Latest News

Thursday, April 20, 2017

မကွေးမြို့မှာ အများသုံးသယ်ယူပို့ဆောင်ရေးစနစ် လိုအပ်ပြီလား!

မကွေးမြို့မှာ အများသုံးသယ်ယူပို့ဆောင်ရေးစနစ် လိုအပ်ပြီလား!

မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်ဒေသမှာရှိတဲ့ မကွေးတိုင်းဒေသကြီးမြို့တော် မကွေးမြို့မှာ အများသုံးသယ်ယူပို့ဆောင်ရေးစနစ်တွေ လုပ်ဆောင်သင့်ပြီလို့ ယူဆပါသလား။

ကျွန်တော့်ကို မေးရင် ကျွန်တော်ကတော့ လုပ်သင့်တယ်လို့ပဲ ဖြေပါမယ်။ အကြောင်းရင်းကတော့ နိုင်ငံတကာနဲ့အညီ ရင်ဘောင်တန်းနိုင်ဖို့ ကျွန်တော်တို့နိုင်ငံက ကြိုးစားဆောင်ရွက်နေချိန်မှာ နိုင်ငံရဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက မြို့တော်တွေကလည်း တပြေးညီ တိုးတက်သသင့်သလောက် တိုးတက်သင့်ပါတယ်။

မြန်မာနိုင်ငံရဲ့ မြို့လို့ ပြောလိုက်တာနဲ့ ရန်ကုန်ကိုပဲ အများက ပြေးမြင်ကြမှာပါ။ အများသုံးသယ်ယူပို့ဆောင်ရေးစနစ်ကလည်း ရန်ကုန်မှာပဲ ထွန်းကားပါသေးတယ်။ တကယ့်မြို့တော် နေပြည်တော်မှာလည်း မထွန်းကားသလို၊ တတိယမြို့တော် မန္တလေးမှာလည်း မထွန်းကားပါဘူး။

အများသုံးသယ်ယူပို့ဆောင်ရေးစနစ် မထွန်းကားသေးတဲ့နေရာတွေမှာ ပြဿနာတစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ မရောက်ဖူးသေးတဲ့သူအဖို့ ဘာနဲ့သွားရမလဲ ဆိုတာပါပဲ။ နယ်ဘက်တွေမှာက အများသုံးအနေနဲ့ ဆိုင်ကယ်ကိုပဲ အဓိက အားကိုးပြီး သွားလာနေကြရပါတယ်။ ဒီလို ဆိုင်ကယ်နဲ့ပဲ သွားနေလာနေကြသူအနေနဲ့ ဆိုင်ကယ်မပါဘဲ မန္တလေးလိုမြို့ ရောက်ခဲ့ရင် အများသုံးသယ်ယူပို့ဆောင်ရေးစနစ် မထွန်းကားတဲ့အတွက် ဆိုင်ကယ်မရှိတာနဲ့ကိုပဲ ဘယ်လိုသွားရမှန်းမသိ ဖြစ်နေတော့မှာပါပဲ။ ရန်ကုန်မြို့ကမှ ဘတ်စ်ကားပေါ်က စာတွေဖတ်ပြီး သွားလို့လာလို့ ရပါဦးမယ်။

မြန်မာနိုင်ငံမှာက ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို လိုက်နာမှု အားနည်းပါသေးတယ်။ ကျွန်တော်တို့ မကွေးမြို့မှာဆိုရင် ပိုလို့တောင် အားနည်းပါတယ်။ အခု ၂၀၁၇ ခုနှစ် မတ်လမှာမှ အစိုးရက လမ်းလယ်စည်းတွေ၊ လမ်းနယ်နိမိတ်စည်းတွေ၊ လမ်းအညွှန်းတွေကို ရေးဆွဲလုပ်ဆောင်ပေးတော့ တစ်သက်လုံးက မမြင်ဖူးတဲ့သူတွေအဖို့ ထူးဆန်းနေသလိုပါပဲ။

ကညနမှာ ယာဉ်မောင်းသင်တန်းတက်၊ စာမေးပွဲသေချာဖြေပြီး ယာဉ်မောင်းလိုင်စင်နဲ့ မောင်းနှင်နေကြတဲ့သူတွေအပြင် ရတဲ့နည်းလမ်းကနေ လိုင်စင်ကိုင်ဆောင်ထားသူတွေလည်း အများအပြား ရှိပါသေးတယ်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို အသေချာ လေ့လာမှတ်သားထားတဲ့ သူမှသာလျှင် အဆိုပါ လမ်းအညွှန်းအမှတ်အသားတွေကိုလည်း နားလည်နိုင်ပါလိမ့်မယ်။ အများစုက ဆိုင်ကယ်မောင်းနေချိန်မှာ သေချာနားမလည်သေးဘဲ ကားစတင်မောင်းတတ်တဲ့အချိန်မှာမှ လမ်းညွှန်းတွေ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို လိုက်နာတာ များပါတယ်။

ဆိုင်ကယ်မောင်းသူတွေအနေနဲ့ ဆိုင်ကယ်စီးဦးထုပ်၊ ဘက်မှန်၊ အချက်ပြမီးတွေနဲ့ ရှေ့မီးကြီး စသည်ဖြင့် လိုအပ်တာတွေကို ပြည့်ပြည့်စုံစုံပါရှိပြီး မောင်းနှင်သွားလာနေတာ အင်မတန်မှ ရှားပါတယ်။ များသောအားဖြင့် ဘက်မှန်မပါတာနဲ့ ဆိုင်ကယ်စီးဦးထုပ်မဆောင်းကြတာပါ။ နေ့ဘက်ပဲ Surprise Check လုပ်ရင် ညဘက်မဖမ်းတဲ့အတွက် ညမှာ ဆိုင်ကယ်စီးဦးထုပ် မဆောင်းကြပြန်ပါဘူး။

အခုလို အစိုးရက လမ်းညွှန်းအမှတ်အသားတွေ လုပ်ပေးလိုက်တဲ့အချိန်မှာ အချို့လည်း လိုက်နာကြတာ မြင်ရသလို အချို့များကတော့ လမ်းလယ်စည်းဆိုတာ လမ်းကို တစ်ဝက်ပိုင်းပေးထားတာထက်မပိုပဲ အလှဆွဲထားသလို သတ်မှတ်ပြီး မောင်းချင်သလို မောင်းနေတာကို မြင်တွေ့နေရပါတယ်။

ဒါ့အပြင် မကွေးမြို့မှာက (တစ်ချို့ဒေသမှာ တုတ်တုတ်လို့ ခေါ်တဲ့) သုံးဘီးဆိုင်ကယ်တွေက တော်တော်လေး စည်းကမ်းမဲ့ မောင်းနှင်သွားလာနေတာကို မြင်တွေ့ရမှာပါ။ နေ့ခင်းဘက်မှာလည်း ဆိုင်ကယ်ကအစ ကားအဆုံး ဒီသုံးဘီးဆိုင်ကယ်တွေကို အန္တရာယ်ရှိရှိ ရှောင်မောင်းနေရသလို ညဘက်မှာလည်း ဘေးအနားသတ်တွေကို မြင်ရအောင် မီးမတပ်၊ ရောင်ပြန်ပြား ကပ်မထားဘဲ ရှေ့မီးကြီး တစ်လုံးတည်းထွန်းပြီး မောင်းနှင်ပါသေးတယ်။ မကွေးမြို့မှာတော့ အဆိုပါ သုံးဘီးဆိုင်ကယ်တွေက အများသုံးသယ်ယူပို့ဆောင်ရေးစနစ်လို့တောင် ထင်ရပါတယ်

ခပ်ရိုင်းရိုင်း နှိုင်းပြောရပါရင် တောရွာနားနီးတဲ့ နှစ်ပေါင်းများစွာ မတိုးတက်ဘဲ ကျန်နေခဲ့တဲ့ တောမြို့ကြီးမှာ အဝတ်မဝတ်တတ်တဲ့ လူအရိုင်းတွေကို အခုမှ အင်္ကျီတို့ လုံချည်တို့ ပေးဝတ်လိုက်သလိုပါပဲ။ နေသားမကျသေးပါဘူး။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အစရှိတဲ့ မြို့ကြီးတွေမှာသာ မြင်ရတတ်တဲ့ အဆိုပါ လမ်းညွှန်းအမှတ်အသားတွေကို ဒီက တောနားနီး မြို့ရောက် ရွာသားတွေက နားမလည်သေးပါဘူး။ အစိုးရအနေနဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးမှုတွေ၊ ထိန်းကျောင်းဖမ်းဆီး အရေးယူမှုတွေကို တင်းတင်းကြပ်ကြပ် သေချာလုပ်မယ်ဆိုရင် လပိုင်းအတွင်း စည်းကမ်း လိုက်နာလာကြမယ်လို့ ထင်မြင်ပါတယ်။ အနိမ့်ဆုံးပြစ်ဒဏ်တစ်ခုကို ဒဏ်ငွေ ၃၀,၀၀၀ ကျပ် ဖြစ်နေတဲ့အတွက် အဲ့ဒီငွေပမာဏကို ဘယ်သူကမှတော့ ပေးချင်မှာ မဟုတ်ပါဘူး။

ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်လို့ လိုက်နာမှု၊ အသိပညာနည်းပါးမှုတွေ များနေတဲ့ ဒီမကွေးမြို့ကြီးမှာ မြို့ပြဆန်တဲ့ လူတွေမှာတောင် ယခုလို ဖြစ်နေတယ်ဆိုရင် စည်းကမ်းမဲ့မှုမှာ စံပြထားရလောက်တဲ့ အဝေးသင်ပညာရေးကာလမှာ ကျောင်းလာတက်ကြမယ့်သူတွေက ပိုလို့တောင် ဆိုးပါဦးမယ်။ ယခင် ၂၀၁၆ ခုနှစ်မှာ မြင်ခဲ့ရတဲ့ မကွေးမြို့ကြီးရဲ့ ပုံစံနဲ့ ယခု ၂၀၁၇ ခုနှစ်မှာ မြင်တွေ့ရမယ့် မကွေးမြို့ကြီးရဲ့ ပုံစံက ဆီနဲ့ရေလို ကွာခြားသွားတော့မှာပါ။ ကောင်းလွန်းလှတဲ့ နိုင်လွန်ကတ္တရာလမ်းတွေနဲ့ လှပသွားတဲ့ အမြင်တွေကို အသစ်အဆန်းတွေဖြစ်ပြီး ဆိုင်ကယ်တွေ အမြန်မောင်းကြနဲ့ ယာဉ်တိုက်မှုတွေ များမှာကို မြင်ယောင်စိုးရိမ်ပူပန်မိပါရဲ့။

ဒီလို ဆိုင်ကယ်တွေ ရှုပ်ထွေးနေတဲ့ မြို့ပြကြီးကို ပြင်ဆင်ဖို့အတွက် အများသုံးသယ်ယူပို့ဆောင်ရေးစနစ်ကလည်း အရေးပါတယ်လို့ မြင်ပါတယ်။ ဆိုင်ကယ်နဲ့ ကားနဲ့ နှိုင်းယှဉ်ရင် ဆိုင်ကယ်က အသက်အန္တရာယ် ထိခိုက်နိုင်မှုက ပိုမြင့်မားပါတယ်။ လမ်းနယ်နိမိတ်တွေသတ်မှတ်၊ လမ်းစည်းတွေတား၊ လူကူးမျဉ်းကြားတွေဆွဲ စသည်ဖြင့် လုပ်နေချိန်မှာ စည်းကမ်းလိုက်နာမှု မြင့်မားလာဖို့နဲ့ မြို့ပြယဉ်ကျေးမှု ထွန်းကားလာဖို့ အများသုံးသယ်ယူပို့ဆောင်ရေးစနစ်က လိုအပ်လှပါတယ်။

တစ်ချို့က - "မြို့က ကျဉ်းတယ်။ Bus တွေ ဘာလုပ်မှာလဲ၊ အဆင်မပြေဘူး" စသည်ဖြင့် ပြောမယ်။ ဒါလည်း မှန်ကန်ပါတယ်။ သို့ပေမယ့် မကွေးမြို့ကလည်း သူ့အတိုင်းအတာနဲ့သူ ကျယ်သင့်သလောက် ကျယ်ဝန်းပါတယ်။ မြို့က ကျဉ်းပေမယ့် လမ်းတွေက ကျယ်ပါတယ်။

ဒါဆိုရင် အများသုံးသယ်ယူပို့ဆောင်ရေးစနစ် (ဥပမာ - Bus) လုပ်ဆောင်လိုက်ရင် ဘာတွေ ကောင်းကျိုးရှိလာမလဲ၊ ဘာတွေ ဆိုးကျိုးရှိမလဲ!?

ကောင်းကျိုးတွေ အနေနဲ့က ဆိုင်ကယ်တွေကို ဖယ်ထုတ်လိုက်မှာ ဖြစ်တဲ့အတွက် မြို့ရဲ့ လမ်းမကြီးတွေထက်မှာ စည်းကမ်းမဲ့မောင်းနှင်နေမယ့် အရာတွေ နည်းပါးသွားမယ်။ ယာဉ်တိုက်မှုနှုန်းလည်း အထိုက်အလျောက် လျော့ကျသွားမယ်။ ဒါ့အပြင် လိုင်စင်မရှိတဲ့ ဆိုင်ကယ်အရေအတွက်တွေလည်း လျော့ကျသွားမယ်။

ဆိုင်ကယ်တွေ မရှိတော့တဲ့အတွက် ရွေးချယ်စရာ (၃) ခုပဲ ရှိပါတော့တယ်။ ကားစီးမလား (သို့) စက်ဘီးစီးမလား (သို့) လမ်းလျှောက်မလား။ ကားဆိုတဲ့ နေရာမှာ ကိုယ်ပိုင်ကားကော Bus ကော ပါဝင်ပါတယ်။

တစ်ချို့က - "တစ်နေရာနဲ့ တစ်နေရာ ဒီလောက်နီးနေတာ၊ အရင်ကလည်း ဒီလိုပဲ သွားနေတာ။ Bus နဲ့ သွားရတာကမှ စောင့်ဦး ဘာညာနဲ့ အချိန်တွေ ပိုကုန်တယ်" ပြောကြမယ်။ မှန်သင့်သလောက် မှန်ပေမယ့် နိုင်ငံတကာမှာလည်း ဒီလိုပဲ သွားလာနေကြတာပါပဲ။ ရန်ကုန်မှာလည်း ဒီလိုပါပဲ။ နီးနေတဲ့ နေရာတွေကို Bus နဲ့ မသွားချင်ရင် စက်ဘီးနဲ့သွား (သို့) လမ်းလျှောက်ပြီးသွားဖို့ပဲ ရှိပါတယ်။ အကျိုးဆက်အနေနဲ့ အမြဲတမ်းလိုလို အထိုင်များတဲ့ လူထုအတွက် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းက ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ပြုနိုင်ပါသေးတယ်။

ယခင်နှစ်ကတည်းကတိုင် ဆက်သွယ်ရေးကွန်ယက် ကုမ္ပဏီ တစ်ခုက မကွေးမြို့ပေါ်မှာ ဘတ်စ်ကားစောင့်စီးတဲ့ ထိုင်ခုံတွေ အမိုးတွေကို မြို့ထဲမှာ လိုက်လံပြီး တပ်ဆင်ချထားတာကို မြင်တွေ့ရနိုင်ပါတယ်။ ယခုလည်း ဓာတ်ခဲ ကုမ္ပဏီတစ်ခုက ထပ်မံလုပ်ဆောင်နေတာကို မြင်တွေ့ရဦးမှာပါ။

အဆိုပါ အများသုံးသယ်ယူပို့ဆောင်ရေးစနစ်တွေ လုပ်ဆောင်လိုက်မယ်ဆိုရင် အစိုးရအနေနဲ့လည်း ဝင်ငွေတိုးတက်လာနိုင်ပါသေးတယ်။ တိုးတက်နေဆဲ မြို့ကြီးမှာ စောလျှင်စွာ နေရာချထားရင် နောင်တစ်ချိန်အတွက် အဆင်ပြေမယ်လို့လည်း ထင်မြင်ယူဆပါတယ်။ အစိုးရအနေနဲ့လည်း ရန်ကုန်မြို့ တစ်မြို့တည်းအတွက်ပဲ ကြည့်မနေဘဲနဲ့ အခြားသော ပြည်နယ်နဲ့ တိုင်းဒေသကြီး မြို့တော်တွေကိုလည်း စောင်းငဲ့ကြည့်ရှုသင့်ပါတယ်။

မကွေးတိုင်းဒေသကြီး အစိုးရအနေနဲ့ ဘယ်လိုအစီအစဉ်တွေ လျာထားသတ်မှတ်ထားတယ်ဆိုတာ မသိကြရပေမယ့် ကျွန်တော်တင်ပြတာထက် ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေ ရှိကောင်းရှိနိုင်ပါတယ်။ အခုလည်း နိုင်လွန်ကတ္တရာတွေခင်းခြင်း၊ ရေမြောင်းစနစ်တွေလုပ်ခြင်း စသည်ဖြင့် အလျင်အမြန်တိုးတက်နေတဲ့ မကွေးမြို့ကြီးနဲ့ မကွေးတိုင်းဒေသကြီးက ပြည်သူတွေအတွက် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက လူမှုကွန်ယက်စာမျက်နှာမှာ ပြောခဲ့တဲ့ စကားတွေထဲက တစ်ခွန်းကလည်း အမြဲအမှတ်ရနေစေပါတယ်။ "စောင့်ကြည့်ပါ!"။ ဒီစကားတစ်ခွန်းနဲ့တင် မကွေးမြို့ကြီးကို အချိန် ၁ နှစ်အတွင်း တိုးတက်ပြောင်းလဲစေခဲ့တာပါ။ ဟုတ်ကဲ့၊ ကျွန်တော်တို့ ပြည်သူတွေ ဆက်လက်စောင့်ကြည့်ပါမယ်။ စောင့်ကြည့်ရင်းလည်း အစိုးရနဲ့အတူ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံသားတွေအဖြစ် တိုးတက်လိုက်ပါလာခဲ့ပါမယ်။ ကျွန်တော်ရေးတဲ့စာက မကွေးမြို့ကြီးအတွက် တစ်ထောင့်တစ်နေရာကနေ အထောက်အပံ့ပြုနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။       ။

နေသူရိန်(Magway Up To Date)

No comments:

Post a Comment