Latest News

Monday, May 1, 2017

ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး အမြတ် မထုတ်ရန် အလုပ်သမား အဖွဲ့များကို သမ္မတက မေးဒေးနေ့၌ သတိပေး

ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး အမြတ် မထုတ်ရန် အလုပ်သမား အဖွဲ့များကို သမ္မတက မေးဒေးနေ့၌ သတိပေး

အလုပ်သမား အဖွဲ့အစည်းတွေဟာ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်ဖို့ ဖွဲ့စည်းထားတာ မဟုတ်ဘူး ဆိုတာ အထူး သတိပြုကြဖို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က သတိပေး ပြောကြားလိုက် ပါတယ်။
ဒီကနေ့ မေလ ၁ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ အလုပ်သမားနေ့ (မေဒေးနေ့) အထိမ်းအမှတ် အခမ်းအနား သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ သမ္မတက ခုလို ပြောကြားထားတာ ဖြစ်ပါတယ်။

“အလုပ်သမားများ အနေနဲ့ ပြင်ဆင် ပြဋ္ဌာန်းထားတဲ့ အလုပ်သမား အဖွဲ့အစည်း ဥပဒေနဲ့အညီ အဖွဲ့အစည်းဝင် အလုပ်သမားများ ကိုယ်တိုင် ဖွဲ့စည်းပုံ စည်းမျဉ်းနဲ့ လုပ်ငန်းစဉ် များကို ချမှတ်ပြီး လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိတဲ့ အလုပ်သမား အဖွဲ့အစည်းများလည်း ပေါ်ပေါက် လာပြီ ဖြစ်ပါတယ်။ ဒီလို အဖွဲ့အစည်းတွေဟာ ကိုယ့် အဖွဲ့အစည်း၊ ကိုယ့် အသိုက်အဝန်း၊ ကိုယ့် အဖွဲ့ဝင်တွေရဲ့ အကျိုးစီးပွား ဖော်ဆောင်ပေးဖို့ အတွက် ဖွဲ့စည်းထားတာ ဖြစ်ပြီး ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်ရန် ဖွဲ့စည်းထားခြင်း မဟုတ်သလို အထူး သတိပြုကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။”

နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အလုပ်သမားနဲ့ အလုပ်ရှင်တွေ ပူးပေါင်းပြီး ပြိုင်တူ ကြိုးပမ်း အားထုတ် ကြဖို့လည်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က တိုက်တွန်း ပြောပါတယ်။
“နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အလုပ်သမား များရဲ့ လုပ်အားနဲ့ အကောင် အထည်ဖော်ရာမှာ အလုပ်သမား ထုရဲ့ အင်အားက အဓိကကျသလို အလုပ်သမားတွေ အတွက် အလုပ်အကိုင်တွေ ဖန်တီး ပေးတဲ့ အလုပ်ရှင် ဆိုတာကလည်း မရှိမဖြစ်တဲ့ မိတ်ဖက် တစ်ဦး ဖြစ်တယ် ဆိုတာ မငြင်းနိုင်တဲ့ အချက် ဖြစ်ပါတယ်။ ဒီမိတ်ဖက် နှစ်ဦးရဲ့ ဟန်ချက်ညီတဲ့ တွန်းအားက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု ဆိုတဲ့ အရွေ့ကို ဖြစ်ပေါ်စေမယ် ဆိုတာ အထူး ပြောစရာ မလိုပါဘူး။ ဒါကြောင့် နိုင်ငံတကာမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက် နေမှုများကို စံနမူနာ ယူပြီး နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် တူညီတဲ့ အင်အားနဲ့ ပြိုင်တူ ကြိုးပမ်း အားထုတ်ကြဖို့ အလေးအနက် တိုက်တွန်းပါတယ်”

ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ အလုပ်သမားနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ကမ္ဘာ့ နိုင်ငံ အသီးသီးမှာ ကျင်းပကျသလို မြန်မာနိုင်ငံ မှာလည်း ရန်ကုန် အပါအ၀င် ပြည်နယ်နဲ့ တိုင်း အသီးသီးက မြို့တွေနယ်တွေ မှာလည်း အလုပ်သမား အဖွဲ့အစည်းတွေနဲ့ အလုပ်သမားတွေ ပူးပေါင်း ကျင်းပခဲ့ကြပါတယ်။

DVB

No comments:

Post a Comment