Latest News

Monday, May 1, 2017

သို့ ... ဦးဖြိုးမင်းသိန်း၊ ရန်ကုန်ဝန်ကြီးချုပ်q

သို့ ... ဦးဖြိုးမင်းသိန်း၊ ရန်ကုန်ဝန်ကြီးချုပ်

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ပြောင်းလဲရေးတစ်ခု လုပ်ပြီးချိန်တိုင်း ဝေဖန်သံနှင့် အားမရသံများက အနောက်မှ အမြဲလိုလို ကပ်ပါလာခဲ့သည်။ တစ်နည်းအားဖြင့် စေတနာ ကောင်းသော်လည်း အကောင်ထည်ဖော်ရာတွင် စနစ်မကျခြင်းကြောင့် ဝေဖန်နေကြခြင်း ဖြစ်သည်။

ပြည်သူတွေအနေနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ပြုပြင်ပြောင်းလဲစရာများစွာ ရှိသည်ကို လက်ခံကြသည်။ ပြောင်းလဲခြင်း နောက်ကွယ်က ဖြစ်ပေါ်လာမည့် ကောင်းကျိုး၊ ဆိုးကျိုးကိုလည်း ဝန်ကြီးချုပ်၏ မိခင်ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကြောင့် ချစ်ခင်သူအပေါင်းက တစ်ပြိုင်တည်း လက်ခံထားပုံရသည်။

NLD ကို ပြည်သူအများစု ချစ်ကြသည်။ ပြောင်းလဲလိုသူတွေက လိုအပ်ချိန်တိုင်း အင်တိုက်အားတိုက် ဝန်းရံကြသည်။ နားလည်တတ်ကျွမ်းသူများ အကြံဉာဏ် ဝိုင်းဝန်းပေးကြသည်။ ဝန်းရံသူနှင့် တတ်ကျွမ်းသူ များလွန်းသဖြင့် အဖြေမှန်များ ရွေးရခက်နေလေသလော။

ခြောက်အိပ်မက်များ

တိုင်းအစိုးရသက်တမ်း တစ်နှစ်ပြည့်ခဲ့လေပြီ။

ကြီးမားသည့် အပြောင်းအလဲ ခြောက်ခုကိုလည်း ဝန်ကြီးချုပ် လုပ်ခဲ့သည်။ သင်္ကြန်၊ အထပ်မြင့် တိုက်ဆောက်လုပ်ရေး၊ လမ်းဘေးဈေးသည်၊ ကျူးကျော်၊ ကွန်တိန်နာကားနှင့် ရန်ကုန်ဘတ်စ်ကားလိုင်း (YBS) တို့ ဖြစ်သည်။ အပြောင်းအလဲတိုင်းလိုလိုပင် ရန်ကုန်လူထုကို နှစ်ပိုင်းကွဲအောင် ကိုင်လှုပ်နိုင်ခဲ့သည်။

The Voice Weekly က ရန်ကုန်တိုင်းအတွင်းရှိ အသက် ၁၆ နှစ်ပြည့်ပြီး လူဦးရေတစ်ရာကို စစ်တမ်းကောက်ခဲ့ရာတွင် အထပ်မြင့် ဆောက်လုပ်ရေး ရပ်ဆိုင်းခြင်းကို ပြည်သူ ၆၄ ရာခိုင်နှုန်းက ကြိုက်နှစ်သက်ခဲ့သည်။ သင်္ကြန်မဏ္ဍပ် တည်ဆောက်ခွင့် ပိတ်ပင်ခြင်းတွင်လည်း ၆၀ ရာခိုင်နှုန်း ကြိုက်နှစ်သက်ခဲ့သည်။

ပထမ အပြောင်းအလဲ ရန်ကုန်သင်္ကြန်။ ရေရှားပါးသည့် အချိန်နှင့် တိုက်ဆိုင်ခဲ့၍သာ ယခင်နှစ် ရန်ကုန်သင်္ကြန် အသံပေါင်းစုံ မထွက်ခဲ့သဖြင့် ဝန်ကြီးချုပ်  ကံကောင်းခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော် ယခုနှစ်တွင် သင်္ကြန်ကျင်းပပုံနှင့် တာဝန်ခွဲဝေပုံ နှိုင်းယှဉ်စရာ ပေါ်လာခဲ့သည်။ ရန်ကုန်သင်္ကြန်နှင့် မန္တလေးလမ်းလျှောက် သင်္ကြန်ကွာခြားပုံ၊ မန်းသင်္ကြန်ကို မန်းမြို့တော်ဝန် လုပ်ကိုင်ခွင့်ရပုံတို့ကို သာသာထိုးထိုး ဝေဖန်ကြသည်။ ပညာရှင်ဆန်ဆန် နှိုင်းယှဉ်နေကြသည်။

