Latest News

Friday, June 2, 2017

ရုရှားသမ္မတနှင့်အိန္ဒိယဝန်ကြီးချုပ်တွေ့ဆုံ၊ နှစ်နိုင်ငံကုန်သွယ်ရေးတိုးမြှင့်ရန်ဆွေးနွေး

ရုရှားသမ္မတနှင့်အိန္ဒိယဝန်ကြီးချုပ်တွေ့ဆုံ၊ နှစ်နိုင်ငံကုန်သွယ်ရေးတိုးမြှင့်ရန်ဆွေးနွေး

စိန့်ပီတာစဘတ်၊ ဇွန် ၁။   ။ရုရှားသမ္မတဗလာဒီမာပူတင်သည် အိန္ဒိယဝန်ကြီးချုပ် နရန္ဒရာမိုဒီကို ဇွန် ၁ ရက်တွင် စိန့်ပီတာစဘတ်မြို့၌ လက်ခံ တွေ့ဆုံသည်။ နှစ်နိုင်ငံကုန်သွယ်ရေးပမာဏ တိုးမြင့်လာစေရေးအပါအဝင် စီးပွားရေးကိစ္စများအဓိကထားဆွေးနွေးခဲ့ ကြောင်းသိရသည်။

ရုရှားနှင့်အိန္ဒိယတို့သည် စစ်အေးခေတ်ကာလအတွင်းနှစ်ပေါင်း ၇၀ ခန့်မဟာမိတ်များဖြစ်ခဲ့ကြသည်။ ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုသည် အိန္ဒိယ၏အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့ပြီး နိုင်ငံခြားရေးမဟာမိတ်နှင့် အဓိကလက်နက် ထောက်ပံ့သူဖြစ်ခဲ့သည်။ သို့သော်ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက်တွင် အိန္ဒိယ-ရုရှားဆက်ဆံရေးဆုတ်ယုတ်ခဲ့သည်။ အိန္ဒိယသည် စီးပွားရေးပြုပြင်ပြောင်းလဲပြီး အနောက်နိုင်ငံများနှင့်ပိုမိုအဆက်ဆံပြုလာသဖြင့် ရုရှားနှင့်အလှမ်းဝေး လာခဲ့ရသည်။ အိန္ဒိယ၏ဒေသတွင်းပြိုင်ဘက်များဖြစ်သော ပါကစ္စတန်၊ တရုတ်တို့နှင့်ရုရှားနီးစပ်ခဲ့ခြင်းကလည်း နှစ်နိုင်ငံဆက်ဆံရေးကိုထိခိုက်စေခဲ့သည်။ ဝန်ကြီးချုပ်မိုဒီသည် ဥရောပလေးနိုင်ငံခရီးစဉ်အဖြစ် စပိန်နှင့်ဂျာမနီသို့သွားရောက်ခဲ့ပြီး ရုရှားသို့ရောက်ရှိလာခြင်းဖြစ်သည်။ ဆက်လက်၍ ပြင်သစ်သို့သွားရန်စီစဉ်ထားသည်။ ရုရှား-အိန္ဒိယကုန်သွယ်ရေးသည် ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ရှစ်ဘီလီယံ အောက်သာရှိခဲ့သည်။ သို့သော် ၂၀၃၀ ပြည့်နှစ်မတိုင်မီ ဒေါ်လာဘီလီယံ ၃၀ အထိရောက်ရှိရေး ရည်မှန်းထားကြသည်။ အိန္ဒိ ယတောင်ပိုင်းရှိ နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံသို့ ဓာတ်ပေါင်းဖိုများထပ်မံထောက်ပံ့ပေးရေး နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးဆွေးနွေးခဲ့သည်ဟုလည်း သိရသည်။ ဝန်ကြီးချုပ်မိုဒီရောက်ရှိစဉ်တွင် ရုရှား၌နှစ်ပတ်လည်စီးပွားရေးညီလာခံကျင်းပနေသည်။ ထိုညီလာခံသို့ ဝန်ကြီးချုပ်မိုဒီ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂူတာရက်စ်၊ သြစတြေးလျဝန်ကြီးချုပ်ခရစ်ယာန်ကန်းတို့အပြင် အမေရိကန်ကုမ္ပဏီ ၁၄၄ ခုမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။
Ref:AFP
Democracy Today

No comments:

Post a Comment