Latest News

Saturday, April 22, 2017

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းနှင့် တွေ့ဆုံခြင်း

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းနှင့် တွေ့ဆုံခြင်း


ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ယူသည်မှာ တစ်နှစ်စွန်းစွန်း ရှိခဲ့ပြီဖြစ်သည်။ ဝန်ကြီးချုပ်၏ စီးပွားဖြစ် သင်္ကြန်မဏ္ဍပ် ပိတ်ခဲ့သည့် မူဝါဒမှစ၍ လက်ရှိအချိန်ထိ ရန်ကုန်တိုင်းဒေသကြီးတွင် မူဝါဒ အပြောင်းအလဲ များစွာ ဖြစ်ပေါ်ခဲ့သည်။ ကောင်းသည်၊ ဆိုးသည် ဤနှစ်လီကို ဝေဖန်ထောက်ပြသူလည်း များစွာရှိခဲ့သည်။ မြို့တော်ဝန်၏ အခန်းကဏ္ဍ၊ YBS ဝေဖန်ခံရသည့် အကြောင်းရင်း၊ စည်ပင်ရွေးကောက်ပွဲ ဖြစ်လာဦးမှာလား၊ မြို့သစ်စီမံကိန်း လွှတ်တော် ကိုယ်စားလှယ်တွေ ကိုယ်တိုင် တိတိကျကျ သိပြီလား အစရှိသည့် မေးခွန်းပေါင်းများစွာကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းနှင့် တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ခြင်းဖြစ်သည်။

The Voice : ရွှေလင်ပန်းမှာဖြစ်သွားတဲ့ တဲထိုး ငွေတောင်းမှု ကိစ္စတွေ။ လက်ရှိမှာလည်း တဲတွေက ရှိနေသေးတယ်။ ဒီကိစ္စမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ကိုင်တွယ်ပုံ ဘာကြောင့် နှောင့်နှေးနေရတာလဲ။ ဘာအခက်အခဲတွေ ရှိနေတာလဲ။
DSDM : ကျွန်မတို့လည်း အဲဒီကိစ္စကို အဖြေရှာ နေရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒါသည် ရာဇဝတ်မှုကြောင်းအရလည်း တရားစွဲလို့ ရတယ်။ အခုဆိုရင် ငွေကို အပြည့်မပေးလို့ ဆိုပြီးတော့ ငွေညှစ်ခြိမ်းခြောက်သူကတောင် အထက်တန်းရှေ့နေကနေတစ်ဆင့် စက်ရုံပိုင်ရှင်ကို ငွေအပြည့်ပေးဖို့ကို နို့တစ်စာ ပို့တာကို အံ့ဩစွာနဲ့ ရရှိတယ်။ ဒါသည် ဘာလဲဆိုတော့ စက်မှုဇုန်တွေ အားလုံးမှာ တရားဥပဒေ စိုးမိုးမှုမရှိဘူးဆိုတာကို ကျွန်မတို့ ပြချင်တယ်။ ခုလို ဖြစ်လာတဲ့ကိစ္စတွေမှာ အပိုင်းလိုက် အရေးယူ ဆောင်ရွက်လို့ ရတယ်။ အပိုင်းလိုက်ဆိုတဲ့ သဘောတရားက ဒါက ကျူးကျော်ကိစ္စကို ဖြေရှင်းတာ မဟုတ်ဘူး။ ကျူးကျော်နဲ့ မဆိုင်ဘူး။ ဒါသည် ရာဇဝတ်တစ်ခုကို ကျူးလွန်တာ ဖြစ်တယ်။

The Voice : ဒီကိစ္စမျိုး ရေရှည်ဖြစ်ပေါ်နေမယ် သို့မဟုတ် ဒီထက် ပိုများမယ်ဆိုရင် ကိုင်တွယ်ဖို့ ပိုခက်ခဲသွားမလား။ ခုလိုလုပ်သူတွေကို ပိုအခွင့်အရေး ပေးသလို ဖြစ်လာမလား။
DSDM : ဖြစ်လာနိုင်ပါတယ်။ တရားဥပဒေ စိုးမိုးမှုက လျင်လျင်မြန်မြန် မရှိဘူး။ ပြည်သူတွေ အပေါ်မှာ ကာကွယ် စောင့်ရှောက်မှု၊ အရေးယူ ဆောင်ရွက်မှုတွေက သိပ်နှောင့်နှေးကြန့်ကြာနေမယ်ဆိုရင် ဒီလုပ်ငန်းတွေက အလုပ်မရှိ၊ အကိုင်မရှိသူတွေအတွက် မြိုးမြိုးမြက်မြက်ကလေးရတဲ့ မိုက်ကြေးခွဲလို့ရတဲ့ အသက်မွေးဝမ်းကျောင်းတစ်ခု အနေနဲ့ ပြုလုပ်လာနိုင်တယ်။ ဒီလိုလုပ်နေတာကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းက လျင်လျင်မြန်မြန် မဖြေရှင်းပေးဘူးဆိုရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အရမ်း ဂုဏ်သိက္ခာ ကျဆင်းစေပါတယ်။ ဒီကိစ္စကို ဒုတိယသမ္မတ ဦးမြင့်ဆွေက အမြန်ဆုံး ဖြေရှင်းပေးလိုက်ပါလို့ ပြောပါတယ်။ အဲဒီလိုပဲ စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းကို အမြန်ဆုံး ဖြေရှင်းလိုက်ပါဆိုပြီး UMFCCI ရုံးမှာ ပြုလုပ်တဲ့ အချိန်မှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖြေရှင်းနိုင်မှု သိပ်နောက်ကျတယ် ဆိုတာကို တွေ့ရတယ်။ ဒါပေမဲ့ ကျွန်မတစ်ခု အရမ်း စိတ်မကောင်း ဖြစ်တာက ပြန်လည် သိရတာပေါ့။ ဘာကြောင့် နောက်ကျနေလဲဆိုတဲ့ အချက်တစ်ချက်ထဲမှာ သူတို့ကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ကို တိုင်ရင်ရလျက်နဲ့ လွှတ်တော်ဘက်က ကော်မတီကို သွားရောက် တိုင်ကြားတာ ဖြစ်တဲ့အတွက် မဖြေရှင်းပေးဘူးဆိုတဲ့ အချက်တစ်ချက်က ပါနေတယ်။ ဒါက ကျွန်မတို့ အရမ်း စိတ်မကောင်း ဖြစ်ရပါတယ်။

The Voice : သမ္မတ ဦးသိန်းစိန် လက်ထက်က စည်ပင်ရွေးကောက်ပွဲ ပြန်ကျင်းပခဲ့တယ်။ ရန်ကုန်က အရင်၊ မန္တလေးက နောက်။ ဒီအစိုးရလက်ထက်မှာ မန္တလေးက လုပ်ပြီးပြီ။ ရန်ကုန်မှာ မလုပ်နိုင်သေးဘူး။ ဘာကြောင့် ကြန့်ကြာနေတာလဲ။
DSDM : ဝန်ကြီးချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေကို ပထမဆုံး ပြောတာက စည်ပင်ရွေးကောက်ပွဲကို အမြန်ဆုံး ကျင်းပပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ အဲဒီကတိကို မတည်ပါဘူး။ ကျွန်မတို့က စည်ပင်ရွေးကောက်ပွဲ ဥပဒေကို အမြန်ဆုံး ပြင်နိုင်အောင် ကြိုးစားတယ်။ ပြင်လည်း ပြင်ပြီးရော ဆွေးနွေးဖို့အဆိုလည်း တင်ပြီးပြီ။ ပုံမှန်ရက်ဆိုရင် လွှတ်တော်ဥပဒေအရ အဆို တင်သွင်းပြီဆိုတာနဲ့ ဆွေးနွေးပိုင်ခွင့် ရှိရမယ်။ ဒါပေမဲ့ တင်ပြီးပေမယ့် စည်ပင်ဥပဒေကို ဆွေးနွေးခွင့် မရခဲ့ဘူး။ ဒါကြောင့် လွှတ်တော်က စည်ပင်ဥပဒေကို မပြဋ္ဌာန်းနိုင်ခဲ့ဘူး။ စည်ပင်ဥပဒေဆိုတဲ့ နေရာမှာလည်း အခန်းတွေ အများကြီးပါနေတဲ့အထဲက တစ်ခန်းကို အရင်ဆုံး ပြင်ပေးတာပါ။ ဒီဟာ သည် စည်ပင်ရဲ့ ဖွဲ့စည်းပုံကို ပြင်တာပဲ ရှိပါတယ်။ ဒါပေမဲ့ ပြင်ခွင့်မရခဲ့ဘူးပေါ့။ ကျွန်မတို့ စောင့်ကြည့်တဲ့အခါမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က တစ်နှစ်ပြည့်မြောက်ပြီးသွားပြီ။ တိုင်းဒေသကြီး လွှတ်တော်အနေနဲ့ ဥပဒေကို ပြင်ဆင်ခွင့်ရတာက ယစ်မျိုးဥပဒေကို ပြင်ဆင်ခွင့်ရတဲ့ အချက်လေး တစ်ချက်ကလွဲပြီး ကျန်တဲ့ဥပဒေကို တစ်ခုမှ ဆွေးနွေးနိုင်တာ မရှိတာကို တွေ့ရတယ်။

စည်ပင်ဥပဒေမှာ ကော်မတီ ဆုံးဖြတ်မယ့်ကိစ္စတွေက ကော်မတီဝင် ကိုးဦးပြည့်မှ သတ်မှတ်ထားတဲ့ ငွေပမာဏ တစ်ခုရှိပါတယ်၊ ဒါကို ကော်မတီဝင် ကိုးဦးပြည့်မှ ဒီငွေကို သုံးစွဲပိုင်ခွင့် ရှိပါတယ်။ ကိုးဦးပြည့်မှ ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ ခုချိန်မှာ ကော်မတီက တစ်ခြမ်းပဲ့ပြီး လေးဦးပဲရှိတာ ဖြစ်တဲ့အတွက် ကော်မတီသည် ဥပဒေအရ မပြည့်စုံဘူးလို့ သတ်မှတ်ပါတယ် လွှတ်တော်အနေနဲ့။ အဲဒါကြောင့်မို့လို့ မပြည့်စုံတဲ့ ကော်မတီအနေနဲ့ ခုလိုမျိုး ဘဏ္ဍာငွေတွေ သုံးစွဲနေတာမျိုး၊ စီမံကိန်းတွေ ဆောင်ရွက်နေတာမျိုးတွေက စည်ပင်သာယာ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ ကွဲလွဲနေတယ်လို့ ပြောချင်တယ်။

The Voice : တိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရန်ပုံငွေကို ပြင်ပ အလှူငွေ လက်ခံတယ်ဆိုတာမျိုး ကြားသိရတယ်။ တကယ်တမ်းသာ အလှူငွေ လက်ခံခဲ့ရင် ဒီအလှူငွေတွေက အနှောင်အဖွဲ့ ဖြစ်နိုင်လား။ တိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်တွေအပေါ် သက်ရောက်နိုင်လား။ လွှတ်တော်က ဒါကို ထိန်းကွပ်ဖို့ ရှိလား၊ မရှိဘူးလား။
DSDM : အခုချိန်ထိကို လွှတ်တော် စတဲ့အချိန်မှာ ဝန်ကြီးချုပ်က ကျွန်မတို့ကို ပြောထားတာ ရှိပါတယ်။ တိုင်းဒေသကြီး အစိုးရရဲ့ ဖွံ့ဖြိုးရေး ရန်ပုံငွေဆိုတာကို ဒီအစိုးရလက်ထက်မှာ မကောက်ခံပါဘူးလို့ ပြောထားတာ ရှိပါတယ်။ ဒီအတွက် ကျွန်မက လွှတ်တော်မှာ ဆွေးနွေးထားတာ ရှိပါတယ်။ ပြီးခဲ့တဲ့အစိုးရရဲ့ ဖွံ့ဖြိုးရေး ရန်ပုံငွေဆိုပြီး စီပွားရေး လုပ်ရှင်တွေဆီက ကောက်ခံခဲ့တာ ရှိပါတယ်။ ဒီငွေတွေကို စနစ်တကျနဲ့ လက်ရှိအစိုးရအပေါ် လွှဲခဲ့မှု မရှိပါဘူး။ သက်ဆိုင်ရာ မြို့နယ်တွေမှာရှိတဲ့ ထွေအုပ်တွေကိုပဲ ၄၅ မြို့နယ် အားလုံးကို အလျဉ်းသင့်သလို လုပ်ငန်းတွေအတွက် သိန်းထောင်ချီပြီး ချသွားပေးခဲ့ပါတယ်။ ကျွန်မတို့ အစိုးရလက်ထက်မှာ ဒီလို ပွင့်လင်းမြင်သာမှု မရှိတဲ့ ရန်ပုံငွေတွေကို သုံးစွဲတာကို လွှတ်တော်အနေနဲ့ လက်မခံနိုင်ပါဘူးဆိုပြီး ပြောထားတာ ရှိပါတယ်။ အခုချိန်ထိ လှူတဲ့သူရှိ၊ မရှိဆိုတာကို မသိပါဘူး။ လှူတဲ့သူရှိတယ်ဆိုလည်း တိုင်းဒေသကြီး စီမံဘဏ္ဍာ ဝန်ကြီးအနေနဲ့ ဒီငွေတွေကို စနစ်တကျ ပွင့်လင်းမြင်သာမှုရှိအောင် ကိုင်တွယ်ပြီး စာရင်း လုပ်ထားသင့်ပါတယ်လို့ အကြံပြုချင်ပါတယ်။

The Voice : ဝေဖန်သူတွေ ပြောလေ့ရှိတာက ရန်ကုန်မှာ မြို့တော်ဝန်ရဲ့ အခန်းကဏ္ဍ ပျောက်နေတယ်။ ကိစ္စတော်တော်များများကို ဝန်ကြီးချုပ် ကိုယ်တိုင် လုပ်နေတယ်ဆိုတာမျိုးပေါ့။ အဲဒီလို တကယ် ဖြစ်နေတာလား။
DSDM : ကျွန်မတို့ နားလည်သလောက် မြို့တော်ဝန်ကို သမ္မတက တိုက်ရိုက်ခန့်တာ ဖြစ်တဲ့အတွက် မြို့တော်ဝန်မှာလည်း ဒီမြို့တော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ပိုင်ခွင့်တွေ၊ တာဝန်ဝတ္တရားတွေ ရှိပါတယ်။ အများအားဖြင့် ပြည်သူလူထုနဲ့ မြို့တော်ကြီးသာယာ ဖွံ့ဖြိုးဖို့အတွက်ဆိုတဲ့ လုပ်ငန်းတွေ အားလုံးသည် မြို့တော်ဝန်နဲ့ သက်ဆိုင်တယ်လို့ ထင်ပါတယ်။ ဥပမာ မီးတွေ ပုံမှန် ရရှိအောင် လျှပ်စစ်ဌာနကို ဝင်ရောက် စွက်ဖက်တာ မဟုတ်ပေမယ့် မီးပျက်တာ၊ ရေပျက်တာ၊ အင်တာနက်လိုင်းတွေ မရရှိတာမျိုးတွေ အားလုံးကို ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့ကို မြို့တော်ဝန်မှာ တာဝန်ဝတ္တရားရှိတယ်လို့ ထင်ပါတယ်။ အဲဒီလိုပဲ ရန်ကုန်တိုင်းဒေသကြီးကို အုပ်ချုပ်ရသော ဝန်ကြီးချုပ်က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အားလုံးကို တာဝန်ဝတ္တရား ရှိပါတယ်။ နိုင်ငံရေးအမြင်ရှိတယ်။ စီးပွားရေး၊ လူမှုရေး အမြင်ရှိပါတယ်။ ဒါတွေက မတူပါဘူး။ အဲဒါကြောင့် မြို့တော်ဝန်ရဲ့ တာဝန်ဝတ္တရားနဲ့ ဝန်ကြီးချုပ်ရဲ့ တာဝန်ဝတ္တရားတွေက မတူပါဘူး။

The Voice : ဒါဆို ရန်ကုန်မှာရော ဖွဲ့စည်းပုံက ပြောထားသလို၊ အန်တီပြောသလို ဝန်ကြီးချုပ်နဲ့ မြို့တော်ဝန် တာဝန် ကွဲကွဲပြားပြား လုပ်နေတယ်လို့ မြင်လား။
DSDM : မြို့တော်ဝန်ရဲ့ တာဝန်နဲ့ ဝန်ကြီးချုပ်ရဲ့ တာဝန်ဝတ္တရားတွေ ကွဲကွဲပြားပြား မမြင်ဘူးလို့ ထင်ပါတယ်။ အဲဒီလိုပါပဲ။ တာဝန်ယူပြီး အကောင်အထည် ဖော်ဆောင်ရွက်တဲ့ တချို့ လုပ်ငန်းတွေကိုလည်း မြို့တော်ဝန်က မလုပ်ဆောင်ဘဲ မသက်ဆိုင်တဲ့ ဝန်ကြီးဌာနက ဝန်ကြီးများက တာဝန်ယူပြီး ပုံဖော်နေတဲ့ဟာမျိုးတွေက ဘယ်လို သွားမြင်လဲဆိုရင် သက်ဆိုင်ရာ ဝန်ကြီးတွေ အချင်းချင်းမှာ နားလည်မှုတွေ လွဲစေတယ်။ စိတ်ရင်းကွဲပြားစေတယ်ဟာမျိုး သွားတွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ တာဝန် ဝတ္တရားတွေ အားလုံးက ကိုယ်စီကိုယ်စီမှာ သတ်မှတ်ထားပြီးသားပါ။ ကိုယ့်ကို ဒီနေရာကို ခန့်လိုက်ပြီဆိုရင် ဒီနေရာမှာရှိတဲ့ တာဝန်ဝတ္တရားကို မိမိဘာသာ ဘယ်လို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ခြင်းရှိမှသာ ဒီနေရာနဲ့ ထိုက်တန်တဲ့သူ ဖြစ်တယ်လို့ သုံးသပ်လို့ ရရှိပါတယ်။

The Voice : ဝေဖန်မျိုးစုံဖြစ်နေတဲ့ YBS ကို အနှစ်ချုပ် ပြောပါဆိုရင် ဘာမှားနေတာလဲဗျ။
DSDM : ဘာမှားတာလဲ မေးလို့ရှိရင် တစ်ယောက် တစ်မျိုး ထောက်ပြနိုင်ပါတယ်။ ဘာလို့လဲဆိုရင် တစ်ခုတည်း မှားတယ်ဆိုရင် လူတွေက တစ်ခုပဲ ထောက်ပြမှာ။ ခုဆယ်ယောက်မေးရင် ဆယ်ယောက်က ဆယ်မျိုးထောက်ပြမှာ။

နံပါတ်တစ် ကားတွေ လမ်းကြောင်း ပြောင်းသွားတာမျိုးတွေ၊ ကားအရေအတွက် နည်းသွားတာမျိုးတွေ။ နံပါတ်နှစ် အစားထိုးတဲ့ ကားတွေက စံချိန် မမီတဲ့ ကားမျိုးတွေ ဖြစ်နေတာမျိုးတွေ၊ နံပါတ် သုံးက လမ်းကြောင်းတွေ လွဲနေတဲ့ကိစ္စတွေ။ နောက်တစ်ခုက ကတ်စနစ် သုံးမယ်ပြောလိုက် ဒီကတ်စနစ်ဟာ တည်ငြိမ်မှု မရှိတဲ့ဟာမျိုး ဖြစ်နေတာမျိုးတွေ၊ လမ်းကြောင်းတွေ ပိုရှည်ပြီး အချိန်တွေ ပိုကြာတာမျိုးတွေ၊ ကုန်ကျစရိတ်တွေ ပိုသွားတာတွေ ဒါတွေ အားလုံးဟာ လူတွေက ထောက်ပြတဲ့အခါ တစ်ခုတည်း ဖြစ်မနေဘဲ အများကြီး ဖြစ်နေတာမျိုးပေါ့။ ခြုံပြီး ပြောရရင် အခုကားတွေ နည်းသွားတယ်။ ကားတွေ နည်းသွားလို့ ကားအစီးပေါင်း ၃၀ဝ၀ ကျော် ဝင်လာမယ်။ ကားအစီးရေ ၃၀ဝ၀ ကျော် ဝင်လာရင် ကားအဟောင်း ၃၀ဝ၀ ကျော်က သံရည်ကျိုစက်ကို ပို့ဖို့ လိုအပ်ပါတယ်။ အဲဒီလိုမလုပ်ရင် ယာဉ်ကြော ကျပ်တည်းမှုကို မရှင်းနိုင်ဘူး။ ဘတ်စ်ကား အစီး ၃၀ဝ၀ ဝင်လာမယ်ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကားအကောင်းစားကြီးတွေ စီးရဖို့ထက် ဒါကတော့ ကျွန်မအထင်ပါ သက်သောင့်သက်သာဖြစ်ဖို့ ကားသမားတွေက ပြည်သူလူထုပေါ်မှာ ဆက်ဆံရေး ပြေပြစ်ဖို့၊ လမ်းကြောင်းတွေမှာ စည်းကမ်းတကျ မောင်းနှင်ဖို့က ပြည်သူလူထုအတွက် အရေးကြီးပါတယ်။

The Voice : အန်တီကိုယ်တိုင်က မြို့သစ်စီမံကိန်းကို သေသေချာချာ တိတိကျကျ မသိသေးပါဘူးလို့ ပြောတယ်။ တခြားသူတွေကို လိုက်မေးတော့လည်း မြို့သစ်စီမံကိန်း ဘယ်နေရာမှာ ဧကဘယ်လောက်၊ ဘယ်လောက် အကုန်ကျခံမယ်။ ဘယ်ကုမ္ပဏီနဲ့ ဘယ်အချိန်မှာ စမယ်ဆိုတာ တိတိကျကျ မသိဘူး။ ဆိုတော့ အဲဒီလို မသိတာက တကယ်ပဲ လွှတ်တော် ကိုယ်စားလှယ်တွေက မသိတာလား။ ပြည်သူတွေကို မထုတ်ပြန်သေးတာလား အဲဒါလေး သိချင်တာဗျ။
DSDM : အမှန်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါသလို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ပြောထားပါတယ်။ ပြည်ထောင်စု လွှတ်တော်မှာလည်း ဒီစနစ်ကိုပဲ ကျင့်သုံးပါတယ်။ ဒါဟာဘာလဲဆိုတော့ စီမံကိန်းတစ်ခု လုပ်တော့မယ်ဆိုရင် လွှတ်တော်ကို တင်ပြပြီး သဘောတူညီချက် ရရှိတော့မှ စီမံကိန်းကို အကောင်ထည်ဖော် ဆောင်ရွက်ရမယ်လို့ ရှိပါတယ်။ ၂၀၁၇-၂၀၁၈ ဒေသန္တရ စီမံကိန်းမှာ နောက်ဆက်တွဲနဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကို လုပ်ဆောင်မယ်လို့ ပြောတယ်။ ကိုရီးယားနိုင်ငံရဲ့ မြို့တော်အတိုင်း လုပ်ဆောင်မယ်လို့ ထည့်ထားတာ ရှိပေမယ့် ဒါကိုကျွန်မတို့ လွှတ်တော်က အတည်မပြုပါဘူး။ လွှတ်တော်က ဒေသန္တရအတွင်းမှာ လုပ်မယ့် စီမံကိန်းသေးသေးလေးတွေကိုပဲ အတည်ပြုပါတယ်။ ဒီစီမံကိန်းကြီးတွေကို ဆောင်ရွက်မယ်ဆိုရင် လွှတ်တော်ကို ပြန်လည် တင်ပြပါလို့ ပြောထားပါတယ်။ စီမံကိန်းဝန်ကြီးကလည်း ပြန်တင်ပြမယ်လို့ ပြောထားတာ ရှိပါတယ်။

အဲဒီအတွက် ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ် အားလုံးသည် အမှန်တကယ်ပဲ ရန်ကုန်မြို့သစ် စီမံကိန်းဟာ ဘယ်သူတွေနဲ့ ဘယ်လို ဆောင်ရွက်ပြီး ဘယ်လို လုပ်မယ်ဆိုတာ မသိပါဘူး။ လွှတ်တော်မှာ ဆွေးနွေးသွားတာ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ၅၁ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ၄၉ ရာခိုင်နှုန်းဆိုတာ သူတို့ ပြောထားတာဖြစ်လို့ အဲဒီလောက်ပဲ သိထားပါတယ်။ ကျန်တဲ့စီမံကိန်း အသေးစိတ် ဘာညာ ဘယ်လို ဆောင်ရွက်မယ်။ ပြည်သူလူထုကို ဘယ်လိုမျိုးပြန်ပြီး မြေယာပေးမယ်။ မြေယာတွေကို အစိုးရကပေးမှာလား Developer တွေက ပေးမှာလား ခုထိ မသိသေးပါဘူး။

The Voice : အန်တီသွားတဲ့ (သင်္ကြန်တုန်းက) မန္တလေးခရီးမှာ တချို့ အစီအစဉ်ကောင်းလေးတွေကို ရန်ကုန်မှာ ပြန်အတုယူနိုင်မယ့် ပုံစံလေးများ တွေ့ရလား။ ရန်ကုန်နဲ့ မန္တလေး ဘာများကွာနေလဲ။
DSDM : မန္တလေးနဲ့ ရန်ကုန်ဆိုတဲ့ဟာတော့ သင်္ကြန်ပုံဖော်တာကတော့ ဘယ်သောအခါမှ မတူခဲ့ပါဘူး။ မန္တလေးသည် ယဉ်ကျေးမှုမြို့တော်လို့ ပြောပါတယ်။ ရန်ကုန်သည် ခေတ်မီပြီး ခေတ်ဆန်သော မြို့တော်ဖြစ်တယ်လို့ ပြောတယ်ပေါ့နော်။ ဒါပေမဲ့လည်း မတူတော့တာက အခုက တဖြည်းဖြည်းနဲ့ ရေသုံးစွဲမှုကို ချွေတာရမယ့် အခြေအနေကို ရောက်လာတယ်။ နောက်တစ်ခုက ကားတွေနဲ့ လည်ပတ်ခြင်းဟာ ဘေးအန္တရာယ်ကို ဖြစ်လာတယ်ဆိုတာ တွေ့လာတယ်။ ဒါကြောင့် ကျွန်မ သွားလေ့လာပါတယ်။ ဘာကို တွေ့ရသလဲဆိုရင် လမ်းလျှောက်သင်္ကြန်ဟာ တအားကိုပဲ လူတွေအတွက် ပျော်စရာလည်းဖြစ်တယ်။ ကုန်ကျစရိတ်နည်းပြီး ထိခိုက်ဒဏ်ရာ ရရှိမှု အနည်းဆုံး ဆိုတာ တွေ့ရပါတယ်။ ဒီဟာကတော့ ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ အတုယူစရာ ဖြစ်ပါတယ်။ တခြား စီးပွားဖြစ်မဏ္ဍပ်တွေ မလုပ်ရဘူးဆိုပြီး သုဝဏ္ဏထဲမှာ တစ်ယောက်ကို ၄၀,ဝ၀ဝ နဲ့ စီးပွားဖြစ် မဏ္ဍပ်တွေကတော့ လုပ်တာပဲ။ ဒါတွေပေါ်မှာ ကျွန်မ မဆွေးနွေးချင်ပါဘူး။ မန္တလေးကနေ အတုယူသင့်တာကတော့ လမ်းလျှောက်သင်္ကြန် ဆိုတာကတော့ ပြည်သူလူထု အားလုံး အဆင့်အတန်းမရွေး တစ်နေရာတည်းမှာ စုပေါင်း ပျော်ရွှင်နိုင်တဲ့ ကုန်ကျစရိတ် နည်းတဲ့ ပျော်ရွှင်စရာတစ်ခုဖြစ်လို့ အတုယူသင့်ပါတယ်။

The Voice : တခြား စီမံခန့်ခွဲမှု အပိုင်းကိုရော ပုံတူကူးလို့ရတာ ရှိမလား။
DSDM : စီမံခန့်ခွဲမှု အပိုင်းဆိုရင် တမင်တကာပဲ ဒါကြီးကို ဘယ်သူက လုပ်ဆောင်ပါသလဲဆိုပြီး မြို့တော်ဝန်နဲ့ တွေ့ဆုံတာကို Facebook တင်ထားပါတယ်။ မြို့တော်သူမြို့တော်သား အားလုံးရဲ့ ပျော်ရွှင်ဖွယ်ရာ သာယာဝပြောမှု အဆင်ပြေကျေနပ်မှု အားလုံးကို ပုံဖော်ရတာက ကျွန်မတို့ နားလည်ထားတာက မြို့တော်ဝန်လို့ သတ်မှတ်ထားတာ။ အဲဒီ မြို့တော်ဝန်ကြီးကို ခန့်ထားတာ ဒီအလုပ်တွေ လုပ်ဖို့ ခန့်ထားတာလို့ နားလည်ထားပါတယ်။ ဒါကြောင့်မို့လို့လည်း ဒီလိုမျိုး သင်္ကြန်လိုကိစ္စ၊ သီတင်းကျွတ်လိုမျိုး ပွဲတော်ကိစ္စ ဒီလိုကိစ္စမျိုး အားလုံးဟာ မြို့တော်ဝန်ရဲ့ စီမံခန့်ခွဲမှုမျိုး ဖြစ်သင့်ပါတယ်လို့ ပြောချင်ပါတယ်။

The Voice : ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ တစ်နှစ်တာ လုပ်ဆောင်ချက်တွေထဲက အန်တီ သဘောကျတဲ့ တစ်ခုနှစ်ခုလောက်ပေါ့။ သဘောမကျလည်း တစ်ခုနှစ်လောက် ပြောပြပေးနိုင်လား။
DSDM : သဘောကျတာ တစ်ခုတော့ ပြောမယ်။ သဘောမကျတာကျတော့ ပြောလို့ မကောင်းပါဘူး။ တစ်နှစ်တာပတ်လုံးမှာ ကျွန်မ သဘောကျတာကတော့ ရန်ကုန်တိုင်းဒေသကြီးရဲ့ စီမံကိန်းဌာနက ဖော်ဆောင်တဲ့ မြောင်းတွေပေါ့။ ရန်ကုန်မြို့ရဲ့ ရေကြီးရေလျှံမှု မဖြစ်အောင် မြောင်းတွေကို ကန်ထရိုက်ပေးပြီး ဖော်ဆောင်တဲ့ ကိစ္စမျိုးတွေ နောက်ဖေးလမ်းကြား ရှင်းတာတွေ သန့်ရှင်းသပ်ရပ်မှုဖြစ်အောင် လုပ်တာတွေကို ကျေနပ်အားရမှု ရှိပါတယ်။

The Voice : နောက်ဆုံး မေးခွန်းတစ်ခုပါဗျ။ ဟိုနေ့က အန်တီက ပို့စ်တစ်ခုတင်တော့ အောက်မှာ Comment တော်တော်များများ တွေ့ရတယ်။ အချင်းချင်း ပြန်ဝေဖန်တယ်ပေါ့လေ။ သိချင်တာက လွှတ်တော်ကိုယ်စားလှယ်တွေရော ပညာရှင်တွေရော ဝေဖန်ထောက်ပြပေမယ့် အကြံပြုချက်တွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ထည့်သွင်းစဉ်းစားလေ့ရှိလား။
DSDM : ကျွန်မတို့က Facebook တွေက ဖော်ပြတယ်။ စာစောင်တွေမှာ အင်တာဗျူးတွေ ဖော်ပြတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ရတဲ့အခါမှာ ဆင်ခြင် သုံးသပ်နိုင်ဖို့ ထည့်သွင်း စဉ်းစားနိုင်ဖို့ ကျွန်မတို့က အမုန်းခံပြီး ဒါတွေကို တင်ပြနေတာ ဖြစ်ပါတယ်။ NLD အစိုးရရဲ့ သက်တမ်းက လေးနှစ် ကျန်ပါသေးတယ်။ ပြည်သူလူထု အားကိုးတဲ့ အစိုးရတစ်ခု ဖြစ်လာဖို့ဆိုရင် လွှတ်တော်နဲ့ အစိုးရက ဟာမိုနီဖြစ်ဖို့ လိုပါတယ်။ လွှတ်တော် ဆိုတာကတော့ အကောင်အထည်ဖော် ဆောင်ရွက်ရတာ မဟုတ်ပါဘူး။ မူဝါဒတွေ ချမှတ်တယ်။ ဒီလိုမျိုးတွေ အကြံပြုတင်ပြပါတယ်။ ပြောတာတွေ အားလုံးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ ၁၀ဝ ရာခိုင်နှုန်း မဟုတ်ရင်တောင် အကောင်အထည် ဖော်ဆောင်ရွက်ရတဲ့အခါမှာ ကျွန်မတို့ တင်ပြတာလေးကို ထည့်သွင်းစဉ်းစားမယ် သုံးသပ် ဆင်ခြင်မယ်ဆိုရင် ပြည်သူလူထုတွေအတွက် ပြည်သူလူထုက ရွေးချယ်ရကျိုး နပ်ပါတယ်လို့ ပြောချင်ပါတယ်။ ဒါတွေအားလုံးကို လွှတ်တော်ကလည်း တင်ပြချင်တာ တင်ပြတာ သူတို့ ဝတ္တရားရှိတယ်။ အစိုးရကလည်း ငါလုပ်ချင်တာ လုပ်မယ်ဆိုရင် နောင်နှစ်တွေအတွက် ပြည်သူလူထုအတွက် သိပ်အားရစရာ မရှိဘူးလို့ ပြောချင်ပါတယ်။

The Voice : အန်တီတို့ အကြံပြုချက်တွေကို ထည့်သွင်း စဉ်းစားတယ်ထင်လား။ ဘာလို့ ဒီမေးခွန်း မေးရလဲဆိုရင် အန်တီတို့ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီရဲ့ အစီရင်ခံစာမှာ ကျူးကျော်ကိစ္စ၊ YBS ကိစ္စတင်ပြခဲ့တယ်၊ ရွှေလင်ပန်းကိစ္စရှိတယ်၊ မြို့သစ်စီမံကိန်းကိစ္စရှိတယ်။ ဒါတွေကို နေ့စွဲအလိုက် အကြံပြုချက်တွေ တင်ပြတယ်။ နောက်ဆုံးမှာ မှတ်ချက်တစ်ခုအနေနဲ့ ဒီလိုတင်ပြချက်တွေ အနေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဘာမှ လွှတ်တော်ကို ပြန်အစီရင်မခံပါဘူးလို့ပါတယ်။ လွှတ်တော်မှာ တင်ပြတာတောင် သူတို့ပြန်ပြီး REPLY မလုပ်ဘူး ဆိုတာလေးကို တွေးမိလို့ဗျ။
DSDM : လွှတ်တော်နဲ့ အစိုးရဟာ ပွတ်တိုက်မှုတွေ ရှိနေပါတယ်ဆိုတာ ဒါကြောင့် ပြောနေတာ ဖြစ်ပါတယ်။ ကျွန်မတို့ တင်ပြနေတာတွေဟာ အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် တာဝန်ရှိတဲ့သူတွေအတွက် ဖြစ်နိုင်တာလည်း ရှိမယ်။ မဖြစ်နိုင်တာတွေလည်း ရှိကောင်း ရှိပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်မယ်ဆိုရင် ကျွန်မတို့ သုံးသပ်ချက် အကြံပြုတင်ပြချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးပါပြီ။ ဒီဟာတွေကို ဘယ်လိုပုံစံနဲ့ ဆောင်ရွက်လိုက်ပါတယ်ဆိုတာကို ကျွန်မတို့ လွှတ်တော်အနေနဲ့ မျှော်လင့်ပါတယ်။ ဒီလို ဘယ်သောအခါမှ ပြန်လည် ဖြေကြားချက်မရှိရင် ပြည်သူလူထုက ပြဿနာဖြစ်လို့ ကျွန်မတို့ကို လာတိုင်တယ်။ ကော်မတီတွေက ကြားနာတယ်။ ပြီးရင် သက်ဆိုင်ရာ အစိုးရကို တင်ပြပါတယ်။ သက်ဆိုင်ရာ အစိုးရကလည်း ဖြေရှင်းပြီးပါပြီ။ ဒီလိုမျိုးကိစ္စတွေကို အရေးတယူရှိစွာနဲ့ပြန်ပြီး အကြောင်းကြားပေးမယ် ဆိုရင် ကျွန်မတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကြိုးစားရကျိုးနပ်ပါတယ်။ နိုင်ငံတော်သမ္မတရုံးပဲဖြစ်ဖြစ် အတိုင်ပင်ခံရုံးကိုပဲဖြစ်ဖြစ် စာပို့လိုက်ရင်တောင် စာကို လက်ခံရရှိပါတယ် ဆိုတဲ့စာလေးကို အကြောင်းပြန်ကြားလေ့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရကတော့ ကျွန်မတို့ဘက်ကို ဘာတစ်ခုမှ အကြောင်းပြန်ကြားချက် မရှိဘူး။ ဆိုတာက ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေက အရမ်းစိတ်မကောင်း ဖြစ်ပါတယ်။

The Voice : ဒါနဲ့ဗျာ တိုင်းအစိုးရအဖွဲ့မှာ သူတို့ကို အကြံပေးမယ့် ပညာရှင်အဖွဲ့ရှိတယ်လို့ ကြားမိလားဗျ။ Think Tank Group လိုမျိုးပေါ့။
DSDM : အဲဒါမျိုးတော့ မကြားမိပါဘူး။ တစ်ဦးချင်းတော့ ရှိကောင်း ရှိနိုင်ပါတယ်။

ရဲနိုင်ဦး(The Voice)

No comments:

Post a Comment