Latest News

Tuesday, April 25, 2017

နွေးနွေးထွေးထွေးအိမ်ထောင်ရေး (၃)အိမ်ထောင်ရေးမှာ မိသားစုဆိုင်ရာ ပြဿာနာ ကြုံရတဲ့အခါ

နွေးနွေးထွေးထွေးအိမ်ထောင်ရေး
(၃)အိမ်ထောင်ရေးမှာ မိသားစုဆိုင်ရာ ပြဿာနာ ကြုံရတဲ့အခါ

ပြဿနာပဲဖြစ်ဖြစ် အခက်အခဲလို့ပဲဆိုဆို ကိုယ်လုပ်တာမဟုတ်ဘဲ ကိုယ်ကပါ ခံရတဲ့အခါ မည်သူမဆို စိတ်ဆိုးဒေါသ ထွက်တတ်ကြပါတယ်။ ဒါက လူ့သဘာဝပါပဲ။ ဒါပေမဲ့ အိမ်ထောင်ရေးနဲ့ မိသားစုရေးမှာတော့ အဲဒီလိုဒေါသတွေကို ထိန်းနိုင်ပြီး ပြဿနာကို အေးဆေးတည်ငြိမ်စွာ ဖြေရှင်းနိုင်မှ အိမ်ထောင်ရေးက ရေရှည်တည်တန့်သာယာနိုင်တာပါ။

အိမ်ထောင်ရေးခရီးရှည်ကြီးမှာ သူ့ကြောင့်ပဲ ဖြစ်ဖြစ်  ကိုယ့်ကြောင့်ပဲ ဖြစ်ဖြစ် ငွေကြေးဆုံးရှုံးရတာမျိုး၊ပစ္စည်းဆုံးရှုံးရတာမျိုးလည်း ရှိတတ်ပါတယ်။ အဲဒီလို တစ်ခုခုကြောင့်တစ်ခုခု နစ်နာခဲ့ရင် မှားသွားတဲ့သူကို  အိမ်ထောင်ဘက်ကနေ စိတ်ဓါတ်ကျပြီး ဘာမှ မလုပ်ချင်တော့လောက်အောင် ဖိပြောကြတာလည်း တွေ့ခဲ့မြင်ခဲ့ဖူပါတယ်။

“မင်း ဘာမှလည်း နားလည်တာ မဟုတ်ဘူး၊ ဘာမှလည်း မသိဘဲနဲ့ လုပ်တာ ရှုံးပြီမဟုတ်လား၊ ငါ့လုပ်စာတွေ ထိုင်ဖြုန်းနေတာ၊ အိမ်မှာပဲအေးအေးနေ၊ အလကား မိန်းမ“ဆိုပြီး  နှစ်နှစ်နာနာတွေပြောတတ်တဲ့သူမျိုးလည်း ရှိပါတယ်။

“နင် ဒီလောက်တောင် မသိဘူးလား၊ညံ့လိုက်တာ ချာတူးလံနေတာပဲ၊ နင့်လောက်ညံ့တဲ့ သူယောင်္ကျား မရှိတော့ဘူးထင်တယ်“ဆိုတဲ့စကားလုံးတွေနဲ့စိတ်နာအောင်ပြောကြတာလည်း ကြားဖူးတာပါပဲ။

တကယ်တော့ အိမ်ထောင်ဘက်ကို အပြစ်တင်တာက ကိုယ့်ကိုယ်ကို အပြစ်တင်သလိုပါပဲ၊ ဘာကြောင့်လဲ ဆိုတော့သူ့ကို ကိုယ်ရွေးခဲ့တာလေ။သူ မတော်ဘူးဆိုရင် ကိုယ် ညံ့လို့ပဲလေ၊ မတော်တဲ့သူကို ကြိုက်တာ ကိုယ်လည်း ညံ့လို့ပေါ့။ အဲဒီသဘောတရားကို လက်ခံပြီး  သူနဲ့ကိုယ်နဲ့  ဘယ်ကိစ္စပြဿနာမဆို အတူတူဖြေရှင်းဖို့ပဲဦးတည် စဉ်းစားသင့်တာပါ။

တစ်ခါတစ်ရံမှာ ကိုယ်နဲ့ အိမ်ထောင်ဘက်နဲ့တော့ ပြဿနာမလုပ်ဘူး။ ဒါပေမဲ့ သူ့ ညီအကိုမောင်နှမထဲကပဲ ဖြစ်ဖြစ် ပြဿနာရှိခဲ့ရင် ကိုယ့်အနေနဲ့လည်း မသိချင်ယောင်ဆောင်နေတာမျိုး မလုပ်သင့်ပါဘူး။ ကိုယ်နဲ့မဆိုင်ဘူးလို့လည်း သဘောထားလို့မရပါဘူး။

