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းကာ ၁၉၉၆ ခုနှစ်ကစပြီး သမ္မတကိုတိုက်ရိုက်ရွေးချယ်တင်မြှောက်တဲ့ ရွေးကောက်ပွဲတွေ ကို ကျင်းပနိုင်ခဲ့ပါတယ်။

မအေးသီမွန်(Kumudra)

No comments:

Post a Comment