Latest News

Tuesday, April 4, 2017

မန္တလေးမြို့တွင် သင်္ကြန်အကြို ထစ်ချုန်းမိုးများရွာသွန်း၍အရွယ်အစားကြီးမားသောမိုးသီးများ ကျဆင်းနိုင်

မန္တလေးမြို့တွင် သင်္ကြန်အကြို ထစ်ချုန်းမိုးများရွာသွန်း၍အရွယ်အစားကြီးမားသောမိုးသီးများ ကျဆင်းနိုင်


မန္တလေး ဧပြီ ၎

မန္တလေးမြို့တွင် ဧပြီလဆန်းစမှစ၍ အပူချိန်မြင့်တက်လာမှုနှင့်အတူ သင်္ကြန်အကြိုကာလ၌ ထစ်ချုန်းမိုးများ ရွာသွန်းနိုင်ပြီး အရွယ်အစား ကြီးမားသောမိုးသီးများလည်း ကျဆင်းလာနိုင်ကြောင်း အထက်မြန်မာပြည် မိုးလေဝသနှင့်ဇလဗေဒဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြား သည်။

''မိုး၊ ဇလဌာနမှတ်တမ်းများအရ ပြောရမယ်ဆိုရင် နှစ်စဉ် ဒီလို ဧပြီလတိုင်းမှာ သင်္ကြန်အကြိုထစ်ချုန်းမိုးတွေရွာလေ့ရှိတယ်။ ရွာတဲ့အခါမှာ လည်း လေပြင်းတွေတိုက်ပြီး အရွယ်အစားကြီးမားတဲ့မိုးသီးတွေ ကြွေကျနိုင် ပါတယ်''ဟု ၎င်းက ပြောသည်။ မိုးလေဝသနှင့်ဇလဗေဒမှတ်တမ်းများအရ ၂ဝဝ၁ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိ ၁၅ နှစ်တာကာလအတွင်း ဧပြီလတိုင်းတွင် မိုးရေချိန် ၁ လက်မမှ ၁ လက်မခွဲအထိ သင်္ကြန်အကြိုမိုးများရွာသွန်းမှု ဖြစ်ပေါ်ခဲ့ပြီး အားကောင်းသောမိုးတိမ်တောင်များကြောင့် ထစ်ချုန်းမိုးများ ရွာသွန်းကာ အရွယ်အစားကြီးမားသော မိုးသီးများ ကြွေကျခဲ့ကြောင်း ယင်းဌာန၏မှတ်တမ်းများအရ သိရသည်။

''မိုးတိမ်တောင်တွေသက်တမ်းက ၁ နာရီ၊ ၂ နာရီလောက်အထိ ကြာတတ် တယ်။ လေဆင်နှာမောင်းတိုက်ခတ်တာမျိုးတောင် ရှိတတ်တယ်။ အရွယ်အစား ကြီးမားတဲ့ မိုးတိမ်တောင်တွေ ရွေ့လျားတယ်ဆိုရင် လေတိုက်နှုန်း ပြင်းထန် တယ်။ အလွယ်ဆုံးပြည်သူကို အသိပေးချင်တာကတော့ ကိုယ့်ဒေသမှာ မိုးခြိမ်းသံကြားတယ်ဆိုရင် အပူအားကောင်းတဲ့ မိုးတိမ်တောင်ကြီးတစ်ခု ရှိနေတယ်ဆိုတာ သတိပြုဖို့သင့်ပါတယ်။ ဒါမှသာ ဆိုးရွားတဲ့ရာသီဥတုဖြစ်စဉ် တွေကို ရှောင်ရှားနိုင်မှာပါ'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မန္တလေးမြို့၌ နှစ်စဉ် ဧပြီလတိုင်းတွင် မိုးရွာသွန်းမှုအနေဖြင့် ၁၉၆၄ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အထိ မိုးရေချိန် ၃ လက်မမှ ၅ လက်မအတွင်း ရွာသွန်းခဲ့ပြီး ၂ဝဝ၁ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်တွင် ရွာသွန်းမှုမိုးရေချိန် လျော့နည်း သွားသော်လည်း မိုးတိမ်တောင်ဖြစ်စဉ်များကြောင့် ဆိုးရွားသော ရာသီဥတု များဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment