Latest News

Tuesday, April 4, 2017

မိခင်ဘ၀နဲ့အမျိုးသမီး

မိခင်ဘ၀နဲ့အမျိုးသမီး

ကျမငယ်ငယ်က အိမ်ထောင်မပြုပဲအပျိုကြီးလုပ်မယ်လို့
စိတ်ကူးဝင်ဖူးပါတယ်။ အခု အချိန်မှာတော့-
အဲဒီအတွေးကို အတော်ရီစရာကောင်းတာပဲလို့
ခံစားမိပြန်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်
အပျိုကြီးဖြစ်နေတဲ့အမျိုးသမီးတွေ၊ အိမ်ထောင်ကျပေမယ့်
သားသမီးမရရှာတဲ့ အမျိုးသမီးတွေကိုကိုယ်ချင်းစာပေမယ့်
အမျိုးသမီးတယောက်ဘ၀ဟာ မိခင်ဖြစ်ဖူးမှ
ပိုအဓိပာယ်ရှိသလိုခံစားမိပါတယ်။

မိခင်ဘ၀ဟာ စိမ်ခေါ်ချက်တွေနဲ့ပြည့်နေတဲ့ဘ၀သစ်တခုပါ။
မိန်းကလေးတယောက်အတွက်စိတ်ခံစားချက်နဲ့
ခနာကိုယ်ဖွဲ့စည်းပုံတွေကို ပြောင်းပြန်လှန်ပစ်လိုက်သလို
ပြောင်းလဲသွားစေတာ မိခင်ဘ၀ပဲဖြစ်ပါတယ်။
မိခင်ဘ၀ကိုရောက်ခါစမှာ- အမည်တပ်ရခက်တဲ့
ခံစားမှုမျိုးကို မိန်းကလေးတိုင်းခံစားရပါတယ်။
ဆေးပညာအရလူသားနှစ်ယောက်စိတ်ခံစားချက်ကြောင့်
ပေါင်းစည်းဖြစ်တည်လာပေမယ့် ကိုယ်ဝန်ဆောင်ခြင်း
တာဝန်ကိုတော့ အမျိုးသမီးဆိုတဲ့သူကသာ
၁၀၀ ရာခိုင်နှုန်း ထမ်းဆောင်ရတာဖြစ်ပါတယ်။

ကျမအနေနဲ့ကတော့ ပင်ပန်းတယ်၊ခက်ခဲတယ်ဆိုပေမယ့်
ကိုယ်ဝန်ဆောင်ဖူးတဲ့အမျိုးသမီးကသာလျှင်
မိန်းမအဖြစ်မွေးဖွားလာခြင်းအတွက်
တန်ဖိုးရှိတယ်လို့ထင်မြင်မိပါတယ်။
အပျိုဖော်ဝင်စမှာ တစ်လတစ်ခါ ရင်ဆိုင်ရတဲ့
ရာသီစက်ဝန်းဆိုတာ မိခင်ဘ၀အတွက်ပါ။
မိန်းမဆိုတာ ယောကျာင်္းတွေထက်နိမ့်ကျတယ်လို့
ယဉ်ကျေးမှုထုံးစံတော်တော်များများကလက်ခံ
ထားကြတာဟာလည်း အဲဒီရာသီစက်ဝန်းကြောင့်
ထင်မှတ်မှားနေကြတာဖြစ်ပါတယ်။

ငွေကြေးအရသော်လည်းကောင်း၊
ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကြောင့်သော်လည်းကောင်း၊
အလုပ်ခွင်ကြောင့်သော်လည်းကောင်း
ကိုယ်ဝန်ဆောင်ဘ၀ကို ရင်မဆိုင်ချင်သေးဘူးဆိုရင်
နဂိုရ်ကတည်းက ကာကွယ်တားဆီးထားဖို့
အမျိုးသမီးမှာ တာဝန်ရှိပါတယ်။

ကိုယ်တိုင်ကကာကွယ်တားဆီးခြင်း မရှိခဲ့လို့
ကလေးရလာပြီဆိုရင်လည်း ကြောက်စရာလုံးဝမရှိပါဘူး။
၁။ မိခင်ဘ၀ကို သတိရှိရှိရင်ဆိုင်လက်ခံလိုက်ပါ။
၂။ ရိုးရိုးပဲမွေးမွေး၊ ခွဲပြီးပဲမွေးမွေး နာကျင်ခံစားရတာက
အတူတူပဲမို့ မိမိဝင်ငွေကိုတွက်ချက်ပြီးပြင်ဆင်ပါ။
၃။ အလှပျက်သွားမလားလို့သောကရောက်ရပေမယ့်
လှပကျော့မော့နေတဲ့ကလေးအမေတွေလောကမှာ
အများကြီးပါလားလို့အတုယူပါ။
၎။ ကလေးကိုယ်ဝန်ဆောင်ထားရချိန်မှ မွေးဖွားပြီး
တစ်နှစ်လောက်အထိ မိမိစားဝတ်နေရေးအတွက်
ပြင်ဆင်ထားဖို့လိုပါမယ်။
၅။ ဒီအချိန်မှာဘယ်သူ့ကိုမှအားကိုးလို့မရနိုင်ဘူးလို့
မိမိရဲ့စွမ်းဆောင်ရည်ကိုအသုံးချပါ။
၆။ ကိုယ့်စိတ်ခံစားချက်အားလုံးဟာ ကိုယ့်ရင်သွေးဆီ
ရောက်နေတာမို့အရာရာကို အကောင်းစိတ်နဲ့လက်ခံပါ။

မိမိရင်သွေးသည်သာ လောကကြီးမှာ ချစ်စရာအကောင်းဆုံး။
မိမိရင်သွေးသည်သာ လောကကြီးမှာ အရေးအကြီးဆုံး။
မိမိရင်သွေးကိုကာကွယ်ချင်တဲ့စိတ်က
မိန်းမတယောက်ရဲ့ဘ၀ကို အကြီးမားဆုံးခွန်အား
ဖြစ်ပေါ်စေတယ်ဆိုတာ မိခင်ဘ၀မှာသာခံစားနားလည်နိုင်တာပါ။

ကိုယ်တိုင်ကမိခင်ဖြစ်နေပြီး-
သူများကိုအားမကိုးပါနဲ့လို့ကျမအကြံပေးပါရစေ။
ဘာဖြစ်လို့လဲဆိုတော့ မိခင်ဘ၀ကို ကျမတို့ကိုယ်တိုင်
ကျေကျေနပ်နပ်ရွေးချယ်ထားခြင်းဖြင့်
မိန်းမဖြစ်ရခြင်းတာဝန်ကို ဂုဏ်ယူစေချင်လို့ပါ။

တကယ်တော့- မိန်းမဆိုတာ-
ယောကျားတွေလုပ်ခွင့်မရှိတဲ့၊
ယောကျာင်္းတွေနားမလည်နိုင်တဲ့၊ ယောကျာင်္းဘ၀မှာ
စိတ်ကူးနဲ့တောင်ခံစားကြည့်လို့မရနိုင်တဲ့-
မိမိရင်သွေးကို ကိုယ်တိုင်ဖန်တီးခွင့်ရှိသူတွေပဲဖြစ်နေလို့ပါရှင်။

ကြည်ကြည်

No comments:

Post a Comment