Latest News

Monday, April 3, 2017

ထိုင်းနိုင်ငံမှာ ထိလို့မရတဲ့ ဥပဒေအထက်က Red Bull မိသားစု

Red Bull အားဖြည့် အချိုရည်ကို တီထွင် ထုတ်လုပ်ခဲ့တဲ့ ထိုင်းဘီလျံနာ သူဌေးကြီးရဲ့ မြေးဖြစ်သူ That Vorayuth Yoovidhaya ဟာ ထိုင်းရဲအရာရှိ တယောက် သေဆုံးခဲ့မှုနဲ့ ဘန်ကောက် အစိုးရရှေ့နေ ရုံးမှာ လာရောက် အစစ်ဆေးခံဖို့ ထပ်မံ ပျက်ကွက်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် စက်တင်ဘာ ၃ ရက်တုန်းက သူ မောင်းလာတဲ့ ဖရာရီ ကားနဲ့ မတော်တဆ တိုက်မိခဲ့လို့ ရဲအရာရှိ Wichian Klanprasert သေဆုံးခဲ့ပါတယ်။

Red Bull သူဌေးကြီးရဲ့ အမွေခံ မြေး Yoovidhaya ကို တရားဥပဒေရှေ့မှောက် အရောက် ခေါ်နိုင်ဖို့ ကြိုးစားနိုင်ခြင်း မရှိသေးတာဟာ ထိုင်းနိုင်ငံမှာ ကျိကျိတက် ပိုက်ဆံရှိသူတွေကို တရားဥပဒေအရ ကိုင်တွဲ အရေးယူဖို့ ခက်ခဲနေတာကို ဖော်ပြတဲ့ အကောင်းဆုံး ပြယုဂ် ဖြစ်နေပါတယ်။

အမှု ဖြစ်စဉ် အစမှာတော့ သူဌေးကြီး မိသားစုဘက်က သူတို့ရဲ့ အလုပ်သမား ကားမောင်းဆရာ တယောက်ကို အရေး ယူ ဖို့ ထိုင်းရဲ တပ်ဖွဲ့ကို ဖျောင်းဖျခဲ့ပါတယ်။ ဒါပေမယ့် စုံစမ်းတွေ့ရှိမှုတွေအရ ယာဉ်တိုက်မှု ဖြစ်စဉ်မှာ ကားကို မြေးဖြ စ်သူ (အဲဒီတုန်းက အသက် ၂၇ နှစ်) ကိုယ်တိုင် မောင်းခဲ့တယ်ဆိုတာက ထင်ရှားလာပါတယ်။

အခင်းဖြစ်ပြီးပြီးချင်း သူ့ကို သွားရောက်စစ်ဆေးချိန်မှာလည်း သွေးထဲမှာ အရက် ပမာဏ အတော်များများ တွေ့ရှိခဲ့လို့ ကားမောင်းချိန်မှာ အမူးလွန်နေကြောင်း ထင်ရှားခဲ့ပေမယ့် ကာယကံရှင်ဘက်ကတော့ အိမ်ပြန်ရောက်မှ အရက်သောက် ခဲ့တယ်လို့ ငြင်းဆိုပါတယ်။




ဒါ့အပြင် လုံခြုံရေးကင်မရာဗီဒီယို တွေကို စစ်ဆေးခဲ့ပြီး အမြင့်ဆုံး မိုင်နှုန်း ၁ နာရီ ၈၀ ကီလိုမီတာ ကန့်သတ်ထားတဲ့ နယ်မြေ အတွင်းမှာ ဖရာရီ ကားဟာ ၁ နာရီကို ကီလိုမီတာ ၁၇၀ နှုန်း (၁၀၆ မိုင်) နဲ့ မောင်းနှင်ခဲ့ကြောင်း တွေ့ရှိခဲ့ပါ တယ်။ ဒါကိုလည်း သူဌေးကြီးရဲ့ မြေး ဘက်က ရှေ့နေ က ငြင်းဆိုထားပါတယ်။

ဒီအမှုကို ရာဇဝတ်မှုအဖြစ် စွပ်စွဲ နိုင်ဖို့ ရဲတပ်ဖွဲ့ဟာ ၆ လကြာအောင် ပြင်ဆင်ခဲ့ရပါတယ်။ အခုဆိုရင် မြန်နှုန်းကျော် ကားမောင်းမှု၊ မဆင်မခြင် ကားမောင်းပြီး လူသေဆုံးစေမှုနဲ့ အမှုဖြစ်ပွားပြီး ထွက်ပေးမှုတွေနဲ့ တရားစွဲထားပါတယ်။

ဒါပေမယ့် ၂၀၁၃ ခုနှစ် တနှစ်လုံး အမှု ကြားနာဖို့ ဆင့်ခေါ်ခဲ့ရာမှာ သူဌေးကြီးရဲ့ မြေးဖြစ်သူဟာ လာရောက်ဖို့ ၇ ကြိမ် ပျက်ကွက်ခဲ့ပါတယ်။ ဒီ့အတွက် စီးပွား လုပ်ငန်းကိစ္စနဲ့ နိုင်ငံခြား ခရီးထွက်နေလို့က အစ ကျန်းမာရေး မကောင်းဘူး အဆုံး အကြောင်းအမျိုးမျိုး သူ့ ရှေ့နေက ပေးပါတယ်။


ယာဉ်တိုက်မှု ဖြစ်ပြီးကတည်းက မြေးဖြစ်သူဟာ လူအများမြင်ကွင်းရှေ့က ပျောက်ကွယ်နေပါတယ်။ ဒါပေမယ့် အွန်လိုင်း လူမှုကွန်ရက်တွေမှာတော့ သူ တင်တဲ့ ပို့စ်တွေ ရှိပါတယ်။ အချိန်ကာလ တချို့မှာ ထိုင်းနိုင်ထဲမှာလည်း နေထိုင်နေသလို နိုင်ငံတကာ ပြိုင်ကား ပွဲ တွေနဲ့ အပန်းဖြေ ကမ်းခြေတွေ သွားလေ့ရှိကြောင်း ရင်းနှီးတဲ့ မိတ်ဆွေတွေက ပြောကြပါတယ်။

Red Bull ပိုင်ရှင် မိသားစုရဲ့ ကြွယ်ဝချမ်းသာမှုဟာ အမေရိကန် ဒေါ်လာ ၂၀ ဘီလျံ (ပေါင် ၁၆ ဘီလျံ) ကျော် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ Red Bull အမှတ်တံဆိပ် တွေကိုလည်း နိုင်ငံတကာ အနှံ့မှာ တွေ့မြင်ရပြီး အထူးသဖြင့် အားကစား ပြိုင်ပွဲနဲ့ စတန့် ပြိုင်ပွဲ တွေမှာ အများအပြား တွေ့ရတတ်ပါတယ်။

ဘီဘီစီမြန်မာပိုင်း

No comments:

Post a Comment