Latest News

Wednesday, April 19, 2017

ဘကြီးမိုးပြောသော အမေစုအကြောင်း

ဘကြီးမိုးပြောသော အမေစုအကြောင်း

မနှစ်က နှစ်ကုန်ပိုင်းလောက်မှာ တိရစ္ဆာန်ရုံဘေးနားက မော်နင်းစတားစားသောက်ဆိုင်မှာ ဘကြီးမိုး (စာရေးဆရာမောင်မိုးသူ) နဲ့ ဆုံဖြစ်ပါတယ်။ ပဉ္စဂံစာအုပ်တိုက်က ထုတ်ဝေသူ မောင်ပြည့် Mg Pyae က အဲဒီမှာ မနက်စာစားဖို့ ခေါ်တာနဲ့ မော်နင်းစတားကို ရောက်သွားရင်း တွေ့ဆုံမိတာပါ။

ဘကြီးမိုးဆိုတာ နာမည်သာ ကြားဖူးတာ၊ လူမမြင်ဖူးပါ။ အဲဒီမှာ ပထမဆုံးအကြိမ် တွေ့ဖူးတာပါ။ တွေ့စမှာ ဘကြီးမိုးကို မေးကြည့်တယ်။ အသက် ဘယ်လောက် ရှိပြီလဲဆိုတော့။ ၈၀ ကျော်ပြီတဲ့။ ဒါပေမဲ့ သူ့ကို ကြည့်ရတာ လူကျန်းမာပုံ ရသလို၊ စိတ်လည်း ကျန်းမာပါတယ်။ စိတ်ကျန်းမာတယ်လို့ ကျွန်တော် ဘာကြောင့် ပြောရသလဲဆိုတော့ ၈၈ အရေးအခင်းကိစ္စတွေ၊ ထောင်တွင်း အတွေ့အကြုံတွေကို ကောင်းကောင်းမှတ်မိနေပြီး တိတိကျကျ ပြန်ပြောနိုင်လို့ပါ။ နာရီဝက်ကျော်ကြာ တွေ့လိုက်ရချိန်မှာ သူ့ဆီက မှတ်သားစရာ စကားလေးတွေကို ကြားလိုက်ရပါတယ်။

အဲဒီစကားတွေထဲက ဘကြီးမိုးပြောပြတဲ့ အခု  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်းလေးကို ပြောပြချင်ပါတယ်။ ဘကြီးမိုးဟာ ၈၈ အရေးအခင်းကာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲပြီး NLD ပါတီို စတင်ထူထောင်ခဲ့သူပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းဝန်းပံ့ပိုးလို့ ဆိုပြီး ၉၀ ပြည့် ရွေးကောက်ပွဲကာလမှာ ထောင်ကျသွားခဲ့တယ်။သူက အဲဒီအကြောင်းတွေကို ပြောပြရင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားပြောအရည်အချင်းကို ခုလို ပြောပြပါတယ်။

- သူဟာ စကားကို ရှင်းအောင် ပြောတတ်တယ်။ နိုင်ငံရေးအကြောင်း ပြောရင်တောင် သာမန်လူတန်းစားတွေ ကောင်းကောင်းနားလည်တယ်။

- သူ စကားပြောရင် အင်္ဂလိပ်စကားလုံးကို ဘယ်တော့မှ ညှပ်ပြီး မပြောဘူး။ ထည့်မပြောဘူး။ (သူ အင်္ဂလိပ်စကားပြော ဘယ်လောက် ကောင်းတယ်ဆိုတာ လူတိုင်းသိကြပါတယ်)။

- သူစကားပြောရင် ရေးထားတဲ့ စာရွက်ကို လုံးဝမကြည့်ဘဲ အလွတ်ပြောတတ်တယ်။

ဒီအချက်တွေကို လူအတော်များများ သိကြပါတယ်။ လူတွေမသိကြတဲ့ အချက်တချို့ကို ဘကြီးမိုးက ခုလို ပြောပြခဲ့ပါတယ်။

- ငါတို့ဆိုရင် လူတွေရှေ့မှာ စကားပြောဖို့ စာရွက်ပေါ်မှာ အရင်ရေးကြည့်တယ်။ ပြီးတော့ စာကြမ်းကို ပြင်တယ်။ တစ်ကြိမ်မက ပြင်ရတယ်။ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောဖို့ စကားတွေကို နူတ်တိုက်ချပေးတယ်။ စာလိုက်ရေးမှတ်သူ ရေးပြီးသွားရင် အဲဒါ final ပဲ။ စာတစ်ကြောင်း၊ စာတစ်လုံးမှကို ပြင်စရာ မလိုဘူး။ ငါတို့လို နှစ်ပေါင်းများစွာ စာရေးလာတဲ့ လူတောင် ကိုယ့်စာကို အနည်းဆုံးတစ်ကြိမ်တော့ ပြင်ရတယ်ကွာ။

- ၁၉၉၀ ပြည့်နှစ်ကျော်လောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်တဲ့ အင်တာဗျူးတွေကို ဗီဒီယို ရိုက်ကူးမှတ်တမ်းပေးတဲ့ လူငယ်လေးဟာ ဗီဒီယိုရိုက်ကူးရာမှာ အတော်လေး ဒုက္ခရောက်နေတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်မင်ရင်းနှီးသူမို့ ခုလို ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။

- ဗီဒီယိုရိုက်သူ ...."အန်တီရေ၊ မေးခွန်းမေးသူက မေးခွန်းဆုံးမှ ပြန်ဖြေပေးပါလား။"

- ဒေါ်အောင်ဆန်းစုကြည်.... "ဘာဖြစ်လို့လဲကွဲ့"

- ဗီဒီယိုရိုက်သူ...."ဒီလိုပါ အန်တီ။ ကင်မရာက မေးခွန်းမေးသူကို ရိုက်နေတယ်။ သူမေးတာ ပြီးတာနဲ့ ကင်မရာကို ပြန်ဖြေတဲ့ အန်တီကို လှည့်ပြီး ရိုက်ရမှာပါ။ ဒါပေမဲ့ အန်တီက မေးခွန်းမဆုံးရင် ဖြေလိုက်တော့ ကျွန်တော်က ကင်မရာကို မေးခွန်းမေးသူကို ဆက်ရိုက်နေရမလား။ အန်တီ့ဖက် လှည့်ရိုက်ရမလားဆိုပြီး ဒုက္ခရောက်လွန်းလို့ပါ ခင်ဗျာ။"

- "ဒေါ်အောင်ဆန်းစုကြည်.... "အေးပါကွယ်။ နောက်ဆို အန်တီ သတိထားပါမယ်"

ဘာရယ် မဟုတ်ပါဘူး။ မိန့်ခွန်းပြောရာမှာ စာရွက်ကို ရှေ့မှာချထားပြီး ရေးထားတာတွေကို ဖတ်ပြတတ်တဲ့ အရင်ခေတ်အဆက်ဆက်က နိုင်ငံ့ခေါင်းဆောင်တွေကို အမှတ်ရမိလို့ ရေးလိုက်တာပါ။

ဆရာ ဗန်းမော်သိန်းဖေ

No comments:

Post a Comment