Latest News

Saturday, April 8, 2017

မနက်ဖြန် မရှိတော့ဘူး ဆိုရင်...

မနက်ဖြန် မရှိတော့ဘူး ဆိုရင်...

အခက်အခဲတွေဆက်တိုက်ကြံရပြီး စိတ်ဓါတ်ကျလာတဲ့အခါ သေသွားရင် သိပ်ကောင်းမှာပဲ  ၀ဋ်ကျွတ်သွားမှာပဲ လို့တွေးမိကြမယ် ထင်ပါရဲ့။ကျွန်မလည်း တွေးခဲ့ဖူးပါတယ်။အကြိမ်ပေါင်းများစွာ တွေးခဲ့ဖူးတယ်။

တကယ်ပဲ သေဆုံးသွားတဲ့အခါ ကြုံနေရတဲ့ အခက်အခဲတွေ ပင်ပန်းဆင်းရဲမှုတွေ ပြီးဆုံးသွားလိမ့်မယ်လို့ ထင်မှတ်ကြလို့သာ အဲဒီလိုတွေးကြတာပါ။

အချို့သူတွေက လက်ရှိ ကိုယ်ကြုံနေရတဲ့ အခက်အခဲ ဒုက္ခဆိုတာ အကြီးကြီးလို့ ထင်မှတ်ကြပါတယ်။ ဒီဒုက္ခ ဆင်းရဲကြီးကနေ လွတ်မြောက်ရင် ပြီးရော သေဆုံးသွားတဲ့အခါ ပြဿနာတွေ ကိစ္စတွေက ပြီးဆုံးသွားမယ်၊ ကိုယ့်အတွကလည်း အေးချမ်းခြင်းလို့ကို မှတ်ယူခဲ့မိကြတဲ့ အတွက် ကိုယ့်ကိုယ်ကို သတ်သေတာတွေ ဆိုတာ ရှိလာကြတာပါ။

ကျွန်မအနေနဲ့လည်း
ခက်ခဲစိတ်ဆင်းရရလွန်းတဲ့အချါသသွားရင်ကောင်းမှာလို့ တွေးပြီးညအိပ်ရာဝင်ခါနီးမှာ မနက်ဖြန်ဆိုတာ မရှိပါစေနဲ့တော့လို့ ဆုတောင်းခဲ့ဖူးပါတယ်။

ဒါပေမဲ့ တကယ်တမ်း မနက်ဖြန်ဆိုတာ ကိုယ့်အတွက်မရှိတော့ဘူး ဆိုရင် လို့တွေးမိတဲ့အခါမှာတော့ ဒီနေ့က ကိုယ့်အတွက်သိပ်အရေးကြီးပါလားလို့တွေးလာမိပြန်တယ်။

ဒီနေ့သာ ရှိတော့တဲ့အတွက် ငါဒီနေ့ကို ထိုင်ပြီး စိတ်ညစ်နေလို့တော့မဖြစ်သေးပါဘူး။  မသေခင်လုပ်ရဦးမယ်ဆိုတဲ့ အလုပ်တွေကိုလည်း စဉ်းစားမိပြီး တန်းစီပြီး ရေချထားဖူးတယ်။
ယ်။မသေခင်မှာ မဖြစ်မနေ လုပ်ရမှာက အရင်ဆုံး တောင်းပန်သင့်တာတွေ ဘာရှိလဲ။ ကျွန်မအနေနဲ့ဝန်ချတောင်းပန်ချင်တာတွေရှိတယ်။

ပြီးတော့ မပြီးပြတ်ပေးတဲ့အလုပ်ကြွေး၊ ပြန်ပေးစရာ ကျေးဇူးကြွေး၊ ငွေအကြွေး၊   လုပ်ပေးပါမယ်လို့ပြောပြီး မလုပ်ပေးရသေးတဲ့ ကတိကြွေးတွေ။ ဒါတွေကိုရော ဒါတွေကို အဆုံးမသတ်နိုင်ဘဲ နောင်ဘ၀ထိ ယူသွားမလို့လား။

ဒါတွေကိုပါ ယူသွားမယ်ဆိုရင် နောင်ဘ၀မှာလည်း ခုလိုပဲ ခုထက်ပိုပြီးတော့တောင် ပင်ပန်း ဆင်းရဲနိုင်သေးတယ်လို့တွေးမိပြန်တယ်။

မပြီးပြတ်သေးတဲ့အကြွေးတွေ၊ ၀န်ချတောင်းပန်ခြင်း မပြုရသေးတာတွေ နဲ့သေဆုံးသွားမှ ဒီထက်ပိုတဲ့ဆင်းရဲဒုက္ခတွေနဲ့ တွေ့နေမလား ဆိုတဲ့အတွေးမျိုးဝင် လာတဲ့အခါ မနက်ဖြန်ဆိုတာ ရှိရဦးမှာပဲ လို့တွေးမိလာပြန်တယ်။

