Latest News

Thursday, April 13, 2017

မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်ရန် ပြင်ဆင်နေကြောင်း ဂြိုလ်တုဓာတ်ပုံများက ညွှန်ပြနေ

မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်ရန် ပြင်ဆင်နေကြောင်း ဂြိုလ်တုဓာတ်ပုံများက ညွှန်ပြနေ

နျူကလီးယား လက်နက်နှင့် ဒုံးပျံစီမံကိန်းများအား စွန့်လွှတ်ရန် ဖိအားပေးနေသော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို အာခံသည့် အနေဖြင့် မြောက်ကိုရီးယားသည် နျူကလီးယား စမ်းသပ်ရန် ပြင်ဆင်နေဖွယ်ရှိကြောင်း သိရသည်။

၂၀၀၆ ခုနှစ် နောက်ပိုင်း ခြောက်ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု ဖြစ်လာဖွယ်ရှိသည့် စမ်းသပ်မှုအတွက် မြောက်ကိုရီးယား၏ ပန်ဂျယ်ရီ စမ်းသပ်ကွင်းသည် အသင့်ဖြစ်နေဖွယ်ရှိသည်။


ပန်ဂျယ်ရီအား ဂြိုလ်တုမှ ရိုက်ကူးထားသော ဓာတ်ပုံများအရ မြောက်ကိုရီးယားသည် နျူကလီးယား စမ်းသပ်မှုအတွက် အသင့်ဖြစ်နေဖွယ်ရှိကြောင်း အမေရိကန် အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့ 38 North က ဧပြီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

အလွယ်တကူ သယ်ယူရွေ့ပြောင်းနေသော ကုန်စည်တင် အခင်းပြား ၁၁ ခုအား အဓိက အုပ်ချုပ်ရေး ဧရိယာ၏ အနောက်ဘက်တွင် တွေ့ရကြောင်း 38 North က၎င်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

သို့သော်လည်း နျူကလီးယား စမ်းသပ်မှု ဖြစ်အံ့ဆဲဆဲဆိုသော ခန့်မှန်းချက်အား တောင်ကိုရီးယား တာဝန်ရှိသူများက မှိန်ချခဲ့သည်။ တောင်ကိုရီးယား၏ စစ်ဦးစီး အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရိုဂျေချန်းက “အခုချိန်ထိ ထူးခြားတဲ့ လှုပ်ရှားမှု မရှိပါဘူး” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဆိုသည်။

မြောက်ကိုရီးယားရှိ နိုင်ငံခြား ဂျာနယ်လစ်များက ၎င်းတို့သည် ကြီးမားပြီး အရေးကြီးသော ဖြစ်ရပ်အတွက် ပြင်ဆင်ထားရန် ပြောကြားခံထားရကြောင်း ဧပြီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယား တည်ထောင်သူ ကင်အီဆွန်း၏ (၁၀၅) နှစ်မြောက်မွေးနေ့သည် ဧပြီ ၁၅ ရက်တွင် ကျရောက်မည်ဖြစ်သောကြောင့် ဂျပန်နှင့် အမေရိကန်မှ အပါအဝင် သတင်းထောက် ၂၀၀ ခန့်သည် ပြုံယမ်းတွင် ရောက်ရှိနေကြသည်။  

ဒုံးပျံ သို့မဟုတ် နျူကလီးယား စမ်းသပ်မှုနှင့် ဆက်နွယ်သော ဖြစ်စဉ်တစ်ခု ဖြစ်လာနိုင်ကြောင်း ခန့်မှန်းချက်များ ရှိသော်လည်း သတင်းထောက်များအား ပြုံယမ်းရှိ မိုးမျှော်လူနေတိုက်တစ်ခု ဖွင့်ပွဲသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment