Latest News

Thursday, April 20, 2017

ဘတ်စ်ကားသစ် ရောက်ရှိလာရေးကိုသာ စောင့်မျှော်ရမည့် YBS နှင့် သုံးလအလွန်

ဘတ်စ်ကားသစ် ရောက်ရှိလာရေးကိုသာ စောင့်မျှော်ရမည့် YBS နှင့် သုံးလအလွန်

ရန်ကုန်မြို့တွင် ဘတ်စ်ကားပို့ဆောင်ရေးစနစ်သစ်စတင်ခဲ့သည်မှာ သုံးလပြည့်မြောက်သွားပြီဖြစ်သည်။ YBS စနစ် စတင်ဆောင်ရွက်ချိန်မှ ယနေ့အထိ အဆင်မပြေမှုများ အခက်အခဲများကြုံတွေ့နေရဆဲပင်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အနေဖြင့်လည်း ယာဉ်လိုင်းများ၊ ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်နေရဆဲ အနေအထားပင် ရှိသေးသည်။ စနစ်တခုစတင် ပြောင်းလဲမှုတွင် အချိန်ကာလ သုံးလတာသည် တိုတောင်းသောကာလတခုသာ ဖြစ်သော်လည်း စည်းကမ်းတကျ မောင်းနှင်မှု နှင့် ၀န်ဆောင်မှုပေးနိုင်မှု၊ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်မှုတို့တွင် လိုက်နာမှု မရှိသေးသည်က ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ရာတွင် အချိန်တိုအတွင်း လိုက်ပါပြောင်းလဲကာ ပူးပေါင်းဆောင် ရွက်မှုအားနည်းချက်များ ရှိနေခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ဝေဖန်လျက်ရှိသည်။

YBS စနစ် စတင်ပြောင်းလဲခြင်း တလပြည့်မြောက်ခဲ့သည့်နေ့တွင် YBS စနစ်ပြောင်းလဲခြင်း၏ ဒုတိယမြောက် ခြေလှမ်းအဖြစ် သုံးလတာကာလအလွန်တွင် လက်ရှိစနစ်မှ နောက်ထပ်အဆင့်တဆင့်သို့ အဆင့်မြှင့်တင် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတင်းမီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲလုပ်ကာ တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းမှာ YBS သုံးလအလွန်ကာလဖြစ် သည့်  ဧပြီလကုန်ပိုင်းခန့်ကို   ရည်ညွှန်းပြောကြားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သုံးလတာကာလသို့ ရောက်ရှိလာပြီပင်ဖြစ်သည်။ သို့သော် ထူးခြားပြောင်းလဲသည့် အဆင့်မြှင့်တင်ဆောင်ရွက်မှုများကို တွေ့မြင်ရ ခြင်းမရှိသေးဟု နေ့စဉ်လိုင်းကားစီးခရီးသည်များက မှတ်ချက်ပြုကြသည်။

''အခုထိကတော့ အရင်အတိုင်းပါပဲ။ ဒါပေမဲ့ တချို့လိုင်းတွေကတော့ ကားတွေ ကောင်းလာတာရယ်၊ အဲကွန်းဖွင့်တဲ့ ကားတွေရှိလာတာက ပြောင်းလဲ သွားတာပေါ့။ ကားဟောင်းတွေကတော့ အရင်အတိုင်းပါပဲ။ အဆင်မပြေသေးပါဘူး။ ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာလည်း တချို့လိုင်းတွေက ပိုက်ဆံပိုတောင်းတာ ရှိပါတယ်။ အရင်နှစ်ကထက်စာရင်တော့ သွားရလာရတာ အဆင်ပြေလာတာတော့ ရှိပါတယ်။ ထူးခြားတဲ့ အဆင့် မြင့်သွားတာမျိုးတော့ မရှိသေးပါဘူး'' ဟု တာမွေမြို့နယ်တွင် နေထိုင်သူ ဘတ်စ်ကားစီးခရီးသည်တဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် YBS တလပြည့်ကာလတွင် အစိုးရအဖွဲ့အနေဖြင့် တရုတ်နိုင်ငံအစိုးရနှင့် ချိတ်ဆက်ညှိနှိုင်းကာ ဘတ်စ်ကားသစ်အစီး ၁၀၀၀ ၀ယ်ယူရေးကို ဆောင်ရွက်နေကြောင်း၊ ဧပြီလကုန်ပိုင်းတွင် ကားသစ်များရောက်ရှိလာပါက YBS စနစ်၏ ဒုတိယမြောက်ပြောင်းလဲမှု ခြေလှမ်းအနေဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်မှုကို အဆင့်ဆင့်ပြုလုပ်သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အစိုးရအဖွဲ့အနေဖြင့် နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းချိတ်ဆက်ကာ G to G စနစ်ဖြင့် ဘတ်စ်ကားအသစ်အစီး ၁၀၀၀ ၀ယ်ယူရေးကို တရုတ်နိုင်ငံ YUTONG ကားကုမ္ပဏီနှင့် ဧပြီ ၁၁ ရက်က  အပြီးသတ်စာချုပ်ချုပ်ဆိုဝယ်ယူမှုကို စတင်လိုက်ပြီဖြစ်သည်။ အဆိုပါစာချုပ် ချုပ်ဆို ၀ယ်ယူမှုကြောင့် ဘတ်စ်ကားအသစ် အစီး ၁၀၀၀ လာမည့် မေလကုန်ပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိ လာမည်ဟု ခန့်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့မှတာဝန်ရှိသူတဦးက သုံးသပ်သည်။

''ဘတ်စ်ကားအစီး ၁၀၀၀ ၀ယ်ဖို့ကို ညှိနှိုင်းမှုတွေလုပ်နေရတာကြောင့် နောက်ကျသွားတာပါ။  အဓိကကတော့ သင့်တော်သက်သာတဲ့ ဈေးနှုန်းနဲ့ အဲကွန်းလည်း ဖွင့်နိုင်ပြီး မြန်မာနိုင်ငံရဲ့ ရာသီဥတုလမ်းနဲ့ဆီလျော်တဲ့ အရည်အသွေးမျိုးကိုရရှိဖို့အတွက် ညှိနှိုင်းခဲ့ရတာပါ။ ဒီလို ၀ယ်ယူခဲ့တဲ့အခါမှာလည်း အရင်က ၀ယ်ခဲ့ရတဲ့ဈေး ထက်သက်သာပြီး အရည်အသွေး ပိုင်းကိုလည်း ပြည်တွင်းက နည်းပညာကျွမ်းကျင်တဲ့ မော်တော်ယာဉ်အဖွဲ့ တွေနဲ့ စစ်ဆေးညှိနှိုင်းပြီးတော့မှ ၀ယ်ယူခဲ့တာပါ။ စာချုပ်ချုပ်ပြီး ရက် ၆၀ အတွင်း ကားရောက်ရှိမှာဖြစ်တဲ့ အတွက် မေလကုန်ပိုင်းကို မှန်းထား ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

YBS စနစ် စတင်ပြောင်းလဲခဲ့သည့် ပထမအဆင့်တွင် ယာဉ်လိုင်းစနစ်များကို  ပြောင်းလဲလိုက်ခြင်းသာ ဖြစ်သည်ဟုဆိုခဲ့ပြီး ဒုတိယအဆင့်တွင် စနစ်အား အဆင့်မြှင့်တင်ရန်အတွက် ခရီးသည်တင်ယာဉ်များအား အဆင့်မြှင့်တင်ခြင်းအစီအစဉ်အနေဖြင့် ကားသစ်များဝယ်ယူဖြည့်တင်းခြင်း၊ ခရီးသည်တင်ယာဉ်များတွင် GPS စနစ်တပ်ဆင်ချိတ်ဆက်ကာ Bus Operator မှ တိုက်ရိုက်ထိန်းချုပ်ညွှန်ကြားသည့်စနစ်ကို ဆောင်ရွက် သွားမည်ဟု ၀န်ကြီးချုပ်က ပြောကြားထားသည်။

ယင်းကြောင့် မူလကမှန်းထားသည့် ဧပြီလကုန်ပိုင်းတွင် အဆင့်မြင့်ပြုပြင်ပြောင်းလဲဆောင်ရွက်မှုများသည် အနည်းငယ်နောက်ကျနိုင်သည့်အနေအထားများ ဖြစ်ပေါ်စေနိုင်သည်ဟု ယူဆနိုင်ပြီး ကားသစ်အစီး ၁၀၀၀ ရောက်ရှိလာခြင်းနှင့်အတူ ကတ်စနစ်၊ ငွေပေးချေစနစ်ဆောင်ရွက်နိုင်ရန် ပြင်ဆင်ခြင်း၊ အဆိုပါကတ် စနစ်ကို ဆောင်ရွက်နိုင်ရန်အတွက် တင်ဒါခေါ်ယူခြင်း၊ ဘတ်စ်ကားများအားလုံးတွင် အဆင့်မြှင့်ဂျီပီအက်စ်စနစ် တပ်ဆင် ခြင်းတို့ကို တဆက်တည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်သစ်တရပ်ကို စတင်နိုင်ခဲ့ပါတယ်။ ဒီစနစ်ကို အသားကျပြီး ပိုမိုဖွံ့ဖြိုးတိုးတက်တဲ့ စနစ်တရပ်ဖြစ်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်ရမှာပါ။ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ရည်မှန်းချက်အထိတော့ မရောက်သေးပါဘူး။ ရည်မှန်းချက်က ကားတိုင်း ကားတိုင်းဟာ    တဦးချင်းစီပိုင် မဟုတ်ဘဲနဲ့ ကုမ္ပဏီပိုင်ဖြစ်ဖို့ ဖြစ်ပါတယ်။ တဦးချင်းစီပိုင် တယောက်ချင်းစီပိုင်ကားတွေကို စနစ်ထဲမှာ စီးမျောလိုက်ပါလာအောင်အတွက် ဆွဲဆောင်ခေါ်ယူခဲ့ပါတယ်။ ဒီစနစ်အပြောင်းအလဲမှာ ဘယ်လိုမှ ထိခိုက်ပွန်းရှမှုမရှိဘဲ စနစ်အပြောင်းအလဲမှာ ပြောင်းလဲလာဖို့ လိုက်ပါလာဖို့အတွက် ဖြစ်ပါတယ်။ ယာဉ်မောင်း ယာဉ်နောက်လိုက်တွေကိုလည်း တဖြည်းဖြည်း ပြောင်းလဲလာအောင် သယ်ဆောင်လာခဲ့ပါတယ်။ ဒါပေမဲ့ တဦးချင်း၊ တယောက်ချင်းတစီးချင်းပိုင်နေတဲ့အတွက် အရှုံးပေါ်နိုင်တယ်ဆိုရင် မလုပ်ချင်ကြပါဘူး။ ဒါကြောင့် ဒီနေရာမှာ ယာဉ်လိုင်း ၁၀ လိုင်းလောက်ကို ကုမ္ပဏီတခုက လုပ်နေတယ်ဆိုရင် ဥပမာပေါ့ ၈ လိုင်းမှာ အကျိုးအမြတ်ရှိပြီး ၂ လိုင်းက ရှုံးတယ်ဆိုရင်ခံနိုင်ပါတယ်။ အခုက တဦးချင်းဖြစ်နေတဲ့အတွက် အရှုံးဒဏ်ကို မခံနိုင်ဘဲ ပိုက်ဆံရတဲ့လမ်းကြောင်းကိုပဲ ပြေးခွင့်ပြုဖို့ တွန်းအားပေးကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်နေတာတွေ ရှိပါတယ်''ဟု ၀န်ကြီးချုပ်က ပြောကြားထားသည်။

ဝန်ကြီးချုပ်ပြောကြားထားသကဲ့သို့ ယာဉ်လိုင်းများအနေဖြင့် အများပိုင်ကုမ္ပဏီဖွဲ့စည်းနိုင်ရန်မှာ ငွေကြေးတောင့်တင်းမှုမရှိခြင်း၊ တဦးချင်းပိုင် မော်တော် ယာဉ်များကို စုစည်းထားရခြင်း၊ အခြားသော ငွေကြေး အင်အားတောင့်တင်းသည့်ကုမ္ပဏီ၊ အဖွဲ့အစည်းကြီးများကဲ့သို့ မော်တော်ယာဉ်များ လဲလှယ်တိုးချဲ့ပြေးဆွဲနိုင် ခြင်းမရှိသေးကြောင်း တဦးချင်းပိုင် ယာဉ်ပိုင်ရှင်များထံမှသိရသည်။ အစိုးရအနေဖြင့်လည်း ပုဂ္ဂလိကယာဉ်လိုင်း ကုမ္ပဏီ ၈ ခုခန့်ဖြင့် YBS ဘတ်စ်ကား ပို့ဆောင်ရေးစနစ်ကို ရန်ကုန်တမြို့လုံး လွှမ်းခြုံဆောင်ရွက်သွားရန် စီမံလျာထားရာ လက်ရှိယာဉ်လိုင်းများ ကုမ္ပဏီဖွဲ့စည်းနိုင်ရေးသည် ကားသစ်များဝယ်ယူပြီးနောက် အမြန်တွန်းအားပေးဆောင်ရွက်ရမည့် ကိစ္စပင်ဖြစ်သည်။ ယင်းမှသာ အစိုးရအနေဖြင့် ဘတ်စ်ကားသစ်များ ဖြစ်စေ၊ ငွေကြေးအရင်းအနှီးဖြစ်စေ မတည်ဆောင်ရွက်ပေးနိုင်ရန်နှင့် ယာဉ်လိုင်းကုမ္ပဏီများကို ကြီးကြပ်ကွပ်ကဲ ရန် လွယ်ကူအဆင်ပြေမည်ဖြစ်သည်ဟု သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတဦးက သုံးသပ်သည်။

''ပုဂ္ဂလိက ကုမ္ပဏီတွေ ဖွဲ့နိုင်ဖို့ကိုလည်း တွန်းအားပေး ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ဒီထဲမှာ အရင်က ဖွဲ့ထားခဲ့တဲ့ YBPC ကုမ္ပဏီပဲ အဆင်သင့်ဖြစ်နေတယ်။ သူက အစိုးရရဲ့ မတည်မှုနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးတွေ မတည်မှုနဲ့ ထူထောင်ခဲ့တာဆိုတော့ ကားတွေကလည်း သတ်မှတ်ချက်ထက်မနိမ့်တဲ့ ကားမျိုးတွေနဲ့ အဲကွန်းလည်းဖွင့်ပြီး ၀န်ဆောင်မှုလည်း ကောင်းတော့ ခရီးသည်တွေက ကြိုက်နှစ်သက်ကြတယ်။ အဲဒီတော့ လက်ရှိ ဒီကုမ္ပဏီလက်အောက်ကို တဦးချင်းဖြစ်စေ၊ အစုအဖွဲ့နဲ့ဖြစ်စေ၀င်မလား၊ ဒီကုမ္ပဏီမှာဆိုရင် အနည်းဆုံး ၂၀၀၇ ခုနှစ် မိုဒယ်ထက်မနိမ့်တဲ့ ကားမျိုးနဲ့ ၀င်ရောက်ပြေးဆွဲရမှာဖြစ်တယ်။ နောက် YUPT ကုမ္ပဏီပေါ့၊ အဲဒီ ကုမ္ပဏီလက်အောက်ကို ၀င်ရောက်မလားပေါ့။ အဲဒီ ကုမ္ပဏီကတော့ ပိုင်ဆိုင်မှုဆိုင်ရာကို မရှင်းလင်းနိုင်သေး တဲ့အတွက် အစုဝင်ဖို့ ခက်ခဲနေဦးမယ် ထင်ပါတယ်။ YBPC ကုမ္ပဏီမှာပဲ ငွေကြေးထည့်ဝင်ပြီး အစုရှယ်ယာ ၀င်တဲ့သဘောမျိုး လုပ်ဆောင်မလားဆိုတာကို ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ဘတ်စ်ကားစနစ် အပြောင်း အလဲက ပိုင်ဆိုင်မှုပုံစံစနစ်တွေ ပြောင်းလဲပြီး ကုမ္ပဏီပုံစံမျိုးနဲ့ ၀န်ဆောင်မှုပေးနိုင်မှ ကြီးကြပ်ကွပ်ကဲရတာလည်း လွယ်ကူမြန်ဆန်စေမှာဖြစ်တဲ့အတွက် အချိန်ကာလ အတိုင်းအတာတခုကိုယူပြီး တဆင့်ချင်းလုပ်ဆောင် သွားရမှာပါ။ တချို့ နိုင်ငံတွေမှာ နှစ်နဲ့ချီပြီး အချိန်ယူပြောင်းလဲခဲ့ရပေမယ့် အဲလောက်တော့ မကြာမြင့်ဘဲ တနှစ်အတွင်း ရုပ်လုံးပေါ်နိုင်အောင် ကြိုးစားသွားမှာပါ'' ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

လက်ရှိအနေအထားအရ YBS ယာဉ်လိုင်းများတွင် ခရီးသည်တင်ယာဉ်များ လိုအပ်ချက်ရှိနေရာ ယာဉ်အိုယာဉ်ဟောင်းအပ်နှံမည့် ခရီးသည်တင်ယာဉ်များအား ခေတ္တဆက်လက် ပြေးဆွဲခွင့်ပြုထားခြင်းဖြစ်ပြီး အချို့ယာဉ်များမှာ ယာဉ်စည်းကမ်းချိုးဖောက်လျက်ရှိကြောင်း သိရသည်။ အပ်နှံယာဉ်များကို အတိုင်းအတာ တခုအထိသာ ပြေးဆွဲခွင့်ပြုထားခြင်းဖြစ်ပြီး ယာဉ်အသစ်များရောက်ရှိလာပါက အဆိုပါယာဉ်များအား ပြေးဆွဲခွင့် ပြုမည်မဟုတ်ကြောင်း သိရသည်။ အဆိုပါ စည်းကမ်းဖောက်နေသည့် ယာဉ်များကို စီအင်န်ဂျီ ပိတ်သိမ်းခြင်း၊ ယာဉ်လိုင်းပြေးဆွဲခွင့်ရပ်ဆိုင်ခြင်းတို့အပြင် တိုင်ကြားမှုများသော ဘတ်စ်ကားလိုင်းများအား မှတ်တမ်းပြုစုထားကာ လိုင်းပိတ်သိမ်းခြင်း၊ ပြည်သူ့ဝန်ဆောင်မှုကို အမှတ်ပေးစနစ်ဖြင့် အမှတ်ပေးကာ ၀န်ဆောင်မှုတိုးမြှင့်ခိုင်းခြင်း၊ အရေးယူသည့်ပုံစံဖြင့် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သွားမည်ဟု ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

အစိုးရအဖွဲ့အနေဖြင့် YBS စနစ်ပြောင်းလဲမှုတွင် သုံးလအတွင်း လက်ရှိစနစ်၏ အဆင့်မြှင့်တင်မှုများကို ပြုလုပ်သွားမည်ဖြစ်ပြီး သုံးလတာကာလအကျော် ဧပြီလအလွန်တွင် နောက်တဆင့် အဆင့်မြှင့်တင်မှုအဖြစ် Yangon Payment Services စနစ်ဖြင့် ကတ်စနစ်သုံးငွေပေးချေမှုကို ပြုလုပ်နိုင်ရန်ဆောင်ရွက် သွားမည်ဟု ဆိုသည်။ ဆက်လက်၍ ၃ လတကြိမ် အဆင့်မြှင့်တင်မှုများကို အဆင့်လိုက် ပြုလုပ်သွားမည်ဖြစ်ပြီး လာမည့် ၂၀၁၈ ဇန်န၀ါရီ တနှစ်တာကာလ ပြည့်မြောက်ချိန်တွင် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်တွင် ခေတ်မီ သောစနစ်တရပ်ကို ဖြစ်ပေါ်လာစေရန် ကြိုးပမ်းသွားမည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသွားခဲ့ရာ YBS ကိုသာ အားထားစီးနင်း နေရသည့် မြို့ပြခရီးသည်များ စိတ်ရှည်ပူးပေါင်းမှုများဖြင့် ဆက်လက်စောင့်ကြည့်ရဦးမည်ပင် ဖြစ်သည်။
           
ရှင်းသန့်လွင်(News Watch)

No comments:

Post a Comment