Latest News

Tuesday, June 27, 2017

အဆိုများကို သေချာလေ့လာပြီးမှ ထိထိမိမိဆွေးနွေးရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ သတိပေး

အဆိုများကို သေချာလေ့လာပြီးမှ ထိထိမိမိဆွေးနွေးရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ သတိပေး

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အဆိုတွေ ဆွေးနွေးမယ်ဆိုရင် သေချာလေ့လာပြီးမှ ထိထိမိမိဆွေးနွေးကြဖို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက သတိပေးပြောကြားလိုက်ပါတယ်။

ဇွန်လ ၂၇ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သောက်သုံးတာကို ထိန်းချုပ်ဖို့ ဥပဒေပြဋ္ဌာန်းပြီးပေမယ့် ပြည်သူတွေ လိုက်နာကျင့်သုံးမှုနဲ့ အာဏာပိုင်တွေဘက်က ကြီးကြပ်အရေးယူတာ မရှိသလောက် နည်းနေတဲ့အတွက် အစိုးရက ကိုင်တွယ်ဖြေရှင်းပေးဖို့ တိုက်တွန်းကြောင်းအဆိုနဲ့ တင်သွင်းခဲ့တာနဲ့ပတ်သက်ပြီး ပြောတာပါ။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက “နောက်ဆိုလို့ရှိရင် အဆိုတခု တင်လာလို့ရှိရင် ဒီအဆိုပေါ်မှာ အဆိုရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ အဓိကထားပြီးတော့ ထိထိမိမိ ဆွေးနွေးစေချင်ပါတယ်” လို့ ဆိုပါတယ်။

အဆိုမှာ ပြည်သူတွေ လိုက်နာမှု အားနည်းတာနဲ့ အာဏာပိုင်တွေဘက်က အရေးယူမှု မရှိတာကြောင့် တိုက်တွန်းတဲ့အဆို ဖြစ်ပေမယ့် လွှတ်တော်အမတ်တွေက ဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့် ဘယ်လိုရောဂါတွေ ရနေတယ်၊ ဥပဒေအားနည်းနေတာတွေကို ဆွေးနွေးနေတာကြောင့် အခုလို ပြောတာပါ။

“အဓိကကတော့ ဆေးရွက်ကြီးကြောင့် ဒီလိုရောဂါတွေရလို့ ဒီလိုဥပဒေတွေ ပြဋ္ဌာန်းထားတာ။ ဆေးရွက်ကြီးကြောင့် ဘယ်လိုရောဂါတွေ ရတယ်ဆိုတာကတော့ ပြောတော့ ပြောသင့်တာပေါ့။ အဓိကကတော့ ဥပဒေမလိုက်နာတာကို လိုက်နာအောင် အာဏာပိုင်ဘက်ကလည်း ဒါကို ထိထိရောက်ရောက် အရေးယူမယ်။ ဒါကို အဓိကထား ဆွေးနွေးစေချင်ပါတယ်။ ပြောရလို့ရှိရင်တော့ တချို့ဆိုလည်း ပါဝါပွိုင့်နဲ့ပြတယ်။ ဆေးရွက်ကြီးကြောင့် ဘယ်လိုရောဂါတွေ ရတယ်ဆိုပြီး ဖြစ်တဲ့ရောဂါကို အဓိကထား ဆွေးနွေးသလိုဖြစ်တော့ ဒီအဆိုနဲ့ သိပ်မဆိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ တချို့ဆိုလည်း ဥပဒေက အားနည်းနေလို့ဆိုတဲ့ သဘောမျိုး၊ အဲ့ဒါကြောင့်မို့ ဆွေးနွေးမယ်ဆိုရင် အဆိုကို သေချာလေ့လာပါ။ လေ့လာပြီးတော့ အဆိုကို ထိထိမိမိ ဆွေးနွေးစေချင်ပါတယ်” လို့ မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ဒီအဆိုနဲ့ပတ်သက်ပြီး  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မှတ်တမ်းတင်သင့်တယ်လို့ ပြောပေမယ့် မဲခွဲဆုံးဖြတ်ရာမှာ  ထောက်ခံမဲများတဲ့အတွက် အဆိုကို အတည်ပြုခဲ့ပါတယ်။

DVB

No comments:

Post a Comment