Latest News

Wednesday, June 7, 2017

တနိုင်းသို့ပြောင်းရွှေ့လာသူ စစ်ဘေးရှောင် တစ်ထောင်ကျော်ရှိနေ



ဇွန် ၇

တနိုင်းတွင် နယ်မြေရှင်းလင်းရေး ပြုလုပ်မည်ဟု အကြောင်းကြားစာ ပို့ထားပြီး ဒုတိယမြောက်နေ့တွင် ဒေသခံ ၁၁၀၀ ခန့် ပြောင်းရွှေ့လာခဲ့ပြီဖြစ်ကြောင်း သိရသည်။

တနိုင်းမြို့နယ်အတွင်း၌ တရားမဝင် ပယင်းမှော်၊ ရွှေမှော် လုပ်ကိုင်နေခြင်းများ ရှိနေသည့်အတွက် နယ်မြေရှင်းလင်းရေး ပြုလုပ်မည်ဖြစ်သောကြောင့် ယခုလ ၁၅ ရက် နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးရန် တပ်မတော်က အကြောင်းကြားစာများကို ရဟတ်ယာဉ်ဖြင့် ကျဲထားသည့်အတွက် ဒေသခံများက အထက်ပါအတိုင်း ပြောင်းရွှေ့ကုန်ကျခြင်း ဖြစ်သည်။


နယ်မြေရှင်းလင်းရေး ပြုလုပ်မည်ဖြစ်သည့်အတွက် တနိုင်းမြို့နယ်တွင်ရှိသော ဒေသခံများအနက် အချို့မှာ ၎င်းတို့ နေရပ်သို့ ပြန်သွားကြသော်လည်း ပြောင်းရွှေ့ရန် အခက်အခဲဖြစ်နေကြသည့် ဒေသခံအချို့မှာမူ နီးစပ်သည့် ဘာသာရေးကျောင်းများတွင် ခိုလှုံနေကြရလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဘာသာရေးကျောင်းများတွင် ခိုလှုံခြင်းပြုလုပ်သည့် တနိုင်းဒေသခံများမှာ လက်ရှိအချိန်တွင် ၃၄၄ ဦး က စားဝတ်နေရေး အခက်အခဲ ဖြစ်နြေ့ပီ ဒေသခံ ၆၀၀ ခန့် က ချောင်းဆုံတွင် ပိတ်မိနေကြောင်းသိရသည်။
“လတ်တလော အခက်အခဲကတော့ လူတွေကို ဆက်ခေါ်ခွင့်မရတာ။ လူသွားခေါ်ဖို့ကို တပ်က ဒီနေ့ ပိတ်ထားတယ်။ လူ ၇၀၀ လောက်က ချောင်းဆုံမှာ ပိတ်နေတယ်။ ရောက်လာတဲ့သူတွေကို သက်ဆိုင်ရာ ဘုရားကျောင်းတွေမှာ ခေါ်ထားပါတယ်။ ကြာလာရင်တော့ အခက်အခဲဖြစ်မှာပါ” ဟု တနိုင်းမြို့နယ် နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ စစ်ရှောင်များအား ကူညီပေးနေသူ ဦးနော်တောင်က ပြောသည်။

ယခု ပြောင်းရွှေ့လာသူအနက် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို ဦးစားပေး၍ ခေါ်ယူနေခြင်းဖြစ်သည်ဟု သိရသည်။
“ကလေးက ကိုးရက်ပဲရှိသေးတာ။ ကလေးမီးဖွားချိန်ဆိုတော့ အပြင်မထွက်ရဘူးလေ။ အခုက သံမံသလင်းမှာ အိပ်နေရတယ်။ ကိုယ်တွေလက်တွေ အရမ်းကိုက်တယ်” ဟု နန်ဗြူကျေးရွာမှ ပြောင်းရွေ့လာသူ အသက် ၃၀ အရွယ် ဒေါ်ရွယ်ဘူက ပြောသည်။

တပ်မတော်မှ ပြောင်းရွှေ့ရန် အကြောင်းကြားစာပို့ထားသည့် တနိုင်းမြို့နယ်ထဲမှ ရွှေမှော်များတွင် နေထိုင် အလုပ်လုပ်ကိုင်နေသည့် ဒေသခံဦးရေ တစ်သိန်းကျော်ခန့် ရှိသည်ဟု သိရသည်။

စည်သူ၊ မွန်းမွန်းပန်
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm

No comments:

Post a Comment