Latest News

Tuesday, June 27, 2017

စွပ်စွဲပြောဆိုမှုများကို ယခုအချိန်မှစ၍ တရားစွဲဆိုသွားမည်ဖြစ်ပြီး လုံးဝသည်းခံခွင့်လွှတ်မည် မဟုတ်ဟုဆို

စွပ်စွဲပြောဆိုမှုများကို ယခုအချိန်မှစ၍ တရားစွဲဆိုသွားမည်ဖြစ်ပြီး လုံးဝသည်းခံခွင့်လွှတ်မည် မဟုတ်ဟုဆို


စွပ်စွဲပြောဆိုမှုများကို ယခုအချိန်မှစ၍ တရားစွဲဆိုသွားမည်ဖြစ်ပြီး လုံးဝသည်းခံခွင့်လွှတ်မည် မဟုတ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဇွန်လ ၂၇ ရက်တွင် သတင်းမီဒီယာများသို့ ပြောဆိုလိုက်သည်။

“သာသနာရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီးဟာ အစ္စလာမ်ဘာသာဘက်ကို သာသာထိုးထိုးလေး ဘက်လိုက်တယ် ဆိုတာ အထောက်အထားပြဖို့ လိုပါတယ်။ သက်သေ ပြဖို့ လိုပါတယ်။ အဲ့လို အခြေမြစ်မရှိတဲ့ စွပ်စွဲမှုတွေကိုလည်း အခုကစပြီးတော့ အကုန်ပြန်တရားစွဲသွားမှာပါ။ ဥပဒေအရ ထိရောက်စွာ အရေးယူမယ်။ အခုမှစပြီးတော့ လုပ်ပါမယ်။ လုံးဝသည်းခံခွင့်လွှတ်မှာ မဟုတ်ဘူးဆိုတာလည်း ပြောလိုပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားရေး တက်ကြွလှုပ်ရှားသူများက သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ရှုတ်ချပွဲ အခမ်းအနားကို ဇွန်လ ၂၅ ရက်တွင် ရန်ကုန် မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ပြီး၊ မန္တလေးမြို့တွင် မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂ အပါအဝင် သံဃာတော်အချို့မှ ဦးဆောင်ကာ မန္တလေးမြို့၊ မနော်ရမာန် လူထုဟစ်တိုင်ကွင်းတွင် သာသနာရေးဝန်ကြီးကို ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်ခဲ့ကြသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ရှုတ်ချပွဲ တွင် အချက် ခုနစ်ချက်ပါသည့် သဘောထား ထုတ်ပြန်ချက်ကို ထုတ်ပြန်တောင်း ဆိုထားသည်။ တောင်းဆိုချက်များကို အလေးထား ဖြေရှင်းဆောင်ရွက်ပေးမှုအား တစ်လအတွင်း စောင့်ကြည့်လေ့လာ သွားမည်ဖြစ်ပြီး အလေးထား ဖြေရှင်းဆောင်ရွက် ခြင်းမရှိပါက သပိတ်စခန်းဖွင့်လှစ်၍ အကြမ်းမဖက် အရေးတော်ပုံ တစ်ရပ်အား နောက်တစ်ဆင့် အရှိန်မြှင့် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းလည်း သဘောထားကြေညာချက်တွင် ဖော်ပြထားသည်။

ဇော်မင်းထွန်း
The Ladies News

No comments:

Post a Comment