အိမ်ထောင်ပြုပြီး မိသားစုတစ်စု ဖြစ်ပြီဆိုရင် မိသားစုထဲက တစ်ဦးဦးရဲ့ အမှားဟာ ကျန်တဲ့ မိသားစုဝင်တွေအပေါ်ကိုပါ သက်ရောက်မှုရှိပါတယ်။ ပြီးတော့အဲဒီတစ်ဦးရဲ့ အမှားကို ကျန်မိသားစုဝင်တွေကပါ တာဝန်ယူပြီး ဖြေရှင်းပေးကြရတာပါ။ ဘာကြောင့်လဲဆိုတော့ မိသားစု ဖြစ်လို့ပါ။ ဒါကိုပဲ မိသားစု ဆိုင်ရာ တာဝန်ယူခြင်းလို့ခေါ်ပါတယ်။

မိသားစုတွင်းမှာ ပြဿနာ တစ်ခုခုဖြစ်တဲ့အခါ “ သူတို့ဘာသာရှင်းလိမ့်မယ်၊ ယောင်္ကျားရေ အေးအေးနေ ၀င်မပါနဲ့“ လို့ ပြောတတ်တဲ့ ဇနီးသည်တွေ ရှိပါတယ်။

“မင်း အကိုတွေက ချီးထုပ်တွေ၊ သူတို့ပြဿနာ ကိုယ့်ပြဿာနာ အဖြစ်မခံနိုင်ဘူးနော်၊ မင်းကင်းအောင်နေ “လို့ ဆိုတတ်တဲ့ ခင်ပွန်းသည်တွေလည်း ရှိပါတယ်။

သူတို့တွေက မိသားစုဆိုင်ရာ တာဝန်သိခြင်းနဲ့ တာဝန်ယူခြင်း မသိကြတဲ့ မရှိကြတဲ့ တာဝန်မဲ့သူ၊ အတ္တကြီးသူတွေပါ။ သူတို့ရဲ့တာဝန်ဆိုတာ ကိုယ့်အိမ်ထောင်ဘက်၊ကိုယ့်သားသမီးအပေါ်မှာပဲရှိတယ်လို့ယူဆနေကြတာပါ၊ အဲဒီအယူအဆအမှားကြောင့် သူတို့ရဲ့ လုပ်ရပ်တွေကပါ မှားပြီး၊ မှားယွင်းတဲ့သဘောထား ကျဉ်းမြောင်းတဲ့လူ့အဖွဲ့အစည်းကို ဖြစ်ပေါ် စေပါတယ်။

အဲဒီလို မစဉ်းစားဘဲနဲ့ သူနဲ့ကိုယ်နဲ့ အပြန်အလှန်ပိုင်ဆိုင်ကြတဲ့ အတွက် သူ့ပြဿာနာဟာလည်း ကိုယ့်ပြဿနာ၊ သူ့မိသားစု ပြဿနာကလည်း ကိုယ့်မိသားစု ပြဿနာလို့  နားလည်ပေးသင့်ပါတယ်။

မိသားစုနဲ့ပတ်သက်ပြီး ပြဿာရှိလာတယ်ဆိုရင်  ဒါဟာ ဘာောကြာင့်ပြဿာနာ ဖြစ်ရသလဲ ဆိုတာကို အရင်ဆုံး စဉ်းစားပါတယ်။ပြီးရင် ကိုယ့်အနေနဲ့ ဘယ်လိုေ နရာကနေ ပါဝင်ဖြေရှင်းပေးနိုင်မလဲ ဆိုတာကို အရင်ဆုံး စဉ်းစားပါတယ်။

ပြဿနာဖြစ်ရတဲ့ အကြောင်းရင်းမှာ ဘယ်အချက်က မိသားစုနဲ့ဆိုင်သလဲ။ ဘယ်အချက်ကတော့ကိုယ်နဲ့ဆိုင်သလဲ ဆိုတာကို လည်း သေသေချာချာ ကြည့်ပြီး စဉ်းစားပါတယ်။

ကိုယ်နဲ့ ဆိုင်တဲ့ အချက်ဆိုရင် ကိုယ်က ပြင်ရမှာဆိုရင် ကိုယ်ပြင်ပေါ့၊ သူတို့နဲ့သက်ဆိုင်တဲ့ အချက်ဆိုရင်တော့သူတို့က ပြင်ရမှာ ဆိုရင်တော့သူ့ကို ပြင်ချင်လာအောင် တိုက်တွန်းတာပေါ့။

အချို့ကတော့ပြဿနာတစ်ခုခုရှိပြီဆိုရင် ပြဿနာဖြစ်စေတဲ့သူကို ၀ိုင်းပြီး အပြစ်တင်ရှုံ့ချကြပါတယ်။ ဒါက ပြဿနာကို ဖြေရှင်းရာမှာ ကောင်းမွန်အောင်မြင်စေတဲ့ နည်းလမ်းလို့ကျွန်မကတော့မယူဆပါဘူး။

အချို့ အမျိုးသမီးတွေကတော့ မိသားစုပြဿနာထဲက မနေနိုင်လို့ဝင်ပါတဲ့ ယောင်္ကျားကို အပြစ်တင်ကြတယ်။ တဗြတ်တောက်တောက်ပြောတယ်။ တာဝန်သိတဲ့ယောင်္ကျားကို ပြောဆို အပြစ်တင်နေရင် သူ့ရဲ့တာဝန်သိစိတ်ကို ရှုံ့ချသလို ဖြစ်နိုင်ပါတယ်။

အချို့က ကိုယ့်ခင်ပွန်းက ကောင်းတယ်၊ဒါပေမဲ့ သူတို့အမျိုးတွေမကောင်းလို့ကိုယ်ကပါ ဒုက္ခရောက်ရတယ်လို့ ညည်းတတ်တာလည်း ကြားရဖူးပါတယ်။ ကိုယ်ခင်ပွန်းနဲ့ ဆိုင်နေတဲ့သူဟာ  ကိုယ်နဲ့ ဆိုင်တဲ့သူပါပဲ၊ ဘာကြောင့်လဲဆိုတော့ကိုယ်က သူ့ကို ယူလိုက်တာကိုး၊ သူ့ဆီက ကောင်းတာတွေကိုပဲကိုယ်က ယူမယ်၊ ဆိုးတာကိုတော့ မယူနိုင်ဘူးဆိုရင် ကိုယ်က တရားမျှတပါ့မလား။

လင်မယားဆိုတာ ကောင်းခြင်း ဆိုးခြင်းတွေကို အတူတူမျှဝေ ခံစားကြရတဲ့သူတွေပါ၊ ဒါကြောင့်လင်မယားဘ၀မှာ ဆွေရေးမျိုးရေးဆိုတာလည်း မပတ်သက်ချင်လို့မရတဲ့ ကိစ္စရပ်တွေလို့နားလည်ထားဖို့ လိုပါတယ်။

ဒါကြောင့် ဘယ်သူ့ကြောင့်ပဲ ဘယ်လို ပြဿနာမျိုးပဲ ရှိပါစေ။တကယ်တမ်းပြဿနာကို ဖြေရှင်းကြတဲ့ အခါ အပြစ်ရှာတဲ့၊ အပြစ်တင်တဲ့ နည်းလမ်းထက်ပိုပြီးကောင်းတာက  ဒီပြဿနာကို ဖြေရှင်းဖို့အတွက်
အားပေးကူညီတဲ့နည်းလမ်းပါ၊ ကိုယ်က ကူညီပေးလို့ပဲ ဖြစ်ဖြစ် ဒီပြဿနာက ပြေလည်သွားတဲ့အခါ နောက်ဒီလို အမှားမျိုး မပြုလုပ်မိအောင် ပြဿနာပြုသူကိုယ်တိုင် ဒါကို သေသေချာချာနားလည်သွားအောင် ပညာပေးတဲ့ နည်းလမ်းက ပိုကောင်းပါတယ်။

အဲဒီလို ပညာပေးလည်း ဆက်မှားတာပဲ ဆိုပြီး အချို့က မှားတတ်တဲ့သူကို ကျဉ်လို်က်တာလည်း တွေ့ဘူးတယ်။ ဒါဟာ ဥပက္ခာပြုလိုက်တာ မဟုတ်ပါဘူး၊ စိတ်မရှည်တာပါ၊ မောင်နှမသားချင်းပဲဖြစ်ဖြစ် ကိုယ်မွေးထားတဲ့သားသမီးပဲဖြစ်ဖြစ် မိသားစု ဆက်ဆံရေးမှာ စိတ်ရှည်ခြင်း၊ စေတနာ မေတ္တာထားနိုင်ခြင်းနဲ့ဆက်ဆံဖို့ ကြိုးစားသင့်ပါတယ်။

ဒါဟာ ပြောသလောက်မလွယ်ပါဘူး။ ခက်ခဲလှပါတယ်။ ဒါပေမဲ့ ကိုယ်က တကယ်ပဲ မိသားစုတွင်းမှာ စေတနာမေတ္တာနဲ့ ဆက်ဆံနိုင်တယ်ဆိုရင် အရင်ဆုံး အကျိုးရှိတာ ကိုယ်ပါ၊ စိတ်အေးချမ်းရတာလေ၊ သူတို့ဆိုးတာ သူတို့နဲ့ ဆိုင်တယ်၊ ကိုယ်ကောင်းတာကိုယ်နဲ့ ဆိုင်တဲ့အတွက်  ကိုယ့်အနေနဲ့ စိတ်အေးချမ်းရတယ်။

မိသားစုတွေရဲ့လေးစားချစ်ခင်ခြင်းနဲ့တန်ဖိုးထားခြင်းကိုလည်း ရရှိစေပါတယ်။ပြီးတော့ သူတို့အတွက်ရော ကိုယ့်အတွက်ပါ အင်မတန်ကောင်းမွန်စေပါတယ်။ ဒါဟာလည်း ကောင်းမွန်တဲ့ နောင်တ နည်းပါးစေတဲ့ ဘ၀နေနည်းတစ်ခုပါပဲ။

ဒါကြောင့် ကိုယ့်ကြောင့်ပြဿနာ မဖြစ်ပေမဲ့ ကိုယ့်မိသားစုဝင်ထဲကပဲ ဖြစ်ဖြစ်၊ သူ့မိသားစုဝင်ထဲကပဲ ဖြစ်ဖြစ် ဖြစ်လာတဲ့ပြဿနာကို ၀ိုင်းဝန်းပြီး ကူညီဖြေရှင်းပေးကြရတာပါပဲ။ ဒါမှသာလျှင်ကိုယ်ရောကိုယ့်အိမ်ထောင်ဘက်ပါ မိဘအတွက်သားသမီး တာဝန်ကျေပွန်သလို၊ ညီအကိုမောင်နှမတွေအတွက်လည်း တာဝန်ကျေပွန်တယ်လို့ ဆိုနိုင်မှာပါ။

အခြားသူတွေ ကျေပွန်ခြင်းမကျေပွန်ခြင်းကို အာရုံမစိုက်ဘဲနဲ့ကိုယ့်အနေနဲ့ ကျေပွန်ဖို့ကိုသာ အာရုံစိုက်တယ်ဆိုရင် ကိုယ့်အနေနဲ့ လိပ်ပြာသန့်ပြီး အိမ့်ထောင်ဘက်ရဲ့  လေးစားခြင်းပါတဲ့ နှစ်သက်မြတ်နိုးခြင်းကိုပါ ရရှိစေမှာပါ။

ကိုယ့်ရဲ့အိမ်ထောင်ဘက်က ကိုယ့်အပေါ်ကောင်းမွန်ရုံသာမက၊ ကိုယ့်မိဘမောင်ဖွားတွေအပေါ် ကောင်းမွန်တယ်ဆိုရင် ကိုယ့်အနေနဲ့လည်း ဒါကို  ကျေးဇူးတင်တဲ့အကြောင်း ပါးစပ်ကနေ ဖွင့်ပြောတာမျိုး အပြင် စိတ်ထဲကပါ ဒါကို အသိအမှတ်ပြုသင့်ပါတယ်။

အဲဒီလို အပြန်အလှန်ကျေးဇူးတင်တတ်ခြင်းအားဖြင့် သူနဲ့ကိုယ်ရဲ့အိမ်ထောင်ရေးဟာ သာယာကောင်းမွန်စေပါတယ်။ တစ်ခါတစ်ရံကိုယ့်ရဲ့အားနည်းချက်တွေရှိခဲ့တာကိုလည်း သူ့အနေနဲ့နားလည်ခွင့်လွှတ်ပေးဖို့မခဲယဉ်းတော့ပါဘူး။ လူတိုင်းဟာ တစ်ချိန်မဟုတ်တစ်ချိန်မှားတတ်ကြတဲ့ အတွက် အချို့အမှားတွေအတွက် ဒီလို နားလည်မှုရှိခဲ့တာက အထောက်အပံ့ကောင်းဖြစ်သွားစေတတ်ပါတယ်။ အရေးကြီးတာက ပြဿနာဆိုရင် သူသာတယ်၊ ကိုယ်နာတယ် မစဉ်းစားဘဲနဲ့အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ကိုပဲ ဦးတည်စဉ်းစားရမှာပါ။

မနက်ဖြန်မှာ ဆက်လျက်ရေးသားသွားပါဦးမယ်။
ကျေးဇူးတင်ပါတယ်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment