Latest News

Thursday, April 20, 2017

တက္ကစီဆရာပြောတဲ့ ခွေးလေခွေးလွင့်အကြောင်း

တက္ကစီဆရာပြောတဲ့ ခွေးလေခွေးလွင့်အကြောင်း

(၁)

၂၀၁၇ ဧပြီ ၇ ရက်နေ့ ညနေကပါ။ အချိန်က ညနေ ၆ နာရီခွဲလောက် ဖြစ်ပါတယ်။ ခရီးထွက်စရာရှိတာနဲ့ လေဆိပ်ဆင်းဖို့ တက္ကစီကား ငှားမယ်လေဆိုပြီး အိမ်ကနေ ပြည်လမ်းမကြီးကို လမ်းလျှောက်ထွက်ခဲ့တယ်။ အိမ်က ပြည်လမ်းနံဘေးက တစ်ကြောင်းဝင် တစ်ဖက်ပိတ် လမ်းသွယ်ကလေးထဲမှာပါ။ ပြည်လမ်းမကြီးက ၀င်ရင်လည်းဒီလမ်း၊ ပြည်လမ်းမကြီးကို ထွက်ရင်လည်း ဒီလမ်းမို့ လုံခြုံရေးအရ ကောင်းတယ်လို့ဆိုရမှာပါ။


နောက်ပြီး လမ်းသူလမ်းသားတွေ လစဉ်စုပေါင်းထည့် ၀င်ငွေနဲ့ခန့်ထားတဲ့ လုံခြုံရေး ၀န်ထမ်းတွေလည်းရှိတယ်။ သူတို့က ၂၄ နာရီ စောင့်ရှောက်တယ်။ ညဆိုကင်းလှည့်ပြီး တစ်နာရီတစ်ခါ သံချောင်းခေါက်တယ်။ ကင်းလှည့်ရင် သူတို့ရဲ့ရံရွေတော်ခွေးတွေလည်းအတူ လိုက်ပါတတ်တယ်။ အိမ်မွေးခွေးတွေနဲ့ တစ်နာရီတစ်ခါဟောင်ကြ၊ မာန်ဖီကြ။ သူတို့က လမ်းပေါ်က၊ အိမ်မွေးခွေးတွေက ခြံထဲက။ ဒါညစဉ်ကြုံနေကြားနေကျ တေးသံသာတွေ။

သူတို့ ရံရွေတော်ခွေးတွေ ဆိုတာသူတို့ မွေးထားတာတော့ မဟုတ်ပါဘူး။ ရေကြည်ရာ မြက်နုရာရှာရင်း မျက်စိလည်ရောက်လာရာကနေ လမ်းထဲက ခွေးချစ်တတ်တယ်ဆိုသူတချို့က ကျွေးကြမွေးကြတော့ ခွေးတွေကဟန်ကျပြီး လုံခြုံရေးကင်းတဲနားက မခွာတော့တဲ့ကောင်တွေ။ အိမ်ထောင်တွေပါကျတော့ သူတို့အသိုက်အမြုံက ကြီးလာတယ်။ ပိုဆိုးတာက စိတ်ကြီးဝင်လာတာ။ လမ်းထဲက လူမှန်းမသိ ဘာမသိညာမသိနဲ့ တွေ့ရာဟောင်တတ်လာတာ၊ လိုက်ဆွဲတတ်လာတာ။

(၂)

ပြောသံတွေ ကြားနေခဲ့ဖူးပေမယ့် လူ့သဘာဝအရ ကိုယ့်အသားမထိသေးတော့ မနာသေးဘူး။ ကိုယ်တိုင်မကြုံသေးတော့ မယုံသေးဘူး။

အဲဒီညနေမှာတော့ ယုံဖို့အတွက် ကြုံလာခဲ့တယ်။ ပြည်လမ်းမထိပ်တောင် မရောက်သေးဘူး။ လမ်းတစ်ဝက်မှာ မောင်မင်းကြီးသား သုံးကောင် ဟိုဟောင် ဒီဟောင်လုပ်နေရာကနေ လူဆီကို ဦးတည်ပြေးလာတယ်။ လမ်းလျှောက်နေတာကိုရပ်ပြီး ချက်ချင်းအော်ဟစ် မောင်းထုတ်ပစ်ရတယ်။ ဒါတောင်မှ မောင်မင်းကြီးသားများက တော်တော်နဲ့မလှည့်ချင်ကြဘူး။ ခြေသုံးလေးလှမ်းအကွာကနေ ဟောင်နေသေးတယ်။ ဆက်လျှောက်လာခဲ့ပြီး လုံခြုံရေးကင်းတဲနားရောက်တော့ အစောင့်ကို ပြောမိတယ်။

“ဆရာလေး။ ခင်ဗျားတို့ခွေးတွေ တော်တော်လွန်နေပြီနော်”

“မကိုက်ပါဘူးဆရာရဲ့။ ဟောင်ရုံတင် ဟောင်တာပါ”

“ဘာဟောင်ရုံတင် ဟောင်တာလဲ။ လူကိုလာဆွဲတာ။ တစ်ခုခုများဖြစ်လို့ကတော့ အားလုံးသတ်ပစ်မှာ”

သမီးကြီးပြောဖူးတဲ့ သူ့ကိုခွေးလိုက်ဆွဲတယ်ဆိုတဲ့ စကားပါကြားယောင်ရင်း ဒေါသထွက်ပြီး ပြောခဲ့တယ်။

(၃)

ပြည်လမ်းမကြီးပေါ် လမ်းလျှောက်တက်ရင်းနဲ့ ပြန်စဉ်းစားတယ်။ သွားပြီ။ ၀စီဒုစရိုက်၊ နှုတ်ကမကောင်းမှု လုပ်ခဲ့မိပြီ။ သတ်မယ် ဖြတ်မယ် ကြိမ်းမောင်းခဲ့မိပြီ။ နေ့စဉ်ပို့နေတဲ့မေတ္တာတွေ ဘယ်ရောက်ကုန်ပြီလဲ။ လိုက်ဆွဲခဲ့တဲ့ ဟောင်ခဲ့တဲ့ခွေးတွေကတော့ ကျန်ခဲ့ပြီ။

တက္ကစီကားတားတယ်။ မလိုက်ဘူး။ ထပ်တားတယ်။ ရတယ်။ ဈေးအဆင်မပြေဘူး။ သင့်တင့်တဲ့ဈေးနဲ့ တက္ကစီတစ်စီးငှားလို့ရတယ်။ အဲယားကွန်းမပါလို့ အားနာတယ်တဲ့။ ကားဆရာကပြောတယ်။ ဟုတ်တယ်လေ နေလုံးကျသွားတာတောင်မှ ရန်ကုန်နွေနေအပူက ရှိနေဆဲ။ ရပါတယ်၊ လမ်းထဲကိုခဏ၀င်ရအောင်။ အ၀တ်အိတ်သယ်ဖို့ ရှိသေးတယ်။

(၄)

အိမ်မှာ အ၀တ်အိတ်ပြန်ယူရင်းနဲ့ သမီးကြီးကို ခွေးဆွဲတဲ့အကြောင်း ပြောမိတယ်။ တက္ကစီကားပြန်ထွက်တယ်။ လုံခြုံရေးကင်းတဲရှေ့ ကားလမ်းပေါ်မှာ စက်တော်ခေါ်နေတဲ့ သူကောင်းသားသုံးကောင်ကို တွေ့တယ်။ စောစောက လိုက်ဆွဲတာခံရတဲ့အကြောင်း ကားဆရာကိုပြောမိတယ်။ ကားဆရာကလည်း ခွေးလေခွေးလွင့်တွေအကြောင်း ပြန်ပြောတယ်။ သူပြောတာကို ကြားတစ်ချက် မကြားတစ်ချက် နားထောင်ရင်းအတွေးတွေ ရွက်လွှင့်ခဲ့မိတယ်။

(၅)

နောက်ကို လမ်းထဲမှာ အညောင်းပြေအညာပြေ လမ်းလျှောက်ရင် တုတ်တော့ကိုင်သွားမှပါ။ အရင်တုန်းက ဂေါက်တုတ်အဟောင်းလေးကိုင်ပြီး လျှောက်တတ်တယ်။ ဂေါက်တုတ်လောက်နဲ့တော့ မရတော့ဘူးထင်တယ်။ သံပိုက်လုံးအနေတော်လေး ကိုင်ရမယ်။ ဟုတ်ပြီ။

သံပိုက်လုံးကိုင်ပြီး လမ်းလျှောက်တယ်။ ဘယ်နေရာမှာ ဒီအကောင်တွေနဲ့တွေ့မလဲ စိတ်ထဲကတွေးရင်း သတိနဲ့သံပိုက်လုံးကို အဆင်သင့်ကိုင်ထားတယ်။ လမ်းအကွေ့မှာ ဟောင်သံနဲ့ မည်းခနဲပြေးဝင်လာတဲ့ အကောင်တွေကို မြင်လိုက်တယ်။ ကဲကွာ၊ ဂေါက်သီးရိုက်နေကျလက်က ရှေ့ဆုံးကကောင်ရဲ့ ခေါင်းကို ထိထိမိမိရိုက်ချတယ်။ ကိန်ခနဲ အော်သံနဲ့အတူ သွေးတွေဖြာဆင်းပြီး လဲသွားတယ်။ နောက်ကအကောင်တွေ နောက်ကြောင်းလှည့်သွားချိန်မှာ ရှေ့ကကောင်ခဏကြာဆန့် ငင်ဆန့်ငင်ဖြစ်နေရာက အသက်ထွက်သွားတယ်။ သေပြီ။ အေးရော။ ကိုယ်က မအေးသေးဘူး။ ဒီခွေးသေကောင်ကို ရှင်းရဦးမယ်။ သင်္ဂြိုဟ်ရဦးမယ်။

လမ်းထဲကလူတွေ ရောက်လာတယ်။ သူတို့ရဲ့အကြည့်တွေက အဓိပ္ပာယ်အများကြီး ပေါ်နေတယ်။ ခွေးနဲ့ ဖက်ပြိုင်ကိုက်တဲ့ကောင်တဲ့။ ရက်စက်လိုက်တာတဲ့။ တချို့ကတော့ နှုတ်ကထုတ်ပြောတယ်။ ဒီခွေးတွေကလည်း အတော်ဆိုးပါတယ်တဲ့။ တချို့ကလည်း ခြောက်ရုံလှန့်ရုံဆို တော်ရောပေါ့တဲ့။ ပါးစပ်ကထွက်တဲ့ စကားတွေ။ မျက်လုံးကထွက်တဲ့ စကားတွေ။

အချက်မပြဘာမပြနဲ့ ရုတ်တရက်ဖြတ် ကွေ့တဲ့ရှေ့ကကားကို တိုက်မိမှာစိုးလို့ ရုတ်တရက် ဘရိတ်အုပ်ရာမှာ စိတ်ကတက္ကစီကားပေါ် ပြန်ရောက်တယ်။

(၆)

စိတ်ကစိတ်ကို ပြန်ပြီးသတိထား ကြည့်မိခဲ့တယ်။ သွားပြန်ပြီ။ မနောဒုစရိုက်။ စိတ်ကနေမကောင်းတာတွေ တွေးတောကြံစည်မိနေတာ ခွေးတောင်သေသွားတယ်။ ရပ်ရပ် အဲဒီအတွေးတွေ ဒီမှာရပ်။

ကားဆရာက ပြောနေတာတွေ ပြန်ဆက်တယ်။

“ခွေးလေခွေးလွင့်တွေ စည်းမဲ့ကမ်းမဲ့ ဖြစ်နေတာမပြောနဲ့။ လူလေလူလွင့်တွေ စည်းကမ်းမဲ့တာလည်း အများကြီးဆရာရေ။ ခုနကလို ကားမျိုးတွေဆိုတာ ကျွန်တော်တို့ နေ့စဉ်ကြုံနေတာ။ ဘတ်စ်ကားလည်းပါတယ်။ တက္ကစီတွေလည်း ရှိတယ်။ အိမ်စီးကား ကားကြီးကားကောင်းတွေလည်း တွေ့ရတာပဲ။ ဆင်းရဲတာ ချမ်းသာတာ၊ ပစ္စည်းကောင်းကောင်းသုံးနိုင်တာ မသုံးနိုင်တာတွေနဲ့တော့ မဆိုင်ဘူးထင်တယ် ဆရာ”

(၇)

“ကျွန်တော်ဆို မချမ်းသာပါဘူးဆရာရယ်။ နေတဲ့ရပ်ကွက်ဆိုတာလည်း အိမ်တွေက ကျပ်ညပ်နေတာ။ ခြံနဲ့ဝင်းနဲ့ ဘယ်ဟုတ်ပါ့မလဲ။ လူတရုန်းရုန်း ခွေးတစီစီပေါ့။ ခွေးကလည်း ကိုယ်မွေးထားတာ ဘယ်ဟုတ်ပါ့မလဲ။ လူတွေတောင်မှ မနည်းရုန်းကန်နေရတာ၊ ခွေးအတွက် တာဝန်အပိုမခံနိုင်ကြပါဘူး။ ခွေးတွေလည်း သူ့ထမင်းသူရှာစားကြ၊ လင်ယူကြ၊ မယားယူကြ၊ ခွေးတွေမွေးကြ၊ ပွားကြပေါ့ဆရာ”

“ပြောရဦးမယ်ဆရာရေ။ စည်ပင်က အမဲလုံးလာပစ်တော့ ကိုယ့်နီးစပ်ရာခွေးတွေကို ဖမ်းချည်ထားကြ၊ ၀ှက်ထားကြတာ အများကြီးဗျ။ ရှင်းသွားမှ ပြန်လွှတ်ပေးကြတာ”

လမ်းထဲက ခွေးချစ်သူများကို ပြန်မြင်ယောင်မိတယ်။ ခွေးလေခွေးလွင့်တွေကို ထမင်းနေ့တိုင်းကျွေးတယ်။ တာဝန်ယူပါလားပြောကြည့်၊ မယူဘူးစိတ်ချ။ သိပ်ချစ်ရင် ကိုယ်လည်း ခြံနဲ့ဝင်းနဲ့ပဲဟာ၊ အိမ်စောင့်တောင်ရသေး၊ ခြံထဲသွင်းမွေးပါလား အကြံပေးရင် ကမ္ဘာ့ရန်တောင် ဖြစ်သွားမယ်။

(၈)

“အဲဒီလို ခွေးလေခွေးလွင့်တွေကို ကြောက်ရကောင်းမှန်းမသိ၊ ကိုယ့်ကိုအန္တရာယ်ပေး နိုင်မှန်းမသိနဲ့ အမှုမဲ့အမှတ်မဲ့နေလာကြတဲ့ ရပ်ကွက်ထဲကလူတွေ လေအိုးသေမှ သတိထားမိလာကြတယ်။ လေအိုးဆိုတာ ကျွန်တော်တို့ရပ်ကွက်ထဲက ကောင်လေးပါ။ ဓာတ်ဆီဆိုင်မှာ ပန့်ကိုင်လုပ်တယ်။ ဒီကောင်ကလည်း ခွေးသေပြီးဝင်စားတာလား မသိပါဘူးဆရာရယ်။ ခွေးတွေကိုသိပ်ချစ်တတ်တယ်။ ထမင်းစားရင်တောင်မှ ခွေးတစ်လုတ် သူတစ်လုတ် စားတဲ့ကောင်။ ခွေးတွေကြားမှာပဲ ပျော်နေတာ။ တစ်ရက်ကျတော့ သူအလုပ်ဆင်းတဲ့ ဓာတ်ဆီဆိုင်နားမှာ ခွေးကိုက်ခံရပါရော။ ခွေးရူးတော့ မဟုတ်ဘူးထင်ခဲ့ကြတာပေါ့။ ခွေးလေခွေးလွင့်ဆိုတာကလည်း ဟိုရောက်ဒီရောက်၊ ကောင်းသလား ရူးသွားပြီလား ဘယ်သူစောင့်ကြည့်နိုင်မှာလဲဆရာ။ ခွေးရူးဆေးလား၊ သွားထိုးတာပေါ့ ဆရာရယ်။ ကံကဆိုးချင်တော့ ခွေးရူးဆေးက ဆေးခန်းမှာအဆင်သင့်မရှိ။ နောက်နေ့တွေကျတော့လည်း မသွားဘဲ မေ့မေ့ပျောက်ပျောက် နေလိုက်တာ။ နောက်အတော်ကြီးကြာမှ ခွေးရူးပြန်ပြီး သေပါရော။ သြော် ခွေးချစ်တဲ့ကောင် ခွေးနဲ့သေရတယ်။ သူ့ဦးလေးကတော့ ပြောပါတယ်။ ဒီကောင်က ခွေးသိပ်ချစ်၊ ခွေးတွေကလည်း ဒီကောင့်ကို သိပ်ချစ်တာ။ ခွေးကောင်းဆို ဘယ်ကိုက်ပါ့မလဲ။ သူ့ကိုက အကြောင်းပါလာတာတဲ့”

(၉)

ကားဆရာပြောတဲ့ ခွေးလေခွေးလွင့်၊ ခွေးရူးအန္တရာယ်အကြောင်းတွေ နားထောင်ရင်း ရန်ကုန်အောင်ဆန်းကွင်း၊ စီးတီးမတ် နံဘေးကလှေကားမှာ ခွေးတွေပိတ် အိပ်နေတာကို နိုင်ငံခြားသားဧည့်သည်တွေ ခေါင်းတယမ်းယမ်းနဲ့ ၀ိုင်းကြည့်နေတာ၊ ဓာတ်ပုံရိုက်နေတာ ပြန်မြင်ယောင်တယ်။ ခွေးလေခွေးလွင့် နှိမ်နင်းရေးနဲ့ပတ်သက်ပြီး အကြီးအကျယ် ဟောကြပြောကြ၊ အချေအတင် ဆွေးနွေးကြတာတွေ ဖတ်ခဲ့ဖူးတာသတိရတယ်။ ငရဲကြီးမယ်ပြောသူကပြော၊ တိရစ္ဆာန်များကို ကြင်နာပါဆိုသူကဆို၊ လူကအရေးအကြီးဆုံး မဟုတ်ဘူးလား လူ့အသက်ထက်ဘာကိုပိုပြီး တန်ဖိုးထားရမှာလဲ၊ ကန့်ကွက်သူကကန့်ကွက်၊ မသတ်ရဘူး စနစ်တကျနဲ့ မျိုးမပွားအောင် ဆေးထိုးရမှာလို့ ဆွေးနွေးသူကဆွေးနွေး၊ အဲဒီဆေးထိုးထားတဲ့ခွေးတွေ မသေခင်မှာ အကိုက်ခံရရင် ဘယ်သူတာဝန်ယူမှာလဲ စောဒကတက်သူကတက်၊ အဲဒီလိုလုပ်တော့ရော ငရဲမကြီးဘူးလား၊ လုပ်သူတွေ နောင်ဘ၀မှာ အမြုံဖြစ်မှာပေါ့ရယ်လို့ ၀ိပါကတရားဟော သူကဟော၊ ဒီလိုလုပ်ဖို့ ပိုက်ဆံအများကြီးကုန်မှာ ဘတ်ဂျက်ကဘယ်မှာလဲ ဘယ်လောက်ရှိလို့လဲ ထောက်သူကထောက်။

အတွေးတွေက ဟိုပြေးဒီပြေးပြေးနေချိန်မှာ လေယာဉ်ကွင်းရောက်ခဲ့တယ်။ ကားဆရာက ကျေးဇူးတင်ကြောင်းပြောပြီး ပြန်ထွက်၊ ကိုယ်က လေဆိပ်ထဲဝင်။ လေယာဉ်စောင့်နေရင်း အတွေးတွေ ချာချာလည်ခဲ့တယ်။

မောင်စံပေါ

Eleven Media Group

No comments:

Post a Comment