Latest News

Friday, May 12, 2017

မိတ္ထီလာကန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မိတ္ထီလာကန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မိတ္ထီလာ မေ ၁၂

နယ်သာလန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ရေအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာရေးထိုးထားမှုအရ ဆောင်ရွက်မည့် မိတ္ထီလာကန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို မေလ ၁၂ ရက်နေ့ ၉ နာရီအချိန်က မိတ္ထီလာမြို့  ၀န်ဇင်းဟိုတယ် ခန်းမတွင် ကျင်းပကြောင်းသိရ သည်။

 အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ဆည်မြောင်းနှင့် ရေအရင်းအမြစ်အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်ထွန်းက မိတ္ထီလာကန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်ရာတွင် အလေးထား ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် မိတ္ထီလာကန် ပတ်ဝန်းကျင်အနေထား ၊ ဒေသခံပြည်သူများ အနေဖြင့် မိတ္ထီလာကန်၏ အရေးပါမှုတို့ အကြောင်းကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလွင်သူ က မိတ္ထီလာကန် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းတွင် ပါဝင်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးပြီး မြို့နယ်စည်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးထက်ဇော် မှ မိတ္ထီလာကန် ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် စီမံကိန်းတွင် ထည့်သွင်းဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ နယ်သာလန်နိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အဆောက်အအုံ ထိန်းသိမ်းရေးဌာန မိတ္ထီလာကန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအဖွဲ့ခေါင်းဆောင် Mr.Luuk Brinkman ၊ နယ်သာလန်နိုင်ငံ ရေအရင်းအမြစ် ဆိုင်ရာ သံမှူး Mr.Armand Evers တို့မှ မိတ္ထီလာကန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မိတ္ထီလာကန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ထည့်သွင်း ရေးဆွဲထားသည့် ပြဋ္ဌာန်းချက်များ အကြောင်းကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အတွင်းရေးမှူး ဦးဝင်းထိန်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံ၊ မိတ္ထီလာကန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအဖွဲ့ခေါင်းဆောင် Mr.Luuk Brinkman ၊  နယ်သာလန် နိုင်ငံ ရေအရင်းအမြစ်ဆိုင်ရာ သံမှူး Mr.Armand Evers ၊ ခရိုင် ဆည်မြောင်းနှင့် ရေအရင်း အမြစ်အသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားမှူး ဦးစံမင်းထွန်း နှင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာကြသည့် စီမံကိန်းနှင့် သက်ဆိုင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများမှ မိတ္ထီလာကန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီ လမ်းညွှန်ချက်များ စာတမ်းပေါ်တွင် သဘောတူလက်မှတ်ရေးထိုးကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးသည်။

ယင်း မိတ္ထီလာကန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီ လမ်းညွှန်ချက်များ၊ စာတမ်းနှင့် အတူ စုပေါင်းရေးဆွဲထားသည့် မိတ္ထီလာကန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း နောက်ဆုံးအဆင့် လုပ်ငန်းစဉ်ကို ယခုလကုန်ပိုင်းတွင် မြန်မာနှင့် နယ်သာလန် နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူများထံ ပေးပို့တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ချမ်းသာ (ခရိုင်ပြန်/ဆက်)

No comments:

Post a Comment