ဒါဆို ဒီဘ၀မှာ တောင်းပန်စရာရှိတာတွေ ပြီးပြတ်အောင် တောင်းပန်ဖို့ပေးစရာရှိတာတွေပြီးပြတ်အောင် ပေးနိုင်ဖို့ မနက်ဖြန်တော့ငါ
သေလို့မဖြစ်သေးပါလို့တွေးပြန်ရော..အဲဒီလိုနဲ့ကျွန်ဟာ ဒီကနေ့ ထိ ကြိုးစား ပန်းစား ရှင်သန်နေခဲ့တာပါ။

အဲဒီလို တွေးလာမိပြီးတဲ့နောက်မှာတော့ ကျွန်မအနေနဲ့ အရင်တုန်းကထက် စာရင်တော့ ဒီနေ့ ဆိုတာကို ပိုပြီး တန်ဖိုးထားတတ်လာတယ်။ နေ့တိုင်းကို အဓိပ္ဗါယ်ရှိစွာနဲ့ ကုန်ဆုံးချင်လာတယ်။ ဘာကြောင့်လဲ ဆိုတော့မနက်ဖြန်ဆိုတာ ကိုယ့်အတွက် တကယ်ရှိသေးရဲ့လား ဆိုတာ မသေချာလို့ပါ။

ဒါပေမဲ့ဒီကနေ့က သေချာနေတယ်။ ဒါကြောင့်ဒီနေ့မှာ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်တယ်။ မိသားစုဝင်တွေနဲ့လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ဂရုစိုက်မိတယ်။ တကယ့်လို့များ ကိုယ်က မရှိတော့ရင်ဘဲဖြစ်ဖြစ် သူက မရှိတော့ရင်ပဲ ဖြစ်ဖြစ် နောင်တရစရာ ရှိသွားမှာ စိုးလို့ပါ။

ပြီးတော့ဒီနေ့မှာ  ပူပင်ကြောင့်ကြမှုတွေကြောင့် လုပ်စရာရှိတာတွေ ပျက်ကွက်သွားတာမျိုး မဖြစ်အောင်ကြိုးစားတယ်။ ပူပင်သောကဆိုတာ မကြာခင် ပျောက်ကွယ်သွားမှာ သောက ဆိုတာကို မသတ်လိုက်နိုင်ရင် သူတို့က ကိုယ့်ကို သတ်ပြီး အောင်ပွဲ ခံသွားမှာ။

သေခြင်းတရားဆိုတာ လူတိုင်းဆီကို လာတာပါပဲ.။ သေခြင်းတရားကို နိုင်အောင် တိုက်နိုင်တဲ့သူ ဆိုတာ မရှိသေးပါဘူး၊ဒါပေမဲ့ ကိုယ့်ဆီကို သေခြင်းတရား ရောက်လာတာကို နှေးကွေးအောင်တော့လူတွေ လုပ်နိုင်ကြပါတယ်။

အဲဒီလို ကိုယ့်အလှည့်မရောက်သေးတဲ့အချိန်မှာ ကျွန်မတို့ဘာဖြစ်လို့များ အချင်းချင်းအဆင်မပြေဖြစ်နေတာတွေကို မရပ်တန့်ကြသလဲ၊ ဘာကြောင့်များ  မရှိတဲ့ အရာတွေအတွက်သောက ရောက်နေပြီး။ ရှိပြီးသားအရာတွေအတွက် ကျေးဇူးမတင်၊ မရောင့်ရဲမကျေနပ်နိုင်ကြမလဲ။ ကိုယ့်ရဲ့ တန်ဖိုးရှိနေတဲ့ အချိန်တွေကို အရေးမပါတဲ့ကိစ္စတွေနဲ့ဖြုန်းတီးကြမလဲ။

ဒါကြောင့်မသေခင်မှာ လုပ်စရာရှိတာတွေ  ပြုစရာရှိတဲ့ဒါနတွေ စောင့်ထိန်းရမဲ့သီလနဲ့ ဘာဝနာ၊ပြီးတော့ အချိန်တိုင်းမှာ အကောင်းတွေချည်းပဲကျန်ရစ်ခဲ့ရအောင်  အချိန်တိုင်း၊ နေ့ရက်တိုင်းကို ကြိုးစားပန်းစားနဲ့ဖြတ်သန်းနေမိတယ်။

ဒီနေ့ကို ကောင်းအောင်ရှင်သန်ရင်းနဲ့… မနက်ဖြန်ဆိုတာကို မျှော်လင့်မိတာ အကောင်းဆုံးလို့နားလည်မိတယ်။

ကျွန်မကတော့ နောက်ဘ၀ဆိုတာ ဒီလက်ရှိ ဘ၀ထက်တော့ပိုကောင်းလိမ့်မယ်လို့ယုံကြည်နေမိတယ်။ ဒါပေမဲ့ မနက်ဖြန် မရှိတော့လောက်အောင်တော့မပြည့်စုံသေးဘူး။ ဖြည့်ရမဲ့ အရာတွေ ပြန်ပေးရမဲ့အရာတွေ နဲ့ အသက်ဆက်ရှင်အောင်မွေးဖို့နဲ့ပြန်ပေးဆပ်ရမဲ့ အကြွေးတွေလည်း ရှိနေသးတယ်လေ။

မတူတဲ့သဘောထားအမြင်များရှိရင်လည်း ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment