Latest News

Saturday, April 29, 2017

အခွန် အထောက်အထားမပြနိုင်သော SME လုပ်ငန်းများကို ချေးငွေမပေး

အခွန် အထောက်အထားမပြနိုင်သော SME လုပ်ငန်းများကို ချေးငွေမပေ


ရန်ကုန်၊ ဧပြီ ၂၉

တစ်နှစ်အတွင်း အခွန်ဆောင်ထားသည့် အထောက်အထား မပြနိုင်ပါက ယင်းအသေးစား အလတ်စား လုပ်ငန်း (SME ) များကို ဘဏ်များက ချေးငွေ ထုတ်ပေးမည် မဟုတ်ကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

အချို့သော SME လုပ်ငန်းများမှာ လုပ်ငန်း အမှန်တကယ် မလုပ်ဘဲ လုပ်ငန်းလိုင်စင်ပြကာ ငွေယူပြီး ပြန်မဆပ်သည့် အနေအထားတွင်ရှိကြောင်း၊ ဝင်ငွေ ထွက်ငွေ စာရင်းများနှင့် အခွန် အထောက်အထားများကို စိစစ်ပြီး သေချာမှ ငွေထုတ်ချေးကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောကြားသည်။

“တချို့ SME လုပ်ငန်းတွေ ဆိုရင် အခွန်ရုံးသွားပြီး ကြိုတင်ခွန်သုံးသောင်း၊ လေးသောင်း ဆောင်တယ်။ လုပ်ငန်းလည်ပတ်တဲ့ အချိန်ကျရင်လည်း အခွန်ပုံမှန် ဆောင်တယ်။ ဒီလိုလုပ်ငန်းမျိုးတွေကို ဝန်ကြီးဌာနက ထောက်ခံပေးတယ်။ ဘဏ်က ငွေချေးဖို့ စိစစ်တယ်”ဟု ၎င်းက ဆိုသည်။

အသေးစား အလတ်စား လုပ်ငန်းများမှာ လုပ်ငန်း လည်ပတ်မှု အားမကောင်းသဖြင့် အခွန်ပုံမှန် မဆောင်နိုင်သူများ ရှိသကဲ့သို့ အခွန် ဆောင်နိုင်လောက်အောင် အမြတ်မရသဖြင့် လုပ်ငန်းလိုင်စင် မလုပ်သူများလည်းရှိကြောင်း၊ လက်ရှိတွင် အခွန် မဆောင်သူများမှာ ချေးငွေမရသည့် အခြေအနေများ ရှိသောကြောင့် အစိုးရထံ ပွင့်ပွင့်လင်းလင်း ပြောကြားသင့်ကြောင်း ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ပြောကြားသည်။

“အရင်က လုပ်ငန်းလိုင်စင် တစ်ခုတည်းနဲ့ ချေးငွေရတဲ့ အနေအထားကနေ အခွန်ဆောင်တဲ့ဟာတွေ တောင်းတော့ SME လုပ်ငန်းအများစု ချေးငွေမရတာတွေ ရှိတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် အစိုးရက ကျပ် ၃၅ ဘီလီယံနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) က ပြည်တွင်းဘဏ် ခြောက်ခုမှတစ်ဆင့် ကျပ် ၃၀ ဘီလီယံကို SME လုပ်ငန်းများသို့ ချေးပေးထားကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

ချေးငွေရရှိလိုသော အသေးစား အလတ်စား လုပ်ငန်းရှင်များသည် စက်မှုဝန်ကြီးဌာန၊ အသေးစား အလတ်စား လုပ်ငန်း ဖွံ့ဖြိုးရေး ဦးစီးဌာနတွင် မှတ်ပုံတင်ထားသူများ ဖြစ်ရမည်ဖြစ်ပြီး အပေါင်ပစ္စည်း တင်ပြနိုင်ပါက တစ်နှစ်လျှင် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးယူနိုင်မည်ဖြစ်သည်။

The Voice

No comments:

Post a Comment