Latest News

Friday, May 12, 2017

“ပြည်ထဲရေး အေးချမ်းစေဖို့ ဘယ်သူတွေမှာ တာဝန်ရှိသလဲ ”

“ပြည်ထဲရေး အေးချမ်းစေဖို့ ဘယ်သူတွေမှာ တာဝန်ရှိသလဲ ”

၉.၅.၂၀၁၇ နေ့ညပိုင်းတွင် အေးချမ်းစွာနေထိုင်သော လူ့အသိုင်းအ၀ိုင်းအဖွဲ့အစည်းအား ပဋိပက္ခများ ပေါ်ပေါက်လာစေရန် မီးကွင်းပစ်သော လုပ်ရပ်တခုပေါ်ပေါက်လာခဲ့တယ် ။ ရပ်ကွက်နေပြည်သူများစိုးရိမ်ပူပန်ခဲ့ ရတယ်  ။ ဒေါမနဿများဖြစ်ပွားခဲ့ကြရပါတယ်  ။

 ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် မှာ မေလ (၉)ရက်နေ့ည ၁၁ နာရီ ကျော် အချိန် လောက်မှာ လူစုလူဝေးနဲ့ ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ် ။ မြယာကုန်းလမ်းနဲ့ ၁၂၂ လမ်းထောင့်က တိုက်တခုရဲ့ (၈)လွှာတိုက်ခန်းတခုမှာ တရားမ၀င် ခိုးဝင်ဘင်္ဂါလီတွေ ရောက်နေတယ်ဆိုပြီးဝင်ရောက်စစ်ဆေးဖို့ အတွက် ရဟန်းဆိုသူတွေ ၊ မျိုးချစ်မျိုးစောင့်လို့ ကိုယ့်ဆိုင်းဘုတ်ကိုယ်ရေးထားတဲ့သူတွေ ၊  ရဲတပ်ဖွဲ့ဝင်တွေ နဲ့ လူဝင်မှုကြီးကြပ်ရေးက တာဝန်ရှိသူတွေ ရောက်လာခဲ့ကြပါတယ် ။ စစ်ဆေးတဲ့အခါမှာ အဲဒီတိုက်ခန်းမှာ နေထိုင်ကြသူတွေဟာ အိမ်ထောင်စုစာရင်းဝင်တွေဖြစ်ကြပြီးတော့ နိုင်ငံသားစိစစ်ရေးကဒ်များကိုလည်း တရား ၀င် ပြနိုင်ခဲ့ကြတယ်လို့သိရပါတယ် ။ အဲဒီနောက် တိုက်ခန်းကနေပြန်အဆင်းမှာ အငြင်းပွားတာတွေ ၊ အော် တာ ဟစ်တာတွေဖြစ်တယ် ။ ရုန်းရင်းဆန်ခတ်ဖြစ်တယ် ။ ရိုက်တာနှက်တာတွေဖြစ်ပြီးတော့ ရပ်ကွက်နေ ပြည်သူ တစ်ဦးဖြစ်တဲ့ ကိုဇာနည်အောင် မှာထိခိုက်ဒဏ်ရာများရခဲ့တယ်လို့ကြားသိရပါတယ် ။  

 မြန်မာနိုင်ငံမှာ တည်ဆဲ တရားဥပဒေတွေရှိပါတယ်  ။ တရားဥပဒေစိုးမိုးရေးတာဝန်ကို ထမ်းဆောင် နေ ကြတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ (မြန်မာနိုင်ငံရဲတပ်ဖွဲ့) ဆိုတာရှိပါတယ် ။ ရပ်ကွက်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး နဲ့ အေးချမ်းရေးတာဝန်ကိုထမ်းဆောင်နေကြတဲ့ ရပ်/ကျေး အထွေထွေအုပ်ချုပ်ရေးမှူးတွေ ၊ ရာအိမ်မှူးတွေ ဆယ်အိမ်မှူးတွေရှိပါတယ် ။

 မြို့နယ်တစ်ခု ၊ ရပ်ကွက်တစ်ခုက လမ်းတစ်လမ်းက အိမ်တအိမ်မှာ တရားမ၀င် ခိုးဝင်လာသူတွေ ရောက်ရှိနေပါတယ်လို့ သတင်းရရင် အထက်မှာဖော်ပြခဲ့တဲ့ အဖွဲ့အစည်းများက တာဝန်ရှိသူတွေက တည်ဆဲ တရားဥပဒေများနဲ့အညီ လုပ်ထုံးလုပ်နည်းများနဲ့အညီ ပူးပေါင်းဆောင်ရွက်သွားရမှာပါ ။ ဘယ်သူတစ်ဦး တယောက်က မှ တာဝန်မရှိဘဲလူအုပ်စု အင်အားနဲ့နိုင်ငံသားတစ်ယောက်ယောက်ရဲ့နေအိမ်ဥပစာတွေကို ကျူးကျော် ဝင်ရောက်ပိုင်ခွင့်၊ ရှာဖွေပိုင်ခွင့်မရှိပါဘူး။ဖိအားပေးဖမ်းဆီးခိုင်းတာ၊ချိပ်ပိတ်ခိုင်းတာလုပ်ပိုင်ခွင့်မရှိပါဘူး။ ဒါပေမဲ့ မင်္ဂလာတောင်ညွန့်မှာ မနေ့ညက ဖြစ်သွားခဲ့တဲ့ ဖြစ်စဉ်ဖြစ်ရပ်မှာတော့ အဲဒီလိုတရားဥပဒေနဲ့အညီဆောင်ရွက်မှု ထက် လွန်ကျွံသွားတဲ့ဖြစ်ရပ်တွေကို မြင်တွေ့ခဲ့ရပါတယ် ။ လ၀က အဖွဲ့ဝင်တွေ ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကျေး အထွေထွေအုပ်ချုပ်ရးအဖွဲ့တာဝန်ရှိသူတွေက သတင်းအရ တိုင်ကြားချက်အရ တိုင်ကြားခံရသူရဲ့ နေအိမ်ကို ၀င် ရောက်စစ်ဆေးတယ်ဆိုတာ ဥပဒေနဲ့ အညီဖြစ်လို့ လက်ခံပါတယ် ။ အဲဒီမှာ သင်္ကန်းဝတ်ထားတဲ့ ရဟန်းဆိုသူတွေက သူတပါးအိမ် ဥပစာကို ဘာကြောင့် ၀င်ရောက်ခဲ့ကြတာလဲ ၊ သူတို့မှာ အဲဒီလိုဆောင်ရွက်နိုင်တဲ့ အခွင့်အာ ဏာရှိပါသလား ဆိုတာ မေးစရာဖြစ်လာပါတယ် ။

မနေ့က ဖြစ်စဉ်မှာ မြင်ရတွေ့ရတာတွေကတော့ တရားဥပဒေစိုးမိုးရေးအပေါ်မှာ အဲဒီမျိုးချစ်မျိုး စောင့် ရဟန်းဆိုသူတွေက သင်္ကန်းတော်အရှိန်အ၀ါနဲ့ ၀င်ရောက်စွက်ဖက်နေကြတယ်ဆိုတာကို  အထင်းသား မြင်နေရ ပါတယ် ။

 ဒီဖြစ်ရပ်မတိုင်ခင်မှာ လူမှုကွန်ရက်ဖေ့စဘုတ်စာမျက်နှာပေါ်က Ko Latt ဆိုသူရဲ့အကောင့်မှာ ဒီဖြစ် ရပ်အတွက် ကြိုတင်လှုံ့ဆော်တဲ့ပို့စ်တခုကို တင်လာခဲ့ပါတယ်  ။ အဲဒီပို့စ်မှာ ဖော်ပြထားတာကတော့ “အမျိုး သား ရေး အင်အားစုများနှင့် ရန်ကုန် အမျိုးသားရေး ညွန့်ပေါင်းအင်အားစုများခင်ဗျာ - မနက်ဖြန် ၉ ရက် ၅လ ၂၀၁၇ ရက်နေ့ ည ၁၀နာရီအချိန်တွင် ထုံစံအတိုင်း ဇာတ်ပွဲ အကြီးအကျယ်ကဖို့ရှိပါသည်  ရွာအ လည် ခေါင်တည့်တည့်၌ ကပြရမည်ဖြစ်ပါသဖြင့် လုံခြုံရေးအင်အား အပြည့်အ၀ပေးနိုင်ရန် နိုးဆော် အပ်ပါ သည် ။ သာကေတဇာတ်ပွဲထက် ပိုမိုကြီးမားနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည် ။ .. ကိုလတ် (မင်္ဂလာတောင်ညွန့်)” လို့ ရေးထားတာကိုတွေ့မြင်ရပါတယ် ။ အဲဒီပို့စ်မှာတင်ထားတဲ့ အချိန်နဲ့ မင်္ဂလာ တောင်ညွန့်မှာ မျိုးချစ်ဆိုတဲ့အဖွဲ့ရောက်လာပြီး ပြဿနာကိုအစပျိုးတဲ့အချိန်ဟာ ကွက်တိပါပဲ ။ အဲဒီတော့ ရွာအလည်ခေါင်တည့်တည့်ဆိုတာက လူသူစည်ကားတဲ့ မင်္ဂလာတောင်ညွန့်လို မြို့လည် နေရာတခု ကိုရွေးချယ်ပြီး ဇာတ်ပွဲအကြီးအကျယ်ကဖို့ ဆိုတာဟာ လူမျိုရေးဘာသာရး ပြဿနာကို မဖြစ်ဖြစ်အောင် ဖန်တီးကြမယ် လို့ ကြိုတင်ချိန်းချက် လှုံ့ဆော်လိုက်တာ မထင်ရှားပေဘူးလား ။

ဒီစာအရ မင်္ဂလာတောင်ညွန့်မှာ လာရောက် သောင်းကျန်းကြတဲ့ အမျိုးသားရေးရဟန်းဆိုသူတွေရဲ့ လုပ်ရပ်ဟာ တမင် ပြဿနာဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ချက်ရှိရှိ နဲ့ ကြိုတင်ကြံစည်ပြီးမှ လုပ်တဲ့အလုပ်ဆိုတာ အလွန်သိသာထင်ရှားလှတဲ့အပြင် ၊ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက သာကေတမှာ ဖြစ်ပွားသွားခဲ့တဲ့ ပြဿနာ သည်လည်း သူတို့ပင် တမင်ဖန်တီးခဲ့ခြင်း ဖြစ်တယ် ဆိုတာ အထင်အရှားဖြစ်ပါတယ် ။ သက်ဆိုင်ရာ တာဝန်ရှိသူများ အဲဒီအချက်ကို လျစ်လျူရှုထားလို့မရပါဘူးဆိုတာ အလေးအနက်ပြောပါမယ် ။

အဲဒီအပြင် “တင် လင်း ထိုက်” ဆိုတဲ့ ဖေစ့်ဘုတ်အကောင့်ကလည်း “ကုလားဖမ်းပွဲမသွားခင် လူစုနေတာ” ဆိုတဲ့ စာနဲ့ စားသောက်ဆိုင်တခုမှာ သောက်စားနေတဲ့ ပုံတစ်ပုံကိုတင်ခဲ့ပါတယ် ။ အဲဒီပုံမှာ ကလေး တယောက်ကို ပေါင်ပေါ်တင်သိပ်ထားတဲ့ မိန်းမသားတယောက်ရဲ့ ဓာတ်ပုံကိုပါ အထင်းသား မြင်ရ aတွ့ရ ပါတယ် ။

 အဲဒီအပြင် ရက်အနည်းငယ်က “အရှင်သုစိတ္တ”ဆိုသူရဲ့ ဖေ့စဘုတ်အကောင့်မှာ မျိုးချစ်ဇာတိမာန်ဆိုသူက “အရှင်ဘုရား အကောင့်ကျသွားလို့ add ပေးပါဘုရား ၊ တပည့်တော်ကိုကျော်စွာဦး တို့ လူမိုက်အဖွဲ့ထဲက ပါဘုရား ”လို့ ကွန်မင့်ရေးထားတာကိုလည်းတွေ့မြင်ရပါတယ် ။ အဲဒီ “အရှင်သုစိတ္တ” ဆိုတာဟာ ဘယ်သူလဲဆိုတာလဲ အများကသိနေကြပါတယ် ။  အဲဒီအပြင်လည်း ဖြစ်စဉ်ဖြစ်ပွားနေခိုက်မှာ “အရှင်ပညာဝံသ”ဆိုတဲ့ ဖေ့စဘုတ်အကောင့်ကနေ “ရဲတွေလည်း ကုလားများက ရိုက်နေပြီ ရဲတွေထွက်ပြေးပြီး ထိခိုက်မှုရရှိ ၊ ချကုန်ကြပြီ  မင်္ဂလာတောင်ညွန့်မှာ အခု ဦးဇင်းတို့ခံနေရပြီ ၊ မျိုးချစ်တို့ အမြန်လာကြတော့” ဆိုတဲ့ မမှန်မကန် ပို့စ်တွေတင်ပြီး ဆူပူမှုကို ချိန်သားကိုက်လှုံ့ဆော်ခဲ့တာကို မြင်တွေ့ရပါတယ် ။ “သက်မျိုးဦး” အကောင့်ကလည်း “ခိုးဝင်တွေရှိနေကြောင်း တာဝန်သိပြည်သူများမှ သတင်းပေး ၊ ဖမ်းဆီးရန် ရဲစခန်းသို့ တိုင်ကြားခဲ့ရာမှ ပြည်တွင်းနေ မွတ်စလင်မ်များမှပါ ဂျီဟတ်အော်၍ တိုက်ခိုက်ရန် ၀ိုင်းလာသောကြောင့် စခန်းရှိ ရဲများပါ ထိမ်းမနိုင်ကြောင်းသိရပါတယ် ။
တာဝန်သိမျိုးချစ်ပြည်သူများအနေဖြင့် မင်္ဂလာတောင်ညွန့်ရဲစခန်းရှေ့ သို့ လာ ရောက် စုရုံးစေလိုပါသည်ခင်ဗျား” လို့ အချိန်ကိုက်သွေးထိုးလှုံ့ဆော်တဲ့ ပို့စ်ကိုတင်ခဲ့တာကိုလည်း တွေ့ရပါတယ် ။

  ဖြစ်ရပ်ကရှင်းပါတယ် ။ အစ္စလာမ်ဘာသာဝင်တွေ အများစုနေထိုင်ကြတဲ့ ရပ်ကွက်တခု လမ်းတစ်လမ်း ထဲက တရားဝင်နေထိုင်တဲ့ မိသားစုတစ်စုကို ပစ်မှတ်ထားလိုက်ကြတယ် ။ ခိုးဝင်ဘင်္ဂါလီတွေရှိတယ်လို့ သတင်းလွှင့်လိုက်တယ် ။ ရဲစခန်းကိုသွားရောက်ပြီး အဲဒီအိမ်ကို သွားရောက်စစ်ဆေးပေးဖို့ တိုင်ကြားတယ် ။ တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်များ ၊ လ၀ကများနဲ့ ရပ်ကျေးထွေအုပ်အဖွဲ့ဝင်များက တိုင်ကြားချက်အရ တာဝန်အရ သွားရောက်စစ်ဆေးကြတယ် ။ အဲဒီမှာ အုပ်စုလိုက်ရောက်လာကြတဲ့ မျိုးချစ်ရဟန်း ဆိုသူတွေက တပါတည်း လိုက်ပါသွားခဲ့ကြတယ် ။ ရောက်တဲ့အခါမှာ မိသားစုအားလုံးကို ဧည့်ခန်းမှာခေါ်ယူစစ်ဆေးတယ် ။ သူတို့ လည်ဆယ်တိုင်ကြားခဲ့တဲ့ ခိုးဝင်ဘင်္ဂါလီဆိုတာ တစ်ယောက်မှ မရှိဘူး ၊ မိသားစုသန်းခေါင်စာရင်းရှိတယ် ၊ အထောက်အထားတွေပြနိုင်တယ် ။ အဲဒီတော့ သင်္ကန်းဝတ်တွေက ဒီလောက်နဲ့မပြီးဘူး ၊ မိသားစုဝင်တွေကို ရဲစခန်းကိုခေါ်လာခဲ့ဖို့ပြောတယ် ။ ရဲတပ်ဖွဲ့တာဝန်ရှိသူက ဥပဒေနဲ့အညီနေထိုင်တဲ့ နိုင်ငံသားတွေကို ဥပဒေ ချိုးဖောက်တယ်ဆိုတာ ထင်ရှားမပြနိုင်ဘဲ ရဲစခန်းကိုခေါ်လို့မရဘူးလို့ ပြန်ပြောတယ် ။ အဲဒီတော့ မျိုးချစ်ဆို သူတွေက အော်တာဟစ်တာတွေလုပ်ကြတယ် ။  ပြန်ဆင်းလာကြတော့ စိုးရိမ်လို့စုဝေးလာကြ စောင့်ကြည့် နေကြတဲ့ လမ်းသူလမ်းသားတွေကို ဘာကြည့်တာလဲ ၊ ဘာကောင်တွေလဲ နဲ့ အော်ဟစ်ကြိမ်း မောင်းပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်တယ် ။

 ဒါဟာ သွေးရိုးသားရိုးဖြစ်ရပ်မဟုတ်ဘူး ဆိုတာကို အထက်မှာတင်ပြခဲ့ပါတယ် ။ ဒါဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တဲ့ လူ့အသိုင်းအ၀ိုင်းကို ဆူပူမှု မငြိမ်မသက်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ  အကွက်ချ ပြီး ကြံစည်လုပ်ဆောင်တာဖြစ်ပါတယ် ။ အချိန်မတော်ကြီး ကားတွေအစီးစီးနဲ့ သင်္ကန်းဝတ်တွေ ၊ လူ တွေရောက်လာတယ် ။ အဲဒီနောက်  ရဲတွေ ၊ လ၀ကတွေ ၊ ရပ်ကျေးထွေအုပ်တွေ ရောက်လာတယ် စစ်ဆေး တယ် ဆိုကတည်းက လမ်းသူလမ်းသားတွေဟာ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ လမ်းပေါ်ကိုထွက်လာပြီး လူစုလူ ဝေးဖြစ်လာခဲ့ပါတယ် ။ အဲဒီမှာ တဖက်ဖက်က တစ်ယောက်ယောက်က အော်ဟာ   ဟစ်ဟာလုပ်ရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်လာနိုင်တယ် ။ အဲဒါတွေကို ဗီဒီယိုရိုက်ထားမယ် ။ ဖေ့စ်ဘုတ်မှာ တိုက်ရိုက်လွှင့်မယ်။ အကယ်၍များ လမ်းသူလမ်းသားထဲကဖြစ်စေ ၊ သူတို့အထဲက ပဉ္စမံ ၊ ဒလန်တယောက်ယောက်ကဖြစ်စေ ခဲနဲ့ပစ်လို့ သင်္ကန်းဝတ်ရဟန်းတဦးဦးကိုထိရင် သွေးထွက်သံယိုဖြစ်ရင် အဲဒါဟာ ဘာသာရေးလူမျိုးရေး ပဋိပက္ခ မီးလောင်တိုက်သွင်းလိုက်တော့မှာပါ ။

 ဒီလို တမင်ကြိုတင်ကြံစည်မှုတွေနဲ့ ရည်ရွယ်ချက်ရှိရှိ အကွက်ချပြီး ဘာသာရေး လူမျိုးရေး ပဋိ ပက္ခတွေပေါ်ပေါက်လာအောင် လုပ်ဆောင်နေမှုတွေဟာ နိုင်ငံသားတွေရဲ့ အေးချမ်းစွာ နေထိုင်မှုအတွက် ၊ ဘ၀လုံခြုံမှု အတွက် အလွန်ပဲအန္တရာယ်ကြီးနေပြီဆိုတာတော့ မျက်ဝါးထင်ထင်မြင်တွေ့ လိုက်ရပါပြီ ။ ဒါဟာ ရပ်ရွာ အေးချမ်းသာယာရေးကို ဖျက်လိုဖျက်ဆီးလုပ်နေတဲ့လုပ်ရပ်ဆိုတာလည်း အရှင်းသား မြင်နိုင်သိနိုင်ကြပါပြီ ။ တရားဥပဒေစိုးမိုးရေးကို နားရွက်တံတွေးဆွတ်နေရုံမျှမဟုတ်တော့ပဲ ငယ်ထိပ်ကို နှပ်ချေး သုတ်လို့ တဖတ်ဖတ်ရိုက်နေသလိုဖြစ်နေပါပြီ ။ အခုလို ပြည်ထဲအရေး မအေးအောင် လုပ်နေကြတာ ပြည်ထဲ ရေးက ဘာမှ အရေးမယူတော့ဘူးလား လို့ ပြတ်ပြတ်သားသားမေးရပါတော့မယ် ။ အခုလိုပဲ ပြဿနာဖြစ်လာတော့မှ ဖြစ်တဲ့ နေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာ ၊ လူစုခွဲ ၊ အခြေအနေကိုထိမ်းသိမ်းဆိုတဲ့ ဆန်စင်ရာ ကျည်ပွေ့ လိုက်တဲ့ အလုပ်ကိုပဲ လုပ်နေကြမှာလား ၊ ပြဿနာရဲ့အရင်းအမြစ်ကို ကိုင်တွယ်ဖြေရှင်းဖို့ မလုပ်ကြတော့ ဘူးလား ၊ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိကြတော့ဘူးလား ။

 အဲဒီနေအိမ် အဲဒီမိသားစုမှာ သူတို့သတင်းပေးတိုင်ကြားတဲ့အတိုင်း တရားမ၀င် ခိုးဝင်ဘင်္ဂါလီမရှိဘူး ဆိုကတည်းက အဲဒီမျိုးချစ်ဆိုသူ ရဟန်းတွေဟာ မဟုတ်မမှန်လုပ်ကြံ လည်ဆည်တိုင်ကြားခြင်းဖြစ်ကြောင်း ပေါ်လွင်နေတယ် ။ မဟုတ်မမှန်လုပ်ကြံပြီး တိုင်ကြားတာကို အရေးမယူဘူးလား ။ ရဲတပ်ဖွဲ့တာဝန်ရှိသူက စစ်ဆေးလို့ တရားဝင်အထောက်အထားပြနိုင်တဲ့ ပြည်သူတွေကို ရဲစခန်းကို ခေါ်လာပြီးစစ်ဆေးပါလို့ ပြောတာ ဟာ ရဲလုပ်ငန်းတာဝန်ထမ်းဆောင်တာကို ၀င်ရောက်စွက်ဖက်တာမဟုတ်ဘူးလား ၊ ၀တ္တရားနှောက်ယှက်မှု နဲ့ မညိစွန်းတော့ဘူးလား ၊ အဲဒီလို မဟုတ်မမှန်လုပ်ကြံတိုင်ကြားပြီး ရပ်ရွာအေးချမ်းမှုကို ဖျက်ဆီးဖို့ လုပ် ဆောင်တာ ကို အေ၇းယူအပြစ်ပေးဖို့ တရားဥပဒေတွေ ပြဌာန်းထားတာမရှိဘူးလား ။

ဒီဖြစ်ရပ်ကတော့ မြန်မာနိုင်ငံမှာ အဲဒီလို မျိုးချစ်ဆိုတဲ့သူတွေ မျိုးစောင့်ဆိုတဲ့သူတွေနဲ့ အမျိုးသားရေးကို ဘန်းပြပြီး သော့သွမ်းသောင်းကျန်းနေတဲ့ အရေခြုံတချို့ဟာ  အေးချမ်းတည်ငြိမ်နေတဲ့ လူ့အသိုင်းအ၀ိုင်း ၊ ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေထိုင်တဲ့ လူ့ ပတ်ဝန်း ကျင်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးဖို့ ဆက်တိုက် ကြိုးစား အား ထုတ်နေကြပြီဆိုတာကို အထင်အရှားပြလိုက်တာပါပဲ ။ ပြည်သူတွေရဲ့ ဘ၀လုံခြုံမှု ၊ အေးချမ်းစွာနေထိုင် လုပ်ကိုင်စား သောက်နေထိုင်မှုကို အထင်အရှားခြိမ်းခြောက်လိုက်တာပါပဲ ။ အထက်မှာတင်ပြခဲ့သလိုပါပဲ အချိန်မီမ ထိမ်းသိမ်းနိုင်ခဲ့ရင် ဒုတိယမိထ္ထီလာ အရေးအခင်းတခုဖြစ်သွားနိုင်ပါတယ် ။ အဲဒါဟာ အလွန်အန္တရာယ်ကြီးလှပါတယ် ။

ဒီလိုလူတွေကို အပြစ်ပေးအရေးယူဖို့ ၊ ဒီလူတွေရဲ့ အန္တရာယ်ကနေ ပြည်သူတွေကို ကာကွယ်ပေးဖို့ ၊ ပြည်သူတွေရဲ့ ဘ၀လုံခြုံရေးကို တာဝန်ယူ ဖော်ဆောင်ပေးဖို့ဟာ ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ ။
ဒါဟာ ပြည်ထဲအရေးကိုပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိလုပ်နေတဲ့ လုပ်ရပ်ပါ ။ ပြည်ထဲအရေးကို အေးချမ်းအောင် ဘယ်လိုစီမံကြမှာလဲ ၊ ဘယ်သူတွေမှာ တာဝန်ရှိသလဲ ။ ပြည်ထဲအရေးကိုမအေးအောင် တမင်ဖန်တီး နေတဲ့သူတွေကို သိသိကြီး နဲ့ ကြိုတင်မဟန့်တားကြဘူး ၊ အရေးမယူကြဘူးဆိုရင်တော့ ဖြစ်လာမဲ့ ပြဿနာတွေမှာ ပြည်သူတွေ လက်ညိုး ထိုးစရာဟာ သက်ဆိုင်ရာ တာဝန်ရှိသူတွေပဲဖြစ်လိမ့်မယ်လို့ အလေး အနက် သတိပေးလိုက်ပါတယ် ။

ထင်လင်းဦး (Wisdom Villa)

No comments:

Post a Comment