Latest News

Saturday, April 29, 2017

စမ်းချောင်းတွင် တစ်သောင်းတန် ငွေစက္ကူ အတုများ ဖမ်းမိ

စမ်းချောင်းတွင် တစ်သောင်းတန် ငွေစက္ကူ အတုများ ဖမ်းမိ


စမ်းချောင်းမြို့နယ်၊ မြေ/တောင်ရပ်ကွက်၊ ဓမ္မစေတီလမ်းမပေါ် ပြည်သူ့ရင်ပြင် ဝင်ပေါက်အနီးတွင် ဧပြီလ ၂၉ ရက် မွန်းလွဲပိုင်းက တစ်သောင်းတန် ငွေအတုများ လက်ဝယ် ကိုင်ဆောင်ထားသူ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူများမှာ လှိုင်သာယာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းနေ အသက် ၂၄ နှစ် အရွယ် မိုးထက်အောင်(ခ) အောင်အောင် နှင့် မနီနီဝင်း (ခ) လှသဇင် (ခ) မီးမီးဖြစ်ပြီး အနက်/လိမ္မော်ရောင် လက်ဆွဲအိတ်အတွင်းမှ ငွေစက္ကူအတုဟု ယူဆရသော တစ်သောင်းတန် ၄၂ ရွက်နှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ စမ်းချောင်း မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“လင်မယား နှစ်ဦးပါ၊ ငွေစက္ကူ အတုတွေနဲ့ ဈေးဝယ်နေတယ်ဆိုတာ သတင်းရလို့ စောင့်ဖမ်းတာ၊ ငွေစက္ကူ အတု၊ အစစ် ခွဲခြား သိနိုင်အောင် CID ကိုခေါ်ပြီး စစ်ဆေး အမှုဖွင့်ခဲ့တာပါ၊ သူတို့ ဘယ်ကနေ ဘယ်လိုရတယ် ဆိုတာတော့ စစ်ဆေးနေဆဲမို့ မသိရသေးပါဘူး”ဟု စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ငွေစက္ကူအတုများနှင့်အတူ ဖမ်းဆီးရရှိသူ နှစ်ဦးကို စမ်းချောင်းမြို့မ ရဲစခန်းမှ (ပ)၁၅၂/၁၇၊ ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် အရေးယူထားသည်။

အလားတူ မတ်လ ၂၉ ရက်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ် (၄၇)ရပ်ကွက်၊ ရသာရုံလမ်းရှိ နေအိမ်တစ်လုံးတွင် ငွေစက္ကူအတု ကျပ်သိန်းပေါင်း ၁၃၀ဝ ကျော် တွေ့ရှိမှုနှင့်ပတ်သက်၍ စွန့်ပစ်သွားသူကို စုံစမ်းရှာဖွေနေဆဲ ဖြစ်ကြောင်း၊ ယင်းအိမ်အား ၂၀၁၆ ခုနှစ် နိုဝင်ဘာလခန့်မှ စတင်ပြီး အသက် ၂၇ နှစ်အရွယ် ကိုသိန်းကျော်ဆိုသူမှ တစ်လျှင် ရှစ်သောင်းကျပ်နှုန်းဖြင့် ငှားရမ်းနေထိုင်ခဲ့ပြီး ယခုနှစ်၊ ဖေဖော်ဝါရီလခန့်ကနေ အိမ်အနီးတွင် နေထိုင်သူများအား နှုတ်ဆက်ပြီး ဆင်းသွားရာ အိမ်ရှင်မှ သန့်ရှင်းရေး လာရောက်လုပ်ကိုင်စဉ် ယင်းငွေစက္ကူ အတုများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice

No comments:

Post a Comment