Latest News

Monday, May 1, 2017

အင်္ဂပူမြို့နယ်တွင် လေပြင်းတိုက်ခတ်၊ အိမ်ခြေ ၈၁ လုံး ပျက်စီးဆုံးရှုံး


အင်္ဂပူမြို့နယ်တွင် လေပြင်းတိုက်ခတ်၊ အိမ်ခြေ ၈၁ လုံး ပျက်စီးဆုံးရှုံး


ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်မှာ မေလ ၁ ရက်နေ့ ညနေပိုင်းက လေပြင်း တိုက်ခတ်တဲ့အတွက် ဘုန်းတော်ကြီးကျောင်းအပါအ၀င် လူနေအိမ် ၈၁ လုံး ပြိုကျ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

မေလ ၁ ရက် ညနေ ၅ နာရီ ၃၅ မိနစ်လောက်ကနေ ၅ နာရီ ၄၅ မိနစ်အထိ ၁၀ မိနစ်ကြာ လေဆင်နှမောင်းတိုက်ခတ်ခဲ့တဲ့အတွက် အင်္ဂပူမြို့နယ်တွင်း ကံဘက်ကျေးရွာအုပ်စုထဲက ကံဘဲကျေးရွာ၊ ရှမ်းစုကျေးရွာ၊ သာယာကုန်း ကျေးရွာတွေနဲ့  ဝက်သေကျေးရွာအုပ်စုအတွင်းရှိ ဇီပင်းကွင်း (အနောက်)ကျေးရွာတွေက အိမ်ခြေ ၈၁ လုံး ပျက်စီးဆုံးရှုံးခဲ့တာပါ။

လေဆင်နှာမောင်း တိုက်ခဲ့တဲ့အတွက် ကံဘက်ကျေးရွာအုပ်စု ကံဘက်ကျေးရွာမှာ ထရံကာ သွပ်မိုး လူနေအိမ် ၂ လုံး ပြိုကျခဲ့ပြီး ၂၄ လုံးမှာ အိမ်အမိုးသွပ်များ လန်ခဲ့ပြီး ရှမ်းစုကျေးရွာမှာတော့ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းအပါအဝင် လူနေအိမ် ၇ လုံး ပြိုကျခဲ့ပြီး၊ လူနေအိမ် ၄၄ လုံး အမိုးလန် ပြိုကျခဲ့ပါတယ်။ သာယာကုန်းကျေးရွာမှာတော့ နေအိမ် ၂ လုံးပြိုကျခဲ့ပါတယ်။ ဒါအပြင် ၀က်သေကျေးရွာအုပ်စု ဇီးပင်ကွင်း(အနောက်)ကျေးရွာမှာ လူနေအိမ် ၁ လုံး အမိုးလန် ပျက်စီးခဲ့ပါ တယ်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၈၁ အိမ်၊ အိမ်ထောင်စု ၈၁ စု၊ ကျား ၁၄၇ ဦး၊ မ ၁၄၂ ဦး စုစုပေါင်း လူဦးရေ  ၂၈၉ ဦး လေဘေးသင့်ခဲ့ကြပြီး ဆုံးရှုံးမှု တန်ဖိုးငွေ သိန်း ၁၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ကံဘက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းမင်းလတ်က ဒီဗွီဘီကို ပြောပါတယ်။

ရှမ်းစုဒေသခံ ဦးမြင့်ဦးက “သဘာဝဘေးဖြစ်တာကတော့ ဘယ်တတ်နိုင်မလဲ။ ဒါပေမယ့် အစိုးရအနေနဲ့တော့ မျှော်လင့်မှုတွေ ထားပါတယ်။ ကူညီမှုတွေ ပေးစေချင်ပါတယ်။ အဓိက ကတော့ ဘုန်းတော်ကြီး ကျောင်းကို အစိုးရအနေနဲ့ ထောက်ပံ့မှုတွေ အမြန်ပေးစေချင်တယ်” လို့ ပြောပါတယ်။

လေဘေးသင့်ပြည်သူတွေကို မြို့နယ်အာဏာပိုင်တွေနဲ့ တပ်မတော်သားတွေ အပါအဝင် လူမှုရေးအဖွဲ့တွေ ပူပေါင်းပြီး ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

သတင်း - သန်းထိုက်မြင့်

DVB

No comments:

Post a Comment