Latest News

Friday, June 2, 2017

မြောက်ကိုရီးယား တင်းမာမှုများ မြင့်တက်နေစဉ် ပင်တဂွန်အကြီးအကဲက စင်ကာပူသို့ သွားရောက်

မြောက်ကိုရီးယား တင်းမာမှုများ မြင့်တက်နေစဉ် ပင်တဂွန်အကြီးအကဲက စင်ကာပူသို့ သွားရောက်

အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့် လက်ထက်တွင် အမေရိက၏ ဒေသဆိုင်ရာ လုံခြုံရေးရည်မှန်းချက်များအား အမေရိကန်၏ ကာလရှည်ကြာ မဟာမိတ်များက ရှင်းရှင်းလင်းလင်း သိရှိလိုနေသည့် အဓိကကာကွယ်ရေးထိပ်သီး မကျင်းပမီ ပင်တဂွန်အကြီးအကဲ ဂျိမ်းမာတစ်သည် ဇွန် ၂ ရက်တွင် စင်ကာပူသို့ သွားရောက်ခဲ့ကြောင်း သိရသည်။ အမေရိကန်၏ ကတိပြုမှုများအတွက် မဟာမိတ်များကို အာမခံချက် ပြန်လည်ပေးနိုင်ရန် ထိပ်တန်းတာဝန်ရှိသူများက ကြိုးပမ်းနေရချိန်တွင် မာတစ်က အာရှဒေသသို့ ဒုတိယအကြိမ်မြောက် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ မဲဆွယ်စဉ်အတွင်း ထရန့်က ကာလရှည်ကြာ လုံခြုံရေးမဟာမိတ် ဆက်ဆံရေးများ၊ ဂျပန်နှင့် တောင်ကိုရီးယားနှင့် ရယူထားသော အပြန်အလှန် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်များအား မေးခွန်းထုတ်ခဲ့သဖြင့် စိုးရိမ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်စေခဲ့သည်။ သို့သော် သမ္မတဖြစ်လာပြီးနောက်ပိုင်း ထရန့်၏ သဘောထားများသည် ပြောင်းလဲသွားခဲ့ပြီး မာတစ်က ဒေသတွင်း၌ အမေရိကန်၏ ထောက်ခံမှုများကို မီးမောင်းထိုးပြသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မာတစ်သည် ဇွန် ၃ ရက် တွင် ကျင်းပမည့် ရှန်ဂရီလာထိပ်သီး၌ မူဝါဒဆိုင်ရာ မိန့်ခွန်းပြောမည် ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း ယင်းထိပ်သီး၌ တောင်တရုတ်ပင်လယ်တွင် ကျွန်းတုများ အလျင်အမြန် တည်ဆောက်ခဲ့သော တရုတ်၏ လုပ်ရပ်များအပေါ် စိုးရိမ်မှုများက လွှမ်းမိုးခဲ့သည်။ ယင်းကိစ္စသည် ဗဟိုချက်အဖြစ် ရှိနေဆဲဖြစ်သော်လည်း ယခုနှစ် ထိပ်သီးတွင်မူ မြောက်ကိုရီးယားအရေးကလည်း လွှမ်းမိုးနေမည် ဖြစ်သည်။

တရုတ်၏ သြဇာလွှမ်းမိုးမှု မြင့်တက်လာခြင်းနှင့် အထူးသဖြင့် ရေကြောင်းပိုင်နက်များအတွက် ရဲရဲတင်းတင်း ပြုမူလုပ်ဆောင်မှုများအပေါ် စိုးရိမ်မှုများ ရှိနေကြောင်း အာရှ နှင့် ပစိဖိတ် လုံခြုံရေးဆိုင်ရာ ပင်တဂွန်၏ ထိပ်တန်းအကြံပေး ဒေးဗစ်ဟယ်ဗေးက ပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန်အစိုးရသစ် လက်ထက်တွင် အာရှ-ပစိဖိတ်ဒေသ၌ မည်သို့ ရပ်တည်မည်ကို မေးခွန်းများလည်း ထွက်ပေါ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်အရေးတွင် အမေရိကန်က တရုတ်အား ဖိအားပေးနိုင်ကြောင်း မဟာမိတ်များကို အာမခံချက် ပြန်ပေးနိုင်ရန် မာတစ်သည် စိန်ခေါ်မှု ကြုံနေရပြီး တစ်ချိန်တည်းတွင် အမေရိကန် ကိုယ်ကျိုးစီးပွားအတွက် မြောက်ကိုရီးယားအား ထိန်းချုပ်ရန် တရုတ်ကို လက်ခံလာအောင် လုပ်ရန်အတွက်လည်း ကြိုးပမ်းရမည် ဖြစ်သည်။

အမေရိကန်၏ ပဲ့ထိန်းဒုံးတပ်ဖျက် သင်္ဘော USS Dewey သည် တောင်တရုတ်ပင်လယ်ရှိ တရုတ်က ပိုင်ဆိုင်သည်ဟု အခိုင်အမာဆိုထားသည့် စပရက်တလီကျွန်းစု၏ Mischief ကျောက်တန်းမှ ရေမိုင် ၁၂ မိုင် အတွင်း မေ ၂၅ ရက်က ဖြတ်သန်းခဲ့ရာ ပြီးခဲ့သော အောက်တိုဘာနောက်ပိုင်း ယင်းကဲ့သို့ ပထမဆုံးအကြိမ် ဖြတ်သန်းမှုဖြစ်ခဲ့ပြီး အမေရိကန်သည် မြောက်ကိုရီးယားအရေးနှင့် ပတ်သက်၍ အလျှော့ပေးမှုရရှိရန် တရုတ်အပေါ် အလွယ်တကူ လွှမ်းမိုးနိုင်ကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သည်။ အမေရိကန် စစ်ဘက်သည် ပြီးခဲ့သော သီတင်းပတ်ကလည်း တိုက်ချင်းပစ် ပဲ့ထိန်းဒုံးပုံစံတူအား မြေပြင်အခြေစိုက် ပဲ့ထိန်းဒုံးဖျက် ဒုံးဖြင့် ဝေဟင်တွင် ကြားဖြတ်ပစ်ချမှုအား ပထမဆုံးအကြိမ် စမ်းသပ်ခဲ့ရာ အောင်မြင်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment