Latest News

Saturday, June 24, 2017

တရုတ်ယွမ် သန်း ၃၀၀ ( မြန်မာငွေကျပ် ဘီလျံ ၆၀၀ နီးပါး) အပိတ်ဆို့ ခံထားရတဲ့ ကုန်သွယ်မှု နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲ

တရုတ်ယွမ် သန်း ၃၀၀ ( မြန်မာငွေကျပ် ဘီလျံ ၆၀၀ နီးပါး) အပိတ်ဆို့ ခံထားရတဲ့ ကုန်သွယ်မှု နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲ

တရုတ်နိုင်ငံဘက်က ပိတ်ဆို့ထားတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်အကောင့်က ငွေဟာ ကျပ်ဘီလျံ ၄၀၀ လောက်ပဲ ရှိနိုင်တယ်လို့ ခန့်မှန်းခဲ့ပေမယ့် လက်တွေ့မှာတော့ တရုတ်ဘက်က ထိန်းချုပ်လိုက်တဲ့ ပမာဏဟာ ထင်ထားတာထက် ရာခိုင်နှုန်း ၅၀ လောက် ပိုများပြီး တရုတ်ယွမ် ၂၉၈ ဒသမ ၅ သန်း (ကျပ် ဘီလျံ ၆၀၀ ခန့်) အထိ ရှိနေတာကို စိုးရိမ်စရာ တွေ့မြင်ရပါတယ်။

အွန်လိုင်း လောင်းကစားမှုတွေကို စစ်ဆေးဖို့ တရုတ်နိုင်ငံဘက်က ဘဏ်အကောင့် ၃၄၉ ခု ပိတ်ခဲ့ရာမှာ မြန်မာနိုင်ငံသားပိုင် ဘဏ်အကောင့် ၁၃၂ ခု ပါဝင်ခဲ့ပြီး အမှုနဲ့ မသက်ဆိုင်တဲ့ ဘဏ်အကောင့်တွေ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမယ်လို့ ရွှေလီမြို့ ပြည်သူ့အစိုးရ ဒုတိယမြို့တော်ဝန်က ပြောကြားခဲ့ပေမယ့် လက်ရှိမှာ မြန်မာနိုင်ငံဘက်က ကုန်စည်စီးဆင်းမှုမှာ မြန်မာ့ဆန်ကို တရုတ်နိုင်ငံဆီ တင်ပို့မှုက ထက်ဝက် နီးပါးလောက် ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

တရုတ်ဘက်မှာ အပိတ်ခံထားရတဲ့ ပမာဏဟာ မြန်မာ့ကုန်စည်စီးဆင်းမှုရဲ့ အဓိက အသက်သွေးကြောတစ်ခု ဖြစ်သလို အခြားတစ်ဖက်မှာလည်း မြန်မာ့ငွေကြေး လည်ပတ်မှုရဲ့ ရာခိုင်နှုန်း ၄၀ လောက်လည်းဖြစ်လို့ ဆင့်ကဲဖြစ်စဉ်တွေအရ ဆန်တင်ပို့မှု ရပ်တန့်ရင် တခြားစီးပွားရေးကဏ္ဍတွေပါ ထိခိုက်နိုင်မှုနဲ့အတူ မြန်မာ့စီးပွားရေးပါ ပြိုလဲသွားနိုင်တဲ့ အခြေအနေအထိ ဖြစ်လာနိုင်တဲ့ အခြေအနေကို ရင်ဆိုင်လာရနိုင်မှာ ဖြစ်ပါတယ်။

“နောက်ထပ်ဟာတွေပါ တန့်သွားမှာ ကြောက်ရတယ်။ ဒီဘက်က အစိုးရကတော့ တောက်လျှောက်တော့ အင်တိုက်အားတိုက်တော့ လုပ်နေတယ်။ ကြာသွားရင်တော့ နည်းနည်းထိမှာ ကြောက်နေရတယ်။ အခုကတော့ အရှိန်လေးက ရှိနေတော့။ အကောင့်သစ် ဖွင့်လိုက်ရင်တော့ Run လို့ ရမှာပေါ့။ အခုဟာကိုလည်း မြန်မြန်ထက်ထက်လုပ်ဖို့ တွန်းတော့ တွန်းနေရမှာပေါ့။ ငွေပမာဏက အများကြီးပဲ” လို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ က ဇွန် ၂၃ ရက်မှာ ပြောကြားပါတယ်။
   
■ တရုတ်က အဓိက ကုန်သွယ်ဖက်

မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုကို ပြန်ပြီးတော့ ဆန်းစစ်မယ်ဆိုရင် တရုတ်နိုင်ငံနဲ့ အပြန်အလှန် ကုန်သွယ်မှုက စုစုပေါင်းကုန်သွယ်မှုရဲ့ ရာခိုင်နှုန်း ၃၀ လောက် ရှိနေပါတယ်။

လက်ရှိ ဖြစ်စဉ်ဟာ ၂၀၁၇ ခုနှစ် ဇွန် ၁၄ ရက် ၁၅ ရက်တွေမှာ စခဲ့တာ ဖြစ်ပြီး အွန်လိုင်း လောင်းကစားမှုတွေ ထိန်းချုပ် (Freeze) မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံသားပိုင် ဘဏ်အကောင့် ၁၃၂ ခုကို ထိန်းချုပ်ခဲ့တာဖြစ်ပြီး ထိန်းချုပ်ခံရတဲ့ ငွေပမာဏက တရုတ်ယွမ် ၂၉၈ ဒသမ ၅ သန်း (မြန်မာငွေ ကျပ်ဘီလျံ ၆၀၀ ခန့်) Freeze လုပ်ခြင်း ခံရတယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက  ဇွန် ၂၃ ရက်မှာ ပြောပါတယ်။

နယ်စပ်နေ မြန်မာနိုင်ငံသား (လယ်ယာ ထွက်ကုန်ပစ္စည်း ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ သကြား Export လုပ်ကိုင်သူတွေနဲ့ မြေသြဇာ၊ လယ်ထွန်စက် အစရှိတဲ့ Import လုပ်ကိုင်သူတွေ) သူတွေဟာ နယ်စပ် ကုန်သွယ်ရေးအရ တရုတ်နိုင်ငံနဲ့ အရောင်းအ၀ယ် ပြုရာမှာ တရုတ်ပြည်ကဘဏ်မှာ Bank Account ဖွင့်ပြီး လုပ်ကိုင်ရပါတယ်။ မြန်မာကုန်သည်က ဆန်ရောင်းချိန်မှာ ဆန်ကို တရုတ်ကုန်သည်ကို အကြွေးပေးပြီး သူအဆင်ပြေချိန်မှာ ကိုယ့်ရဲ့ Bank Account  ဆီ ငွေထည့်ပေးတာကို စောင့်ဆိုင်းခြင်းနဲ့ လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။  ဒီလို  လုပ်ကိုင်နေရတာက အန္တရာယ်ရှိမှန်း သိပေမယ့် မူဆယ်ဘက်မှာ မြန်မာဘဏ်တွေက နိုင်ငံခြားငွေ Account ဖွင့်ဖို့ အစည်းအဝေးတွေမှာ တင်ပြပေမယ့်လည်း လက်ရှိအချိန်အထိ အကောင်အထည် မပေါ်သေးတာကြောင့် တရုတ်ဘက်မှာပဲ  ဘဏ်စာရင်းဖွင့်ပြီး ဆက်လုပ်နေရတဲ့ အခြေအနေပါ။

တရုတ်အစိုးရက တရားမ၀င် ကုန်သွယ်မှုတွေကို ထိန်းချုပ်ရင်း သူတို့နဲ့ဆက်နွှယ်နေတဲ့ Bank Account တွေကို Freeze လုပ်ခဲ့တာကြောင့် လတ်တလောမှာ မူဆယ်၊ မန္တလေး၊ ရန်ကုန်နဲ့ အခြားဆက်နွှယ်နေတဲ့ SME လုပ်ငန်းရှင်တွေ အရင်းပြုတ်တာ၊ Bank Account တွေ ပိတ်ခံထားရလို့ နယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါး ဖြစ်တာ၊ ကုန်သွယ်ရေးနဲ့ ဆက်စပ်နေတဲ့ ထောင်ပေါင်း များစွာသော ကားတွေ၊ အလုပ်သမားတွေ အလုပ်မရှိ ဖြစ်လာတဲ့အပြင်  နိုင်ငံ့အတွက်လည်း Export ကျပြီး အခွန်ဝင်ငွေ လျော့ကျလာမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက သုံးသပ်ပါတယ်။  

လက်ရှိမှာ ပြည်ပပို့နေတဲ့ ဆန်ရဲ့ ရာခိုင်နှုန်း ၆၀ ကျော်၊ ပြောင်းရဲ့ ၉၉ ရာခိုင်နှုန်း၊ ဖရဲရဲ့ ရာခိုင်နှုန်း ၉၀ ခန့်နဲ့ သကြား၊ ပဲ၊ နှမ်း စတဲ့ ကုန်စည်တွေနဲ့ ရေထွက်ပစ္စည်းတွေကို နယ်စပ်ကတစ်ဆင့် တရုတ်နိုင်ငံဆီ အဓိက ရောင်းချနေရတာဖြစ်ပြီး တရုတ်နိုင်ငံကို ရောင်းချခွင့် မရတော့တဲ့ အခြေအနေမှာ  တခြားဈေးကွက်လည်း ရှာမပေးနိုင်တဲ့ အခြေအနေ ဖြစ်လာမယ်ဆိုရင် တောင်သူလယ်သမားတွေပါ ဈေးကွက်ပျောက်ပြီး ထိခိုက်လာနိုင်မယ့် အခြေအနေ ဖြစ်ပေါ်နေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ပုဂ္ဂလိကကဏ္ဍ လှည့်လည်တဲ့ငွေက ကျပ်ဘီလျံ ၂၀၀၀ ခန့်ရှိပြီး လက်ရှိ ထိန်းချုပ်ခံရတဲ့ ပမာဏက ပြည်တွင်းငွေကြေး လှည့်လည်မှုကို ကြီးကြီးမားမား ထိခိုက်နိုင်မယ့်အပြင် တိုင်းပြည်ရဲ့ စီးပွားရေးကိုပါ အတိုင်းအတာ တစ်ခုအထိ အကျပ်အတည်း ဖြစ်သွားနိုင်တာနဲ့ ဆင့်ကဲဖြစ်စဉ်အဖြစ် Dominio Effect နဲ့ ကျန်တဲ့ ကဏ္ဍတွေနဲ့ ပြည်သူတွေပါ ထိခိုက် လာနိုင်တာကြောင့် အမြန်ဆုံး ဖြေရှင်းနိုင်ဖို့လိုမယ်လို့ ဒေါက်တာ စိုးထွန်းက အကြံပြုပါတယ်။

ဘဏ်အကောင့်တွေ အပိတ်ခံရပြီးလို့ ရက်ပိုင်းအတွင်းမှာပဲ ဆိုးကျိုးတွေက စတင်လာခဲ့ပြီဖြစ်ပြီး လက်ရှိမှာဆိုရင် ဆန်တင်ပို့မှုက ရာခိုင်နှုန်း ၄၀ လောက် ကျဆင်းခဲ့ပြီ ဖြစ်ပါတယ်။

“လောလောဆယ် ကုန်သွယ်မှုက ပုံမှန်အခြေအနေပါ။ ဆန်ကတော့ အရင်က တစ်ရက်ကို အစီး ၁၀၀ လောက်ကနေ နည်းနည်း လျော့သွားပြီး အစီး ၆၀ လောက်ပဲ ဖြစ်သွားတယ်။ ကျန်တဲ့ ကုန်ပစ္စည်းကတော့ ပုံမှန်ပါပဲ။ လက်ရှိမှာ ကျွန်တော်တို့ ပုံမှန်ကုန်သွယ်မှုကို ပြန်ကြည့်တဲ့အခါမှာ မနှစ်က ကာလတူထက် ဒေါ်လာတစ်ဘီလျံလောက် ပိုပြီးတော့ ကုန်သွယ်ထားတာကို တွေ့ရပါတယ်” လို့ ဦးရန်နိုင်ထွန်းက ဆိုပါတယ်။

■ ဘယ်လိုအဖြေရှာမလဲ

နယ်စပ် ကုန်သွယ်မှုရဲ့ အဓိကအကျဆုံး တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုမှာ ဒုက္ခမျိုးစုံ ကြုံနေရတာ အခုမှမဟုတ်ပါဘူး။ မြန်မာဘက်က တရားဝင် တင်ပို့တယ်။ တရုတ်ဘက်မှာ မှောင်ခိုဖြစ်တယ်။ မြန်မာဘက်က ပိတ်ထားတာတွေကို တရုတ်ဘက်က တရားမ၀င် တင်သွင်းခံတယ်။ ဘဏ်အကောင့်တွေကို မကြာခဏ ပိတ်တယ်ဆိုတဲ့ ညစ်လုံးတွေအောက်မှာ မြန်မာလုပ်ငန်းရှင်တွေက အမြဲတမ်း မရှူနိုင်မကယ်နိုင် ဖြစ်နေရတာပါ။ ဒီလို အခြေအနေတွေ ကျော်လွန်ဖို့အတွက် မြန်မာလုပ်ငန်းရှင်တွေဘက်က မြန်မာအစိုးရကိုရော တရုတ်အစိုးရကိုပါ တောင်းဆိုနေပေမယ့် ဒီနေ့အချိန်အထိတော့ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုဟာ တရားဝင်လမ်းကြောင်းပေါ်မှာ မရပ်တည်နိုင်သေးဘဲ တရုတ်ဘက်က ညစ်သမျှ မြန်မာတွေက ခံနေရတဲ့အခြေအနေပါ။

တရုတ်နိုင်ငံမှာဆိုရင် မြန်မာနိုင်ငံနဲ့ ပတ်သက်တာကို ဘယ်သတင်းစာ၊ ဂျာနယ်မှာ ဘယ်သူကရေးရေး ချက်ချင်းတရုတ်လို ပြန်ဆိုတဲ့ မူဝါဒလေ့လာရေး မဟာဗျုဟာဌာနစိတ်တွေ ရှိနေပါတယ်။ ဒီလို မဟာဗျုဟာ လေ့လာရေးဌာနစိတ်တွေဟာ မြန်မာနိုင်ငံဘက်မှာ ဖြစ်နေတဲ့ အခြေအနေတွေကို အချိန်နဲ့ တစ်ပြေးညီ တရုတ်အစိုးရနဲ့ ပြည်နယ်အာဏာပိုင်တွေ သိနေပေမယ့် အမြဲတစေ လျစ်လျုရှုခံပြီး မြန်မာ့ပို့ကုန်တွေကို ဈေးနှိမ်နိုင်ရေး၊ ကုန်သွယ်မှု အခွန်အခကြီးမြင့်အောင် လုပ်ဆောင်ရေး စတာတွေနဲ့ ကုန်သွယ်မှုမှာ အသာစီးရအောင် ယူနေတာဖြစ်သလို အစိုးရ အဆက်ဆက်မှာလည်း တရုတ်-မြန်မာ ကုန်သွယ်မှုမျှခြေမှာ တရားဝင်အခြေအနေတစ်ခုကို မဖန်တီးနိုင်သေးတဲ့ အခြေအနေပါ။

လတ်တလော ငွေစာရင်းတွေ အပိတ်သိမ်းခံရမှုအတွက် တရုတ်ဘက်က ပိတ်ထားတဲ့ ငွေစာရင်းတွေကို စစ်ဆေးဆဲ ကာလမှာ ဒီအတိုင်းဆက်ထားပြီး ဘဏ်စာရင်း အသစ်ဖွင့်ဖို့ အကြံပြုထားတယ်လို့ ဦးရန်နိုင်ထွန်းက ဆိုပါတယ်။ ဒါပေမဲ့ နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းရှင်တွေ အတွက်ကတော့ တရုတ်ဘက်မှာ ဘဏ်စာရင်းဖွင့်ဖို့ ငွေ၊ မြန်မာဘက်မှာ ကုန်တွေဝယ်ဖို့၊ တရုတ်ဘက်ကို တင်ပို့ဖို့အတွက် ငွေက ဘယ်ကရမလဲဆိုတာ မေးခွန်းထုတ်ရမယ့် အခြေအနေဖြစ်ပြီးတော့ လက်ရှိ အစိုးရအနေနဲ့လည်း ကုန်သွယ်မှုတစ်ခုလုံး အဆင်ပြေအောင် ငွေစာရင်းအသစ်တွေ ဖွင့်နိုင်အောင် ကူညီနိုင်မယ့် အခြေအနေမှာ ရှိမနေပါဘူး။

“ရွှေလီ ဒုတိယမြို့တော်ဝန်နဲ့ တွေ့ တော့ လောလောဆယ် ပိတ်ထားတာတွေ မလုပ်ဘဲ အကောင့်အသစ်ဖွင့်ပါလို့ သူတို့အားလုံး လက်ခံပေးမယ်လို့ ပြောပါတယ်” လို့ ဦးရန်နိုင်ထွန်းက ဆိုပါတယ်။

တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှု အဆင်ပြေဖို့  မူဆယ်ဘက်မှာ မြန်မာဘဏ်တွေက နိုင်ငံခြားငွေ Account ဖွင့်ဖို့အတွက် လုပ်ဆောင်ဖို့က ဗဟိုဘဏ်အနေနဲ့ လုပ်ဆောင်ရမှာဖြစ်ပြီး လက်ရှိအချိန်အထိ လုပ်ဆောင်နိုင်မှုတော့ မရှိသေးပါဘူး။

“ဗဟိုဘဏ်နဲ့ တရုတ်ဘက်ကို ညှိဖို့ ဦးတို့လည်း တောင်းဆိုထားတယ်။ ဗဟိုဘဏ်က ဆက်ပြီးတော့ ညှိပေးမယ်။ ဘာဖြစ်လို့လဲဆိုတော့ ယွမ်က ကမ္ဘာသုံး ငွေကြေး ဖြစ်လာပြီ။
ယွမ်နဲ့ တရားဝင် ဟိုဘက်ဒီဘက် လွှဲလို့ရ အောင် ဟိုဘက်ဒီဘက် ဘဏ်တွေ တရားဝင်ညှိဖို့ပေါ့” လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ဆိုပါတယ်။

လက်ရှိမှာဆိုရင် တရုတ်နိုင်ငံအနေနဲ့  အပိတ်ခံထားရတဲ့ ဘဏ်စာရင်းတွေအတွက်  အမြန်ဆုံးပြန်ဖွင့်ပေးနိုင်ဖို့ ကုန်သွယ်မှုပြုနေတဲ့ နာမည်တွေကို စာရင်းပြုစုပြီး တင်ပြဖို့အတွက် တောင်းဆိုထားမှုတော့ ရှိနေတယ်လို့ ကုန်သည် စက်မှုအသင်းချုပ်က အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်ကြည်ညွန့် က ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ တရုတ်ဘက်က ပိတ်ထားတဲ့ ဘဏ်စာရင်းတွေ အမြန်ပြန်ဖွင့်ပေးဖို့ မြန်မာနိုင်ငံဘက်မှာ တရုတ်နိုင်ငံကို ဆန္ဒပြနေကြပြီး “တရုတ်ပြည်ဘဏ်မှ မတရား ထိန်းသိမ်းထားသော ငါတို့ငွေပြန်ပေး”၊ “တရုတ်ပြည် ရဲတပ်ဖွဲ့မှ မတရားထိန်းသိမ်းထားသော ငါတို့ငွေပြန်ပေး “၊  “ငါတို့ အသက်ရှင်ခွင့်ပေး”၊ “မတရား ထိန်းသိမ်းထားသော အကောင့်များကို ချက်ခြင်း ပြန်ဖွင့်ပေး”၊           “One Belt , One Road ကို မဖျက်ဆီးပါနှင့်” ၊ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ဘာလဲ ဘယ်လဲ”၊ “ငါတို့ကို တရားဝင်တန်းတူ ကုန်သွယ်မှုကို ဆောင်ရွက်ပေး”၊ “ငါတို့ရဲ့ ချွေးနည်းစာကို ပြန်ပေး” ဆိုတဲ့ တရုတ်-မြန်မာ စာတမ်းတွေ ကြွေးကြော်သံတွေနဲ့ ဟစ်ကြွေးခဲ့ပါတယ်။

ဟစ်ကြွေးသံဖြစ်စဉ်တွေက နှစ်နိုင်ငံ ကုန်သွယ်မှုမှာ မြန်မာဘက်က ငုံ့ခံနေရတဲ့ နာကျည်းသံတွေ ဖြစ်နေပြီး လက်ရှိအစိုးရအနေနဲ့လည်း လူစဉ်မမီတဲ့ မြန်မာ့နယ်စပ် ကုန်သွယ်မှုကို တန်းတူဖြစ်ရေးအတွက် ရေရှည်စီမံကိန်းချပြီး လုပ်ဆောင်ဖို့ လိုအပ်မှာဖြစ်သလို အီလေးဆွဲပြီး ရေရှည် စစ်ဆေးနေမယ့် မြန်မာလုပ်ငန်းရှင်တွေရဲ့ ဘဏ်အကောင့်တွေ အမြန်ဆုံး ပြန်ဖွင့်နိုင်ဖို့အတွက် အထူးသံအဖွဲ့တွေ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ စေလွှတ်ပြီး ညှိနှိုင်းဆောင်ရွက်ပေးဖို့ လိုအပ်မှာပါ။ ငုပ်တုတ်ထိုင် အစည်းအဝေးလုပ်၊ စာနဲ့ပဲ ဖိအားပေးနေမယ် ဆိုရင်တော့  ဂျက်လေယာဉ်အရှိန်နဲ့ တက်မယ့် ၂၀၁၇ မြန်မာ့စီးပွားရေးကြီးဟာ တရုတ်နယ်စပ်ကုန်သွယ်မှု ပြေးလမ်းတင် ပျက်ကျသွားမယ့် အခြေအနေဆိုးကို ရင်ဆိုင်ရပါလိမ့်မယ်။  
Eleven Media Group

No comments:

Post a Comment