Latest News

Friday, April 7, 2017

ဧပြီလအတွင်း ရခိုင်က ကျေးရွာပေါင်း ၁၀၀ ကျော် ရေရှားနိုင်

ဧပြီလအတွင်း ရခိုင်က ကျေးရွာပေါင်း ၁၀၀ ကျော် ရေရှားနိုင်

ရခိုင်ပြည်နယ်အတွင်းက ကျေးရွာပေါင်း ၁၁၀ ကျော်မှာ အခုလအတွင်း ရေရှားမှုပြဿနာကြုံတွေ့လာရနိုင်တယ်လို့ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကပြောပါတယ်။

ရေရှားလာနိုင်တဲ့ကျေးရွာတွေအတွက် နည်းလမ်းအမျိုးမျိုးနဲ့ ဖြေရှင်းပေးသွားမယ်လို့ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြတ်ထွန်း ကပြောပါတယ်။

ရခိုင်ပြည်နယ် မြို့နယ် ၁၆ ခုအနက် ဂွ၊ မာန်အောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြေပုံ စတဲ့ မြို့နယ်တွေဟာ အခုလအတွင်း သောက်သုံးရေလိုအပ်ချက် အများဆုံးမြို့နယ်တွေဖြစ်တယ်လို့ သိရပါတယ်။

အခုလအတွင်း မြို့နယ်ပေါင်း ၁၆ ခုက သောက်သုံးရေလိုအပ်ချက်ရှိနေတဲ့ ကျေးရွာပေါင်း ၁၁၀ ကျော်အတွက် ငွေကျပ် ၂၄ သန်းကျော်အသုံးပြုပြီး ဆောင်ရွက်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက စစ်တွေ၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ဘူးသီးတောင်၊ သံတွဲ စတဲ့မြို့နယ်ပေါင်း ၇ ခုက ကျေးရွာပေါင်း ၅၁ ရွာမှာ ရေရှားပါးနိုင်ကြောင်း ခန့်မှန်းထားခဲ့ပေမယ့် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တာကြောင့် ကျေးရွာပေါင်း ၂၆ ရွာလောက်သာ ရေလိုအပ်ချက်အတွက် ဖြေရှင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

ရေလိုအပ်ချက်ရှိနေတဲ့ ကျေးရွာတွေအတွက် သောက်သုံးရေဖြန့်ဝေပေးတာတွေ၊ ရေကန်တွေကို ရေဖြည့်ပေးတာတွေ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်း ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြတ်ထွန်း ကပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုနှစ်နွေရာသီအတွင်း အပူချိန်မြင့်မားမယ်လို့ ခန့်မှန်းထားတာကြောင့် သောက်သုံးရေ လိုအပ်ချက်တွေလည်း အရင်နှစ်ကထက်ပိုများမယ်လို့ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခန့်မှန်းထားပါတယ်။

Photo: Min Thein Aung/RFA

No comments:

Post a Comment