Latest News

Wednesday, June 14, 2017

စင်္ကာပူမှာ ကွန်ဒိုပေါ်က ခုန်ချသေဆုံးခဲ့တဲ့မဇင်မာဦးရဲ့ မိသားစုနဲ့အဆက်အသွယ်ရပြီ

စင်္ကာပူမှာ ကွန်ဒိုပေါ်က ခုန်ချသေဆုံးခဲ့တဲ့မဇင်မာဦးရဲ့ မိသားစုနဲ့အဆက်အသွယ်ရပြီ

စင်္ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ညက အထပ် ၁၉ ထပ်မြင့်တဲ့ ကွန်ဒိုပေါ်ကနေ ခုန်ချသေဆုံးခဲ့တဲ့ မြန်မာအိမ်အကူမိန်းကလေး မဇင်မာဦးရဲ့ မိသားစုနဲ့ အဆက်အသွယ်ရထားပြီလို့ စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပြောပါတယ်။

မဇင်မာဦးရဲ့ မိသားစုတွေဟာ ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ်ကဖြစ်ပြီး သင်္ဂြိုဟ်ဖို့အတွက် မိသားစုကို စောင့်ဆိုင်းနေတယ်လို့ မြန်မာသံရုံးက ပထမ အတွင်းဝန် ဒေါ်စန်းစန္ဒာဝင်းက ပြောပါတယ်။

ဘာ့ကြောင့် အခုလို ခုန်ချသေဆုံးခဲ့သလဲဆိုတဲ့ အကြောင်းရင်းကို မသိရသေးပေမယ့် စင်္ကာပူ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်တွေအရ သေဆုံးသူ မဇင်မာဦးဟာ မိခင်ကိုသတိရနေပြီး စိတ်ကျရောဂါပုံစံမျိုး တွေ့ရကြောင်းနဲ့၊ မဇင်မာဦးရဲ့ ဖခင်ဖြစ်သူ ပြောကြားချက်အရ မိခင်သေဆုံးသွားတာ ကြာပြီလို့လည်း ဒေါ်စန်းစန္ဒာဝင်းက ပြောပါတယ်။

အသက် ၂၅ နှစ် ရှိပြီဖြစ်တဲ့ မဇင်မာဦးဟာ စင်္ကာပူနိုင်ငံမှာ အိမ်အကူအလုပ် လုပ်ကိုင်နေတာ ၈ လ ကျော်ပြီလို့ သိရပါတယ်။

ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲလောက်မှာ အိမ်ရှင်က အဝတ် ထွက်လှန်းခိုင်းရာကနေ ဝရန်တာအပြင်ဘက် အစွန်းပေါ်ထွက်ပြီး ခုန်ချဖို့ကြိုးစားခဲ့ရာမှာ ရဲတပ်ဖွဲ့တွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မဇင်မာဦးရဲ့သူငယ်ချင်းဖြစ်သူတို့က ကြိုးစားတားမြစ်ခဲ့ပေမယ့် ည ၇ နာရီလောက်မှာ ခုန်ချသွားခဲ့တာလို့လည်း ဒေါ်စန်းစန္ဒာဝင်းက ပြောပါတယ်။

ခုန်ချဖို့ စတင်ကြိုးစားချိန်နဲ့ ခုန်ချသေဆုံးသွားချိန်ကြားမှာ မိနစ် ၉ဝ ကြာမြင့်ခဲ့ပြီး အောက်မှာ ကယ်ဆယ်ရေးတွေက ရေမြုပ်တွေခင်းပြီးစောင့်ဆိုင်းခဲ့ပေမယ့် စတုရန်းတွေ ထပ်ထားတဲ့ပုံစံ တည်ဆောက်ထားတဲ့ ကွန်ဒိုဒီဇိုင်းကြောင့် ကွန်ဒိုပထမထပ်ပေါ်ကို ကျပြီး သေဆုံးခဲ့တာလို့ သိရပါတယ်။

RFA

No comments:

Post a Comment