ရိုးရာသင်္ကြန်မပျက်ဘဲ ဆန်းသစ်တီထွင်နိုင်ခြင်း၊ တာဝန်ခွဲဝေတတ်ခြင်းတို့ကြောင့် မန္တလေးကို အမှတ်ပိုပေးလိုက်ကြသည်။ ရန်ကုန်တွင်ကား ရိုးရာမပျက် ရေကစားနိုင်သော်လည်း သပြေခက်ဖြင့်သာ ရေကစားသည့်ခေတ်သို့ ဝန်ကြီးချုပ်က ဆွဲခေါ်နေသည့်အတွက် ရန်ကုန်လူထု၏ ဝေဖန်သံဖြင့် ချီးကျူးထောပနာ ပြုကြသည်။

သင်္ကြန်ဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး ရေလောင်းရသည့် ပွဲဟုသာ နားလည်သည့် အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ရေကစားပွဲတော် ကျင်းပရာသို့ နိုင်ငံခြားသား အများစု လာရောက်လည်ပတ်ခြင်းဖြင့် တိုင်းပြည်ဝင်ငွေ ရှာနေသည်ကို ဝန်ကြီးချုပ် မေ့လျော့နေသည်ဟု ထင်သည်။

ထိုင်းနိုင်ငံကဲ့သို့ တရုတ်နိုင်ငံတွင်လည်း ယခုနှစ်၌ သင်္ကြန်ပွဲတော်ကို ခမ်းနားစွာ ကျင်းပပြန်သည်။ ပြောင်းလဲလာသည့် ခေတ်အနေထားအရ ယဉ်ကျေးမှု မပျောက်အောင်အပြင် ထပ်ဆောင်းအကျိုးအမြတ်ရအောင် ဘာလုပ်ရမလဲ ဆိုသည်ကို စဉ်းစားသင့်ပေသည်။ မိမိတစ်ယောက်တည်း သိမ်းကျုံးလုပ်ဆောင်ခြင်းထက် ကဏ္ဍအလိုက် တာဝန်ခွဲဝေတတ်ရန်လည်း လိုအပ်နေသည်။

တိုင်းအစိုးရ၏ အလျင်စလို ဆန္ဒစောစွာ ပြုလုပ်သည့် ပြောင်းလဲမှုတိုင်းတွင် ရန်ကုန်လူထု လိုက်ပါနေရသည်ကို သတိချပ်သင့်ပေသည်။ ရန်ကုန်လူထုဟု ဆိုလိုက်လျှင် တစ်တိုင်းပြည်လုံးရှိ အိမ်ထောင်စုများ၏ အမျိုးအဆွေများလည်း ပါသည်။ တိုင်းရင်းသားပေါင်းစုံလည်း ပါနေသည်။ ရန်ကုန်မှာ သတိကြီးကြီး ကိုင်တွယ်ရမည့် နေရာတစ်ခု ဖြစ်သလို ရန်ကုန်တိုင်း ဝန်ကြီးချုပ် နေရာမှာလည်း စေတနာကောင်းရုံအပြင် စမတ်ကျဖို့ပါ လိုအပ်နေသည်။

“သူက Hot Issues (နာမည်ကြီးကိစ္စ) မှန်သမျှ လိုက်လုပ်သလို ဖြစ်နေတယ်။ သူ့မှာတိကျတဲ့ မူဝါဒ မရှိဘူး။ စီမံချက်မရှိဘူး။ မလုပ်ခင် ပြည်သူ့သဘောထားစစ်တမ်း ကောက်တာတွေလည်း မတွေ့ရဘူး။ ကြုံသလို လုပ်နေတယ်။ ဝန်ကြီးချုပ်အနေနဲ့ အဲဒီအဆင့်ထက်တော့ ပိုလုပ်ရမှာပေါ့” ဟု ယခင် ရန်ကုန်တိုင်းလွှတ်တော်တွင် အလုပ်လုပ်လွန်းသူအဖြစ် နာမည်ကြီးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက မှတ်ချက်ပြုသည်။

ဝန်ကြီးချုပ်၏ စေတနာဖြင့် ရန်ကုန်လူထုစိတ်ကို ထပ်မံကိုင်လှုပ်ခဲ့သည့် YBS မှာ ခြောက်အိပ်မက်လို ယနေ့တိုင် ဒုက္ခရောက်နေဆဲဖြစ်သည်။ သုံးလကျော်ကြာသည်အထိ ယာဉ်အရေအတွက် မလုံလောက်သည့် ပြသနာကြောင့် နေပူပူတွင် ချွေးရွှဲလူပိသည့်ဒဏ်ကို ရန်ကုန်ပြည်သူတို့ ခံစားနေရသည်။

သို့တိုင် ဝန်ကြီးချုပ်က “သုံးရက်နဲ့ အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်” ဟု ကြွေးကြော်ခဲ့သဖြင့် အပြောင်းအလဲအစက ကူညီခဲ့သည့် ပရဟိတအသင်းများနှင့် ရန်ကုန်လူထုက ဝန်ကြီးချုပ် ပြည်သူ့အသံမကြား၊ လူထုထဲ မဆင်းကြောင်း စတင်သိရှိ ရိပ်မိလာကြသည်။

YBS ဆောင်ပုဒ်များစွာလည်း လူမှုကွန်ရက်တွင် ပေါ်ပေါက်ခဲ့သည်။

“အတက်၊ အဆင်းခက် ပြည်သူစိတ်ပျက်၊ ရန်ကုန်အတွက် အကြီးမားဆုံးဂယက်၊ လိုရာမရောက်တဲ့ YBS” ဟု စာချိုးကြတော့သည်။

မ.ထ.သ ကို အမည်ပြောင်းခြင်း သက်သက်မျှသာ ရှိပြီး ကျန်သည့်အတွင်းသား ဘာမျှမပြောင်းဟု ပြောင်ပြောင်တင်းတင်း ဝေဖန်ခံရတော့သည်။ စပယ်ယာများ၏ ဆဲဆိုရိုင်းပျမှုများက ယခင်အတိုင်း။

ဧပြီ ၂၅ ရက်နေ့ကပင် သမိုင်းလမ်းဆုံ မီးပွိုင့်အနီးတွင် အငှားယာဉ်မောင်းကို YBS ယာဉ်မောင်းက သံတုတ်ဖြင့် ရိုက်နှက်သည့် အမှုပေါ်ပေါက်ခဲ့သေးသည်။ မည်သို့ဆိုစေ NLD မှ အမာခံပြည်သူများက ဝန်ကြီးချုပ်၏ စေတနာအမှားကို သိသောကြောင့် ပြင်းထန်စွာ ဝေဖန်ခြင်း မပြုကြ။ သို့သော် YBS စနစ် စီမံခန့်ခွဲမှုအကြောင်း ရန်ကုန်တိုင်းလွှတ်တော်တွင် ဆွေးနွေးမည့် ဧပြီ ၂၄ရက်နေ့တွင် YBS အတွက် တာဝန်အရှိဆုံး ဝန်ကြီးချုပ်က လွှတ်တော်ကို ခွင့်တိုင်ကာ ဒုတိယသမ္မတ၏ ရန်ကုန်အပြန် ခရီးကို သွားရောက်ကြိုဆိုနေသည်ကို သိရချိန်တွင် NLD အမာခံများထဲမှ အချို့ပင် ပြည်သူများနှင့်အတူ စတင်ဝေဖန်တော့သည်။

“ကိုယ်တာဝန်ယူရမယ့် ကိစ္စကျတော့ ခေါင်းမခံချင်ဘူး။ တခြားကိစ္စတွေအကြောင်း ပြတယ်။ လွှတ်တော်ကို ခွင့်တိုင်တယ်” ဟု NLD ကို အစဉ်တစိုက် ထောက်ခံလာသူ နိုင်ငံရေးသတင်းသမားတစ်ဦးက ဝေဖန်သည်။

ဒဂုံမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျာထွေးက “ပြည်သူ့ အတွက် YBS မဟုတ်ဘူး၊ ပြည်သူစိတ်ပျက် YBS ဖြစ်နေပြီ” ဟု ယင်းနေ့ တိုင်းလွှတ်တော်အစည်းအဝေးတွင် ထောက်ပြဆွေးနွေးထားသည်။

လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကလည်း ဘတ်စ်ကား ခရီးသည်များအတွက် အရေးပါသည့် မူဝါဒကို ဘတ်စ်ကား အမှန်တကယ် စီးနင်းသူများ ပါဝင်ဆွေးနွေးသင့်သော်လည်း လက်တွေ့တွင် ဘတ်စ်ကား တစ်ကြိမ်မျှ မစီးဖူးသူများ ထိုင်ရေးဆွဲသည့် စားပွဲပေါ်က မူဝါဒ ဖြစ်သွားကြောင်း၊ ငွေကြေးသုံးစွဲရာတွင် ပွင့်လင်းမြင်သာမှုရှိရန် လိုကြောင်းများလည်း ဆွေးနွေးခဲ့သည်။

မည်သို့ဆိုစေ ဝေဖန်သံများ၊ အကြံပြုချက်များကို ဝန်ကြီးချုပ် နားမထောင်ခဲ့။ ယင်းအပြင် တစ်ပတ်လည်ခဲ့သည့် ဝန်ကြီးချုပ်၏ ဆုံးဖြတ်ချက်များကြောင့်လည်း ဝန်းရံသူများကို အားလျော့စေခဲ့သည်။ ဝန်းရံသူများအနက် NLD ပါတီ အမှုဆောင်အဖွဲ့ဝင်များနှင့် နီးစပ်ပြီး ပါတီက ဖွင့်လှစ်သည့် သင်တန်းများတွင် စီမံခန့်ခွဲခြင်းဆိုင်ရာများ သင်ကြားပေးနေသူတစ်ဦးက ယခုကဲ့သို့ ဆိုသည်။

“အထပ်မြင့်တိုက်ကိစ္စ ကြည့်လိုက် ပြန်စစ်မယ်ဆိုပြီး ရပ်လိုက်တယ်၊ တတ်သိသူတွေနဲ့ ကော်မတီဖွဲ့တယ်။ ပညာရှင်တွေကလည်း ပါလာကြတယ်။ ဆွေးနွေးကြတယ်။ စနစ်ကျအောင် လုပ်ကြတော့မယ့် အချိန်မှာ စီးပွားရေးသမားတွေဘက်က ထအော်တော့ ချက်ချင်းကြီး အရင်တိုင်း လုပ်ခွင့်ပြန်ပေးလိုက်တယ်” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် သင်္ကြန်စီးပွားဖြစ် မဏ္ဍပ်များ တည်ဆောက်ခွင့်မပြု ဆိုသည့် အမိန့်မှာလည်း ယခုနှစ်တွင် ကွင်းအကြီးများအတွင်း တည်ဆောက်ခွင့် ပြန်ပေးလိုက်ပြန်သည်။ ပေးပြန်သော်လည်း တိကျစွာ မဆုံးဖြတ်သဖြင့် ပြင်ဆင်ချိန်မရှိဘဲ သင်္ကြန်နီးမှ ကပ်ပေးသဖြင့် အဆင်မပြေ ဖြစ်ရကြောင်း နှစ်စဉ်မဏ္ဍပ် တည်ဆောက်ခြင်းနှင့် နိုင်ငံခြားမှ DJ များ ခေါ်ယူကာ ပွဲစီစဉ်လေ့ရှိသူ တစ်ဦးက ဆိုသည်။

နောက်တစ်ခုမှာ ကျူးကျော်ကိစ္စ ဖြစ်သည်။

ကျူးကျော်နေထိုင်သူများစာရင်း ကောက်ခြင်းကို ကြိုဆိုကြသည်။ သို့သော် ကျူးကျော်တွေ ပိုများလာသည့် အဖြစ်သို့ပင် ရောက်နေချိန်တွင် ဘာမျှဆက်မလုပ်တော့။ The Voice Weekly ၏ စစ်တမ်းအရဆိုလျှင် ကျူးကျော်စာရင်း ကောက်ခြင်းကို ပြည်သူ ၈၉ ရာခိုင်နှုန်းက ကြိုက်နှစ်သက်ကြသည်။ တိုင်းအစိုးရမှာသာ တိကျသည့် မဟာဗျူဟာများရှိလျှင် ဆက်လက်အကောင်အထည် ဖော်သင့်သည်။ သို့သော် တိုင်းအစိုးရက ဘာမျှဆက်မလုပ်တော့။ ကွန်တိန်နာကား နေ့မမောင်းရ အမိန့်အပေါ်တွင်လည်း ရန်ကုန်ပြည်သူ ၇၉ ရာခိုင်နှုန်းက ထောက်ခံကြသည်။ သို့သော် နောက်ပိုင်းတွင် နေ့မောင်းနိုင်သည့် အချိန်အကန့်အသတ် အသစ်များ ထပ်ထွက်လာပြန်သည်။

ယင်းသို့ မူဝါဒများ ပြန်ပြန်လှည့်သွားရခြင်းမှာ အဘယ်ကြောင့်နည်း။

ဆုံးဖြတ်ချက် မခိုင်မာခြင်းမှာ မလုပ်ဆောင်ခင်ကပင် ကဏ္ဍအလိုက် ပါဝင်ပတ်သက်နေသူများနှင့် ကောင်းမွန်စွာ ဆွေးနွေးမှု၊ အကြံယူမှု၊ ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့် ဖြစ်ကြောင်း ပညာရှင်များက ထောက်ပြကြသည်။

သို့သော် အခြားတစ်ဖက်တွင်လည်း ပြည်သူ့အသံကို နားထောင်သည်ဟု ထင်မြင်သူလည်း များစွာရှိသည်။

The Voice Weekly ၏ စစ်တမ်းအရ လူထုအသံကို ဝန်ကြီးချုပ် နားထောင်ပြီးမှ လုပ်ငန်းများ ဆောင်ရွက်သည်ဟု မှတ်ချက်ပေးသူမှာ ၆၄ ရာခိုင်နှုန်း ရှိနေသည်။

ရန်ကုန်ပြည်သူတစ်ဦး ဖြစ်သလို ကမ္ဘောဇဘဏ်မှ အကြီးတန်းအကြံပေး ဦးသန်းလွင်ကမူ “ဝန်ကြီးချုပ်ကတော့ အရာရာတိုင်းကို နားမလည်နိုင်ဘူးလေ။ အဲဒီတော့ မှားမယ်။ မမှားအောင်က ပတ်ဝန်းကျင်မှာ ဘက်စုံတော်တဲ့ အကြံပေးတွေ ထားရမယ်။ ဟာကွက်တစ်ခုက အဲဒါပဲ” ဟု ၎င်းက ဆိုသည်။

“အပြောင်းအလဲကာလ ချောမွေ့အောင် မလုပ်တတ်ဘူး။ ပညာရှင်မသုံးဘူး။ တကယ်ဆို ဒါက ဧရာမ အပြောင်းလဲကြီးပါ။ ပညာရှင် ခပ်များများသုံးမှ အကြား၊ အမြင် ပိုများမယ်”


အထပ်မြင့်တိုက်များ ရပ်လိုက်သည့် ကိစ္စတွင် ရန်ကုန်အောက်ခြေလူထုမှ အလုပ်လက်မဲ့များစွာ ပေါ်ထွက်လာသဖြင့်  စည်းကမ်းတစ်ခု ကိုင်တွယ်မည်ဆိုလျှင် အခြေအနေနှင့် အချိန်အခါ၊ ဘေးထွက်ဆိုးကျိုးများကို တွက်ဆရန် လိုအပ်ကြောင်း၊ ရုတ်တရက် ပြောင်းလဲခြင်းကို ရှောင်ရှားပြီး စည်းကမ်းအတိုင်း ဖြစ်စေရန် ကြပ်မတ်မည် ဆိုလျှင်လည်း တဖြည်းဖြည်း လုပ်သင့်ကြောင်း ဦးသန်းလွင်က အကြံပေး ပြောကြားသည်။

ဆောက်လုပ်ရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ အကြံပေး စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကမူ မြန်မာနိုင်ငံ စုစုပေါင်း ပြည်တွင်းထုတ်ကုန်၏ ၅၀ ရာခိုင်နှုန်းကျော်ရှိသော ရန်ကုန်ကို စီးပွားရေးအရ တက်လာရန် ဦးစားပေးသင့်သည်ဟု ဆိုသည်။

“ရန်ကုန်စီးပွားရေးတက်မှ ကျန်တဲ့တိုင်းတွေ အသက်ရှူချောင်မယ်” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် အချို့ကိစ္စရပ်များမှာ ရန်ကုန်စီးပွားရေး တက်လာလျှင် သူ့အလိုလို အဆင်ပြေသွားမည်များလည်း ရှိနေသည်။ ဥပမာ ကျူးကျော်ကိစ္စ။ ကျူးကျော်နေထိုင်နေသည့်တိုင် ၎င်းတို့တွင် အိမ်လခသဖွယ် ဆက်ကြေးပေးနေရသည့် ပိုင်ရာဆိုင်ရာများ ရှိနေသည်။ တိုင်းစီးပွားရေး တိုးတက်ပြီး ဝင်ငွေ ရှိလာလျှင် အစိုးရနှင့် လုပ်ငန်းရှင်ပေါင်းကာ တန်ဖိုးနည်းအိမ်ရာများ အကောင်အထည်ဖော်ပေးနိုင်မည်။

သို့ဆိုလျှင် ကျူးကျော်နေထိုင်သူများ ဆက်ကြေးပေးနေရသည့် ငွေများကို အိမ်ဝယ်ရန် အရစ်ကျ ငွေသွင်းခိုင်းလို့ရသည်။ စသဖြင့် စီးပွားရေး အောင်မြင်လာလျှင် အချို့ကိစ္စများ အဆင်ပြေသွားနိုင်သည်။

ကောက်ယူထားသော စစ်တမ်းအရ ရန်ကုန်အစိုးရ တစ်နှစ်အတွင်း ပြုပြင်ပြောင်းလဲရန် ကြိုးစားခဲ့သည့် လုပ်ငန်းများအပေါ် ပြည်သူအများစု ကြိုက်နှစ်သက်ခဲ့သော်လည်း အကောက်အထည်ဖော် ရလဒ်များတွင် အိုးနင်းခွက်နင်း ဖြစ်ခဲ့သည်။

“သူလုပ်တဲ့ ကိစ္စတွေက နောက်ကြောင်းပြန်တာတွေ များတယ်” ဟု NLD ပါတီတွင် အနီးကပ် ဝင်ရောက်လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

စီးပွားရေးနှစ်သို့

တွေ့ဆုံမေးမြန်းမှု အချို့အရ ရန်ကုန်တိုင်းအစိုးရ သက်တမ်း၏ ဒုတိယနှစ်မှာ စီးပွားရေးနှစ် ဖြစ်သင့်သည်ဟု ဖြေဆိုကြသည်။ သို့ဆိုလျှင် တိုင်းအစိုးရ အနေနှင့် စီးပွားရေး တိုးတက်လာရန် မည်သို့ လုပ်ဆောင်နိုင်မည်နည်း။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကမူ
“အဓိက က လုပ်ငန်းတွေ ဖော်ဆောင်ပေးရမယ်။ ဥပမာ မြို့သစ်စီမံကိန်းတို့၊ စက်မှုဇုန်တွေ ဖော်ထုတ်တာတို့ အားပေးရမယ်။ တင်ပြရင်လည်း ခွင့်ပြုပေးရမယ်။ ခွင့်ပြုပြီး အခွန်ကောက်ပေါ့” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် တိုင်းအစိုးရက စီးပွားရေး လုပ်ငန်းများဘက် မလှည့်ဘဲ ငုတ်တုတ်ထိုင်နေသလို ဖြစ်နေပြီး လည်ပတ်နေသည့် လုပ်ငန်းများ ထိခိုက်စေသည့် အထပ်မြင့်တိုက် စစ်ဆေးရန် ရပ်တန့်ခြင်းမျိုးနှင့် ကွန်တိန်နာကားများ နေ့မထွက်ရ အမိန့်ပေးခြင်းတို့ကြောင့် စီးပွားရေးတန့်နေကြောင်း ၎င်းက ဆိုသည်။
“စည်ကမ်းနောက်မှကိုင်ပါ။ စီးပွားရေး အရင်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပါ” ဟု ၎င်းက ဆိုပြန်သည်။

အမည်မဖော်လိုသည့် စီးပွားရေး လုပ်ငန်းရှင်ကလည်း ရန်ကုန်တိုင်း စီးပွားရေး တက်လာရန် တိုင်းအစိုးရနေရာက များစွာလုပ်နိုင်သည်ဟု ဆိုပြန်သည်။ အသေးစားနှင့် အလတ်စား လုပ်ငန်းများ (SME) အတွက် စက်မှုဇုန်အသေးစားများ အကောင်ထည်ဖော်နိုင်သလို တစ်ဖက်တွင် ကူညီလိုသဖြင့် လာရောက်မေးမြန်းနေသည့် များပြားလှသော စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံတကာမှ တတ်သိပညာရှင်များ ခေါ်ယူကာ သက်ဆိုင်ရာ ကဏ္ဍအလိုက် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲများ၊ စီးပွားရေးဆိုင်ရာ တွေ့ဆုံဖလှယ်ပွဲများ ပြုလုပ်ကာ စီးပွားဖက် ရနိုင်သည့် အခွင့်အလမ်းတည် ဆောက်ပေးနိုင်ကြောင်း ၎င်းက ဆိုသည်။

“ခေါင်းစဉ်မျိုးစုံနဲ့ SME တွေကို ကူညီမယ့် နည်းပညာဆိုင်ရာပွဲတွေ လုပ်လို့ရတယ်။ ဥပမာ မုန့်တွေ တာရှည်ခံအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းပညာမျိုးတွေလည်း ဖြစ်နိုင်တယ်။ ဘဏ်တွေခေါ်တွေ့ပြီး SME တွေကို အပေါင်မလိုဘဲ ငွေချေးလို့ရအောင် ဘယ်လိုလုပ်မလဲ ဆွေးနွေးအကြံပေးခိုင်းတာမျိုးတွေပေါ့” ဟု ၎င်းက ဆိုသည်။

တိုင်းအစိုးရက အထပ်မြင့် ကားပါကင်များ တည်ဆောက်ရန် တင်ဒါများ ခေါ်ယူခြင်းဖြင့် လုပ်ငန်းရှင်ကို  စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်နှင့်အတူ အလုပ်သမားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်း တိုးပွားစေနိုင်သည်။

“ခုက ကိုယ်တိုင် လုပ်ငန်းရှင်တိုင်းနဲ့တွေ့ပြီး ရှင်းပြတာတွေ နားထောင်ပြီး နောက်ဆုံး ဘာရွေးရမှန်းမသိ ဖြစ်နေတယ် ဆိုတာမျိုး ပြန်သိရတယ်။ တကယ်က ပညာရှင် ကော်မတီဖွဲ့ပြီး တင်ဒါခေါ် စစ်ချလိုက်ရုံပဲ။ ကိုယ်တိုင်လုပ်နေစရာကို မလိုတာ” ဟု ၎င်းက မှတ်ချက်ပြုသည်။
“ကိုယ်တိုင်အကုန်လုပ်နေတော့ လုပ်ငန်းတွေ မတွင်ကျယ်ဘူး”

လက်ကျန်အိမ်စာ

၂၀၁၇ အတွက် အထက်ပါ စီးပွားရေး အကြောင်းအရာများအပြင် ယခင်ဝန်ကြီးချုပ် လက်ထက်က အိမ်စာများ ကျန်ရှိနေသေးသည်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလက်ထက် ပထမနှစ်အတွင်း လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည့် အရေးကြီးဆုံး အကြောင်းအရာနှစ်ခု ရှိနေသည်။

တစ်ခုမှာ ရန်ကုန်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ ကျင်းပပေးရန်ဖြစ်ပြီး နောက်တစ်ခုမှာ လယ်သမားများထံမှ သိမ်းထားသည့် လယ်ယာများကို ပြန်လည်ပေးအပ်ရန် ဖြစ်သည်။

ယခင် ရန်ကုန်တိုင်းလွှတ်တော်

မြေသိမ်းဆည်းခြင်းဆိုင်ရာ လုပ်ငန်းစုံစမ်း စိစစ်ရေးကော်မရှင်က အတည်ပြုပေးထားသည့် ပြန်လည်ပေးအပ်ရမည့် မြေယာများကို ခုချိန်ထိ ပြည်သူလက်ထဲ မထည့်ပေးနိုင်ခြင်းမှာ ပြည်သူ့အစိုးရ၏ ပျက်ကွက်မှုကြီးဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။

“လွှတ်တော်မှာ အတည်ပြုထားတဲ့ ပြန်ပေးရမယ့် မြေတွေကို အခုထိ အကောင်ထည်ဖော်တာ မရှိသေးဘူး။ အဲဒီလိုတွေ မလုပ်ပေးနိုင်ရင် စီးပွားရေးကိုလည်း အားနည်းနေမှာပဲ” ဟု ရန်ကုန်ပြည်သူတစ်ဦးလည်း ဖြစ်သူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးခိုင်မောင်ရည်ကလည်း မှတ်ချက်ပြုသည်။

အမှန်တွင် လယ်ယာမြေ ပြဿနာများ အမြန်ဆုံး ပြီးပြတ်စေရေးနှင့် စွန့်လွှတ်မြေများကို အမှန်တကယ် သက်ဆိုင်သူများ လက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်ရေး အမြန်ဆုံး မှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက်ပေးရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကိုယ်တိုင်က ၂၀၁၆ ခုနှစ် မေလကတည်းက ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့များကို ညွှန်ကြားထားပြီး ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲကိုလည်း တစ်နှစ်ကျော်ကြာအထိ မကျင်းပပေးနိုင်သေးပေ။ ပြည်သူရွေးချယ်ရမည့် ကိုယ်စားလှယ်လေးဦး မပါဘဲ မြို့တော်ဝန်နှင့် အစိုးရက ခန့်ထားသည့် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် လေးဦးဖြင့် ဘဏ္ဍာငွေ သုံးစွဲကာ လုပ်ငန်း လည်ပတ်နေခြင်းမှာ ဒီမိုကရေစီစနစ်နှင့် သွေဖည်နေကြောင်း ဒေါက်တာညိုညိုသင်းက ထောက်ပြသည်။

“ရွေးကောက်ပွဲလည်း မလုပ်ဘူး။ ဆိုင်ရာဥပဒေကိုလည်း ပြဋ္ဌာန်းဖို့ အားမထုတ်သေးဘူး။ ပြည်သူရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်မပါဘဲ စီမံနေတာ ဒီမိုကရေစီကို မျက်နှာလွှဲတာပဲ” ဟု ၎င်းက ဆိုသည်။


ယင်းအပြင် မြို့သစ်စီမံကိန်းများကို ပွင့်လင်းစွာ တင်ပြပြီး အကောင်ထည်ဖော်ရန်၊ ရန်ကုန်-ဒလ တံတားစီမံကိန်းများနှင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ တံတားစီမံကိန်းများကိုလည်း လူထုကို ရှင်းလင်းအောင် ချပြနိုင်ရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခိုင်မောင်ရည်က ဆိုပြန်သည်။

သို့သော် “မနိုင်သေးရင် မလုပ်သေးဘဲ နိုင်တဲ့နေရာက စလုပ်ရင် ပိုကောင်းမယ်” ဟု ၎င်းက ဆိုပြန်သည်။

အချုပ်ဆိုရလျှင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်မှာ တစ်နှစ်အတွင်း မနိုင်မနင်းဝန်များ ပိနေပြီး အစမ်းသပ်ခံ လုပ်ငန်းများနှင့် လွဲချော်မှုများ ကြုံတွေ့ခဲ့ရသည်။

ယင်းကြောင့် နှစ်သစ် လုပ်ဆောင်ချက်များတွင် ပြည်သူတွေကို အစမ်းသပ်ခံ မဖြစ်စေလိုပါ။

ရန်ကုန်မြို့တော်မှ အသက် ၃၀ ဝန်းကျင် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ဝန်ကြီးချုပ်ကို ယခုကဲ့သို့ မှတ်ချက်ပြုလိုက်သည်။

“ဝန်ကြီးချုပ်က စာမေးပွဲတိုင်း အောင်မြင်ချင်တယ်။ ဒါပေမဲ့ လေ့ကျင့်ခန်း မှန်မှန်မလုပ်၊ စာမကျက်ချင်တဲ့ ကျောင်းသားနဲ့ အလားသဏ္ဌာန် တူနေတယ်”

The Voice

No comments:

Post a Comment