Latest News

Friday, April 21, 2017

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးနှင့် တွေ့မည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးနှင့် တွေ့မည်


မနီလာ၊ ဧပြီ ၂၀

အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်သည် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်ရန် ရှိကြောင်း CNA သတင်းတစ်ရပ်က ဖော်ပြထားသည်။

သမ္မတထရမ့်သည် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ ASEAN အစည်းအဝေးသို့တက်ရန် ဖိလစ်ပိုင်သို့ ထွက်ခွာမည့် အစီအစဉ် ဖြစ်သည်။

လာမည့် နိုဝင်ဘာလတွင် ပြုလုပ်မည့် အဆိုပါ အစည်းအဝေးသို့ လာရောက်မည့် အမေရိကန်သမ္မတ၏ ခရီးစဉ်သည် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းအတွင်း ဗွေဆော်ဦး အရှေ့တောင်အာရှ ခရီးစဉ်ဖြစ်ဖွယ် ရှိသည်။

ဒေါ်နယ်ထရမ့်သည် ASEAN အစည်းအဝေးသို့ တက်ရန်အတွက် နှုတ်ကတိပေးပြီး ဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး မာစီယာနိုပေနော်က ပြောကြားခဲ့သည်။

“ယခုအချိန်မှာတော့ သမ္မတထရမ့်က ဖိလစ်ပိုင်ကို နိုဝင်ဘာလမှာ လာရောက်ဖို့ ပြောထားပါတယ်။ သမ္မတ ဒူတာတေးက သူ့ကို တယ်လီဖုန်းဆက် ဂုဏ်ပြုစကား ဆိုတုန်းကလည်း လာမယ်လို့ ပြောထားပါတယ်” ဟု ဖိလစ်ပိုင် သံအမတ်ကြီးက ဆိုသည်။

အနည်းဆုံးတော့ အမေရိကန်ခေါင်းဆောင်က ၎င်း၏ ခရီးစဉ်ကို အတည်ပြုပြီး ဖြစ်သည်ဟု သံအမတ်ကြီးက မနီလာတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက ဖိလစ်ပိုင် သမ္မတ ရိုဒရီဂိုဒူတာတေးက ထရမ့်ကို ဖုန်းခေါ်ဆိုခဲ့ကာ သမ္မတ ရွေးကောက်ပွဲ အောင်ပွဲအတွက် ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

မေလတွင် One Belt , One Road အစည်းအဝေး တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပြုလုပ်မည်ဖြစ်ပြီး ယင်းအစည်းအဝေးသို့ ဒေါ်နယ်ထရမ့် တက်မတက် မသေချာသေးပေ။

အဆိုပါ အစည်းအဝေးသို့ ဒေါ်နယ်ထရမ့် မသွားရောက်ခဲ့ပါလျှင် နိုဝင်ဘာလ ဖိလစ်ပိုင် ခရီးစဉ်အတွင်း ဝါရှင်တန်နှင့် မနီလာ ခေါင်းဆောင်များ ပထမဆုံးအကြိမ် တွေ့ဆုံကြမည် ဖြစ်ပေသည်။

တရုတ်တွင် ပြုလုပ်မည့် ညီလာခံကို ဖိလစ်ပိုင် သမ္မတက တက်ရောက်မည်ဟု အတည်ပြုထားသည်။ အိုဘားမားအစိုးရ လက်ထက်တွင် အေးစက်ခဲ့သော အမေရိကန် ဖိလစ်ပိုင် ဆက်ဆံရေးကို ဒေါ်နယ်ထရမ့် လက်ထက်တွင် မည်သို့ဖြစ်လာမည်ကို စောင့်ကြည့်ရပေမည်။          

The Voice

No comments:

Post a Comment