Latest News

Wednesday, April 12, 2017

“သောကကို အရှုံးမပေးပါနဲ့ နိုင်အောင် တိုက်ပါနော်“

“သောကကို အရှုံးမပေးပါနဲ့ နိုင်အောင် တိုက်ပါနော်“


တကယ်တော့သောကဆိုတာ စိတ်ခံစားချက်တစ်မျိုးပါတယ်။
အများစုကတော့သောက ၀င်လာပြီဆိုရင် ဘာမှ မလုပ်နိုင်၊ မစားနိုင်၊ ရှေ့မဆက်နိုင်တော့ဘဲနဲ့ သောကကို ရင်မှာ ပို်က်ထားပြိး ဘ၀ကိုပါ  အရှုံးပေးလိုက်သလိုနဲ့ အချိန်တွေအကုန်ခံကြတယ်။

ကိုယ်လုပ်မဲ့ အစီစဉ်တွေကိုပါ အပျက်ခံလိုက်ကြတာ၊ သောကရောက်နေလို့ဆိုပြီး အလုပ်တွေ အနာဂတ်အတွက် အစီစဉ်တွေကိုပါ ထိခိုက်ခံကြတာလည်း တွေ့ရတယ်။

သောကကို အချိန်အတိုင်းအတာတစ်ခုထိ ခံစားပြီးတော့ ဆက်မခံစားတော့ဘဲ ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်နေတဲ့ သူတွေကိုလည်း တွေ့ရဘူးပါတယ်။

အချို့ကြတော့ သောကရောက်ပေမဲ့ သောကို အရှုံးမပေးဘဲနဲ့ ပြိုင်တိုက်ကြတာ တွေ့ရပါတယ်။ စိတ်ခံစားချက်ကြောင့်  ကိုယ်လုပ်စရာရှိတာတွေကို အပျက်မခံဘူး။ ဘာကြောင့်ပဲဖြစ်ဖြစ် ငါရှေ့ဆက်ရမှာပဲ ဆိုတဲ့စိတ်နဲ့ အားတင်းပြီး ရှေ့ဆက်ပါတယ်။ရှေ့ဆက်နေုတုန်းမှာလဲ သောကရှိနေတာပါပဲ ဒါကိုတင်းခံပြီး စိတ်ထဲတောင့်ခံထားပြီး ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်ကြတဲ့သူတွေလည်း လောကမှာ ရှိပါတယ်။ သူတို့ကိုတော့စိတ်ဓါတ်ကြံ့ခိုင်တဲ့သူတွေလို့သတ်မှတ်လေ့ရှိကြတယ်။

ဒါကြောင့်သောက၀င်လာချိန်မှာ စဉ်းစားဖို့က နှစ်လမ်းပဲရှိတယ်။ ကိုယ့်ဆီဝင်လာတဲ့သောကကို ကို ခံစားပြီး မအိပ်နိုင်၊မစားနိုင် ဘာမှ မလုပ်နိုင်ဘဲနဲ့ သောကရဲ့ လွှမ်းမိုးမှုအောက်မှာ ဒူးထောက်အရှုံးပေးလိုက်မလား။ ဒါဆို တစ်သက်လုံး သောကရဲ့နှိပ်စက်တာကို မကြာခဏ ခံပေတော့။

အဲလိုမှ မဟုတ်ဘဲနဲ့ သောကရဲ့ဒဏ်ကို ကြံ့ကြံ့ခံပြီး ပြိုင်တိုက်မလား။ အဲဒီနည်းလမ်းက ခက်ပါတယ်။ ဒါပေမဲ့ကိုယ်က သောကကို အနိုင်ရပြီး ကိုယ်လုပ်သင့်လုပ်ထိုက်တာကို လုပ်ရင်းနဲ့အောင်မြင်သွားတဲ့အခါ တော်ရုံသောက ဆိုရင် မဖြုံတော့ဘူး။ တော်ရုံသောက လောက်ကလည်း ကိုယ့်ဆီကို လာမတိုက်နို်င်တော့ဘူး။ ကိုယ့်မှာ ပါဝါ ကောင်း စိတ်အင်အား ရှိသွားတာကိုး ။

ဒါကြောင့်သောက၀င်လာချိန်မှာ စဉ်းစားဖို့က နှစ်လမ်းပဲရှိတယ်။ ကြံ့ကြံ့ခံမလား၊ အရှုံးပေးမလား၊ ကြံ့ကြံ့ခံမယ်ဆိုရင်တော့ သောကနဲ့ပြိုင်တိုက်ပေတော့။

တနည်းအားဖြင့် သောကကို ခံနိုင်ရည် ရှိတယ်ဆိုရင် စိတ်ဓါတ်ကြံ့ခိုင်တယ်လို့ သတ်မှတ်ကြပါလားလို့နားလည်လာရပါတယ်။

စိတ်ဓါတ်ကြံ့ခိုင်တယ်ဆိုတာ မွေးရာပါ ဗီဇ၊ ပါရမီမဟုတ်ပါဘူး။ ကိုယ့်ရဲ့  အရှုံးမပေးတတ်တဲ့စိတ်ကနေ လာပါတယ်။ လေ့ကျင့်ယူလို့ရပါတယ်။

စိတ်ဓါတ်ကြံ့ခိုင်ဖို့ကိုယ့်မှာ ခိုင်မာတဲ့စိတ်ရှိဖို့ကတော့တော်ရုံကိစ္စတွေလောက်နဲ့မခံစားပါနဲ့၊ ခံစားချက် မထားပါနဲ့လို့ပြောတာမဟုတ်ပါဘူး။ ခံစားချက်ထားပါ၊ အပျက်ခံစားချက်မထားဘဲနဲ့အပြုသဘောဆန်တဲ့ ခံစားချက်ထားလိုက်ရင် ကိုယ်က သောကရောက်စရာ မရှိတော့ဘူး။ အဲလိုမှ မဟုတ်ဘဲနဲ့ အပျက်ခံစားချက်ကို ထားလိုက်ရင်တော့သောက ဆိုတာ မကြာခဏ တွေ့ရပါလိမ့်မယ်။
ပြီးတော့သောက ကြုံနေချိန်မှာတော့ကိုယ့်ရဲ့စိတ်အမြင်ကို  အပျက်ဘက်ရောက်အောင် ချမပစ်လိုက်ပါနဲ့လို့တော့ တိုက်တွန်းချင်တယ်။

ပြီးတော့သောကနဲ့
ကြုံတွေ့ရတဲ့အဆိုးထဲက အကောင်း၊ အရှုံးထဲက အမြတ်ထုတ်ယူနိုင်တဲ့ နည်းလမ်းတွေကလည်း ရှိပါတယ်။ အဲဒါကတော့မိသားစုတွေအဖို့သောက၀င်ချိန်မှာ မိသားစုရဲ့စုစည်းမှုစွမ်းအားနဲ့ မေတ္တာတရားကိုပါ ရရှိနိုင်ပါသေးတယ်။

ပြောရမယ်ဆိုရင်တော့ အခြေအနေမှန်ကို လက်ခံပြီး အဆင်ပြေအောင် ဖြေရှင်းခြင်းက  သောကကို ရင်ဆိုင်ခြင်းပါပဲ။ အဲဒီအခြေအနေအတွက် ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲနဲ့အားလုံးက နားလည်ပေးခြင်းကတော့ ပြဿနာကို ဖြေရှင်းခြင်းနဲ့သောက ကို အားလုံး တောင့်ခံထားကြခြင်းပါပဲ။တကယ်ပဲ သောကကို တောင်ခံဖြေရှင်းခြင်းဆိုတာကတော့ သောကကို အနိုင်ရလို်က်တဲ့နည်းလမ်းလို့ ကျွန်မ နားလည်လာခဲ့တယ်။

အဲဒီလိုမှ မဟုတ်ဘဲနဲ့ ဒီတစ်ဦးကြောင့် သောက ရောက်ရတယ်ဆိုပြီး သောကကို အရှုံးပေးပြီး ကိုယ့်မိသားစု တစ်ဦးဦးကို တစ်ဦး အပြစ်ပုံချတာမျိုး၊ ကိုယ်လွတ်ရုန်းကြတာမျိုးက  သောကကို အရှုံးပေးတာပါ၊ ဒါရဲ့နောက်ဆက်တွဲက မိသာစုရဲ့စုစည်းမှုကို ပျက်ဆီးစေပြီး ပြိုကွဲစေနိုင်တဲ့အကြောင်းတရားတွေ ဖြစ်လာတတ်ပါတယ်။

သောက ကို လက်မခံနိုင်လို့ဆိုပြီး  သောကပေးတဲ့သူကို စွန့်ပစ်မလား၊ မှားသွားမှာပေါ့နောက်ဆုံး တစ်ဦး တစ်ယောက်တည်းသာ ကျန်ပါလိမ့်မယ်။ ဒါတောင်မှ သောက ရောက်အောင် မလုပ်နိုင်ဘူးဆိုတာ မသေချာလှပါဘူး။

ပူဆွေးသောက ပရိဒေ၀ ဆိုတာ မိသားစုတိုင်း တစ်ချိန်မဟုတ်၊ တစ်ချိန်မှာ ကြုံတွေ့ရတတ်ပါတယ်။ လောကဓံကို လူတိုင်း ကြုံရတဲ့သဘောတရားအတိုင်းပါပဲ။

ပြသာနာကို ဖြေရှင်းကြတဲ့ အခါ အချို့က စိတ်အတွေးမှာ မသန့်ရှင်းတဲ့အတွက် ၊ အပျက်သဘောဆန်တဲ့အတွေးကြောင့်မကောင်းမှုအချို့နဲ့ ယှဉ်တွဲပြီး ဖြေရှင်းကြတာ တွေ့ရတယ်။ မကောင်းတဲ့အတွေးနဲ့ရှင်းတဲ့အတွက် ကောင်းတဲ့ လုပ်ရပ်ထွက်မလာပါဘူး။

ဘယ်လောက်ကြီးတဲ့ ပြဿနာပဲဖြစ်ပါစေ၊ သေးပါတယ်ဆိုတဲ့ ပြသနာပဲ ဖြစ်ပါစေ မှန်မှန်ကန်ကန် ဖြောင့်မတ်ဖို့ လိုသလို၊ သူတစ်ပါးကို မထိခိုက်နိုင်တဲ့ရှု့ထောင့်ကနေ ဖြေရှင်းနို်င်ဖို့လည်း လိုပါတယ်။ ဒါကမှ အကုသိုလ်ကင်းသော ဖြေရှင်းနည်း၊ အပြုသဘောဆန်သော ဖြေရှင်းနည်းလို့ဆိုနိုင်ပါမယ်။

ဘယ်လောက်ပဲ သေးငယ်တဲ့ပြဿနာပဲ ဖြစ်ပါစေ၊ ရင်ဆိုင်ဖြေရှင်းတဲ့အခါမှာလည်း အကုသိုလ်ကင်းစွာနဲ့ ဘယ်သူ့ကိုမှ ထိခိုက်မှု မရှိအောင် ရင်ဆိုင်ဖြေရှင်းဖို့ကလည်း အရေးကြီးတယ်ဆိုတာပါပဲ။ သောကကို အပြိုင်တိုက်ရာမှာ အပြုသဘောဆန်သော စိတ်အတွေးနဲ့လုပ်ရပ်ကသာ အကောင်းဆုံးဖြစ်ပါတယ်။

ဒါကြောင့် သောကကို အရှုံးမပေးပါနဲ့နိုင်အောင် တိုက်ပါလို့ပဲ အကြံပြုချင်ပါတယ်။

မတူတဲ့ သဘောထားအမြင်များရှိရင်လည်း ဆွေးနွေးပါနော်။
ကျေးဇူးတင်ပါတယ်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment