Latest News

Saturday, April 8, 2017

“ဗွမ်း” “အမလေးတော့”

“ဗွမ်း”

“အမလေးတော့”

မဏ္ဍပ်ရှေ့မှ ဖြတ်လျှောက် သွားသည့် မိန်းမပျိုလေး တစ်ဦးကို အသက် လေးဆယ် ကျော် ငါးဆယ် အရွယ် လူတစ်သိုက်က ရေပုံး ကိုယ်စီဖြင့် ၀ိုင်းလောင်း ကြသောကြောင့် ရွှဲရွှဲစို သွားလေသည်။ မိန်းမပျို နှင့်အတူ ပါလာသည့် အမျိုးသမီးကြီး ကိုမူ တစ်ယောက် မှ ရေ မလောင်း ကြသဖြင့် မဲ့ကာ ရွဲ့ကာ ဖြင့် အပြစ် တင်သည်။

“သေချင်းဇိုး ကြီးတွေ။ အိုကြီးအိုမနဲ့။ ဥပုဒ်စောင့် ရမယ့် အရွယ်မှာ ကမြင်းကြော လာထ နေပါလား”

“စိတ်မဆိုး ပါနဲ့ အစ်မကြီးရယ်။ ကျွန် တော်တို့လည်း တစ်နှစ်မှ တစ်ခါ လူငယ် သဘာဝ ပျော်ရတာပါ”

“ဘယ်လို ဘယ်လို။ ရှင်တို့ အရွယ်ကြီး တွေက လူငယ်။ ဟုတ်လား”

“အမယ်။ အစ်မကြီး ဂျာနယ် မဖတ်ဘူး ထင်တယ်။ ကျွန်တော်တို့ အရွယ်ကို လူငယ် လို့ တရားဝင်ပြော ဖူးတယ်လေ။ ဟောဟိုမှာ မဏ္ဍပ်နာမည် တောင် ကြည့်ပါလား”

အုန်းလက် မဏ္ဍပ်၏ နဖူးစည်းတွင် စကောကြီး များဖြင့် ရေး ထားသည်က ...

“ပိတောက်လူငယ်”

အမျိုးသမီးကြီး ခမြာ လောကကြီးကို စိတ် ကုန် သွားသည့် မျက်နှာဖြင့် မဏ္ဍပ်ရှေ့မှ ရေတစ်စက်မှ မစိုဘဲ ထွက်သွား လေတော့ သည်။

နှစ်စဉ် သင်္ကြန်ပွဲကို စည်ကားစွာ ကျင်းပလေ့ ရှိသည့် မောင်စူပါတို့ ရပ်ကွက်၌ ယခု နှစ်တွင်လည်း ရိုးရာမပျက် မဏ္ဍပ်များ အပြိုင် အဆိုင် ထိုးကြသည်။ အများစုမှာ အုန်းလက် မဏ္ဍပ် များ ဖြစ် ကြပြီး ရေ တိုင်ကီများ ချကာ မဏ္ဍပ် နဖူးစည်းတွင် စကောကြီးများဖြင့် မဏ္ဍပ် နာမည်ကို ရေးထားသည်။

လူအစည် ကားဆုံး မဏ္ဍပ်များ ထဲတွင် တစ်ခု အပါအ၀င် ဖြစ်သည့် “သင်္ကြန်အိုင် ဒေါလ်”မဏ္ဍပ်တွင် လူများက ဟိုဘက် သည်ဘက် နှစ်စု ကွဲနေသည်။  မဏ္ဍပ်တွင် ကာရာအိုကေ သီချင်းဆို ပြိုင်ပွဲ ပြု လုပ်ရာ နောက်ဆုံး အဆင့်သို့ တက်လာသည့် ပြိုင်ပွဲဝင် နှစ်ယောက် ကို ၀ိုင်း အားပေး နေကြခြင်း ဖြစ်သည်။ ယင်းနှစ်ယောက် မှာ ပိန်လှီဟု အမည် ရသည့် ပိန်ညောင်ညောင် ကောင်လေး တစ်ယောက်နှင့် သမီးငယ် ဆိုသည့် ကောင်မလေး ဖြစ်သည်။

ပရိသတ်များ တစ်ဘက်ကို တစ်ဘက် အပြန်အလှန် နောက်ပြောင်ရင်း တစ်ခါတရံ အတည် ရန်ဖြစ်ကြ သည် များလည်း ရှိသည်။ ယခုလည်း ထုံးစံ အတိုင်း မဏ္ဍပ်ထဲမှ လူများ ဆူညံစွာ တစ် ယောက် တစ်ပေါက် အော်ဟစ် နေကြသည်။

“ပိန်လှီတဲ့ကွ။ မတူရင် မတုကြနဲ့”

“သမီးငယ်တဲ့ဟေ့။ အားပေးနေ တယ်နော်”

“ပိန်လှီကမှ ဆိုဟန် ဆိုပေါက် ပညာသား ပါတာကွ”

“အမယ်။ သမီးငယ်က ဘယ်သီချင်း လာလာ အဆင်ပြေအောင် ဆိုနိုင်တာ”

ရုတ်ရုတ် သဲသဲ ဖြစ်နေသည့် လူနှစ်စု ကြားထဲသို့ ဆံပင် ဂုတ်ဝဲနှင့် ဇာတ်မင်းသားလို ပြောင်ပြောင် လက်လက် အ၀တ်အစားများ ၀တ်ဆင် ထားသည့် ရပ်ကွက်ထဲမှ အရူး သိန်းဟန် ၀င်လာသည်။

“ကဲ ကဲ။  ဟောဒီက လူအားလုံးကို အန်ကယ် ကတော့ နိုး လို့ ပြောချင် ပါတယ်။ နိုးပါ သားတို့ရယ်။ နော်”

နှစ်ဘက်စလုံးမှ လူများက ကြားဝင် လာသည့် အရူး သိန်းဟန်ကို အိုးမဲ ၀ိုင်းသုတ် လိုက်ကြရာ မဲတူး ဖွာလံကျဲပြီး ထွက်ပြေးရ လေ တော့သည်။

သူတို့ မဏ္ဍပ်က ဆူညံနေ သလောက် အသံ လုံးဝ မထွက်ဘဲ တိတ်ဆိတ်စွာ ရေက စားနေသည့် အခြား မဏ္ဍပ် တစ်ခုလည်း ရှိနေသည်။ ယင်းမဏ္ဍပ်မှာ “၀ီတို့ အတာ”မဏ္ဍပ်ပင် ဖြစ် သည်။  ယင်းမဏ္ဍပ်တွင် ရေ လာကစား သူများ၏ ထူးခြားချက်မှာ ပါးစပ် တွင် တိပ်အနီ တစ်ခု၊ အနက်တစ်ခု ကန့်လန့် ဖြတ် ကပ်ထားခြင်း ဖြစ်သည်။ လူမျိုးရေး ပုတ်ခတ်သော သူတို့အဖွဲ့၏ သင်္ကြန် သံချပ်များ ပိတ်ပင် ခံထား ရသဖြင့် ဆန္ဒြုပသည့် သဘော ပါဖောမင့် ပြနေခြင်း ဖြစ်သည်။

ယင်းမဏ္ဍပ်ရှေ့ ရေပက်ခံ ထွက်သည့် သူများကလည်း လိုက်ဖက် ညီအောင် မျက်လုံးကို အ၀တ် စည်းပြီး ရေလာ ပက်ခံ ကြ သည်။ မမြင် မစမ်းဖြင့် မြောင်းထဲ ပြုတ်ကျသူ၊ ကားဖြင့် ၀င်တိုးသူ၊ ခလုပ်တိုက် လဲသူများ လည်း အများအပြား ရှိသည်။ ထို့ကြောင့် ယင်း မဏ္ဍပ်ဘေး တွင် ကြက်ခြေနီ မဏ္ဍပ်ကို ထားပေး ထားရသည်။

မဏ္ဍပ်နှင့် လူနှင့်မမျှ ကြိတ်ကြိတ်တိုး စည်ကား နေသည့် မဏ္ဍပ်မှာ “2017 YBS Thingyan”ဆိုသည့် မဏ္ဍပ်ဖြစ်သည်။ ယင်းမဏ္ဍပ်တွင် လာရောက် ရေကစားသူများကို မုန့်လုံးရေပေါ်  ကျွေးနေ သဖြင့် မဏ္ဍပ်နှင့်လူ မမျှတော့ဘဲ အပြင်ကို လျှံထွက်နေသည်။ မဏ္ဍပ်ထဲသို့ ၀င်ရန် အပြင်တွင် တန်းစီ စောင့်နေကြသည့် လူအုပ်ကြီး ကလည်း မနည်းပေ။

မဏ္ဍပ်ကို ကြီးကြပ်ရသူ ရာအိမ်မှူး ကွီးစိုးက အသံချဲ့ စက်ဖြင့် တိုးကြိတ်နေ သူများ ကို အော်ဟစ် အားပေးနေသည်။

“မလိုက်နိုင်ရင် ကျန်ခဲ့မယ်နော်။ တိုး ထား။ တိုးထား။ ဟိုင်းရား”

မဏ္ဍပ်ရှေ့ လက်ဘက်ရည် ဆိုင်မှ ထိုင်ကြည့် ပြီး ရာအိမ်မှူး ကွီးစိုး၏ စီမံခန့်ခွဲမှု ညံ့ဖျင်း ကြောင်း ဝေဖန် လေကန် နေသူများ လည်း ရှိသည်။

“မဏ္ဍပ်လေးက သေးသေးလေးနဲ့ ဒီ လောက် လူအများကြီး ဘယ်ဆံ့မှာတုန်း”

“ဟုတ်ပ။ အစောကြီး ကတည်းက သေ ချာတွက်ချက်ပြီး လုပ်ပေါ့။ အခုတော့ မစား ရတဲ့သူတွေ အများကြီး ဖြစ်နေပြီ”

ဘယ်သူတွေ ဘာပြောပြော။ ကွီးစိုးက တော့ မိုက်တစ်လုံးဖြင့် လူကြားထဲ ဟန်ပါပါ ခေါက်တုံ့ ခေါက်ပြန်လျှောက်ပြီး မျိုးစုံ အော်ဟစ်ညွှန် ကြား နေလေသည်။

နောက်မဏ္ဍပ် တစ်ခုကတော့ ထူးခြားသည်။ နဖူးစည်းတွင် မဏ္ဍပ် နာမည်ကိုပင် တပ်ဆင် ထားခြင်းမရှိ။ မဏ္ဍပ်ထဲမှ လူများကို ကြည့် ပြန်တော့ ရေကစားခြင်း မပြုဘဲ စာရွက် များ ခေါက်နေ သည်ကို တွေ့ရသည်။

ထိုမဏ္ဍပ်က ဆယ်အိမ်ခေါင်း မဏ္ဍပ် ဖြစ်သည်။ အခြား မဏ္ဍပ်များ ရေ ကစားနေ သည့်အချိန် ရောက်သည့်တိုင် သူတို့မှာ မဏ္ဍပ် နာမည် မည်သို့ ပေးမည် ဆိုသည် ကို ငြင်းခုန်၍ ကောင်းနေ ကြဆဲ ဖြစ်သည်။ မည်သူမျှ ၀င်ပြီး မဆုံးဖြတ်ပေး နိုင်တော့ သဖြင့် ယခု မဲခွဲပြီး ဆုံးဖြတ်ရန် စီစဉ်နေကြခြင်း ဖြစ်သည်။

“မဏ္ဍပ်နာမည်က အရေးကြီးသလား။ ရေကစားရဖို့က အရေးကြီးသလား”

“ရေပက်ပါတော့ဗျို့။ မယောင်ရာ ဆီ မလူးကြပါနဲ့”

မဏ္ဍပ်ရှေ့မှ ဖြတ်သွား သူများက မျိုးစုံ အော်ဟစ် သွားကြသည်။ မဏ္ဍပ်ထဲက ဆယ် အိမ်ခေါင်း များကတော့ ခပ်တည်တည်ဖြင့် မဲပေးနေ ကြလေသည်။

မဏ္ဍပ်များ အားလုံးတွင် အစည်ကား ဆုံးမဏ္ဍပ်မှာ ရပ်ကွက် အုပ်ချုပ်ရေး မှူး ဦးစီး သည့် ရပ်ကွက် ဗဟို မဏ္ဍပ်ပင်ဖြစ်သည်။ မဏ္ဍပ်  နဖူးစည်းတွင် ငြိမ်းချမ်းရေး သင်္ကေတ ချိုးငှက်ရုပ်ကြီးကို လှပစွာ ပုံဖော် ဖန်တီးထား သဖြင့် ငှက်မဏ္ဍပ် ဟုလည်း ရပ်ကွက်ထဲက လူတစ်ချို့က အမနာပ ခေါ် ကြသည်။

သို့သော် အုပ်ချုပ်ရေးမှူး ခမြာ မဏ္ဍပ် ဘက်သို့ ခြေဦး မလှည့် နိုင်ရှာ။ လောလော ဆယ် ရပ်ကွက်ရုံးတွင် ရန်ဖြစ်မှု တစ်ခုကို ဖြေ ရှင်းပေး နေရသည်။ တစ်ရပ်ကွက် တည်းသား ချင်း လူငယ် နှစ်ဦး မဏ္ဍပ်ရှေ့တွင် ရန်ဖြစ် ကြခြင်း ဖြစ်သည်။

“ကဲ။ ပြောပါဦး သားတို့။ ဘယ်က စဖြစ် တာလဲ”

“သူ ကျွန်တော့်ကို ဆဲလို့ပါ”

“မဟုတ်ပါဘူး အုပ်ချုပ်ရေးမှူး။ ကျွန် တော့် ဘာသာ သီချင်း ဖွင့်တာပါ”

“ငါလာမှ ဖွင့်တာ ဆိုတော့ မင်းငါ့ကို တမင် ဆဲတဲ့ သဘောပေါ့ကွ”

“ငါ့ ဘာသာ အစောကြီး ကတည်းက ရွေးထား တဲ့ သီချင်း။ သူ့ဘာသာ တိုက်ဆိုင်သွားတာ”

အုပ်ချုပ်ရေးမှူးက ၀င်တား သည်။

“နေကြပါဦး။ အခုလို ရိုက်ကြ နှက်ကြ ရလောက်အောင် သီချင်းက ဘာမို့လို့လဲ”

“ဆက်ပက်”

“ဘာကွ။ ရိုင်းလှချည်လား”

“မဟုတ်ဘူးလေ အုပ်ချုပ်ရေး မှူးရဲ့။ သီချင်း နာမည် ကို ပြောပြတာ။ ရေတွေ ဆက် ပြီး ပက်ခိုင်းတဲ့ သီချင်း”

“မင်းသီချင်းက ငါတောင် ထရိုက် ချင်စိတ် ပေါက်လာတယ်။ ဟေ့ ရာအိမ်မှူးတွေ။ ရပ် ကွက်ထဲက မဏ္ဍပ်တွေကို ကြေညာလိုက် စမ်း။ ဘယ်မဏ္ဍပ်မှ အဲဒီ သီချင်းကို မဖွင့်ရ ဘူးလို့။ အယုတ္တ အနတ္တတွေကွာ”

ရာအိမ်မှူးများ ထွက်သွား ကြသည်။ မကြာမီ ရပ်ကွက်ထဲမှ ဆူဆူညံညံ အသံများနှင့် အတူ ရာအိမ်မှူးများ ပြန်ရောက်လာသည်။

“အုပ်ချုပ်ရေးမှူး။ သူတို့က ပြောနေတယ်။ သင်္ကြန်မှာ သီချင်းတောင် လွတ်လွတ်လပ်လပ် မဖွင့်ရဘူးလားတဲ့။ ဒါဆို ဘာသီချင်း ဖွင့်ရမလဲ လမ်းညွှန်ပေးပါတဲ့”

အုပ်ချုပ်ရေးမှူး ခေါင်းကို တဗြင်းဗြင်း ကုတ်သွားသည်။

“တယ်ခက်တဲ့ ကလေးတွေကွာ။ အဆိုးပြောမှန်း မသိ။ အကောင်း ပြောမှန်း မသိ။ ဒီလောက်တောင် ဖြစ်လှတာ မနောရဲ့ ဗိုလ်အောင်ဒင်ပဲ ဖွင့်ခိုင်းစမ်းကွာ”

မကြာခင် ရပ်ကွက်သင်္ကြန် မဏ္ဍပ်တိုင်းတွင် ဗိုလ်အောင်ဒင် သီချင်းသံများ အစီအရီ ပျံ့လွင့် လာလေတော့သည်။

“ငါက ဗိုလ်အောင်ဒင် ... နင်က ဒါကို မမြင် ...  ငါ့အသည်းကို ခလုပ်တိုက်သွားတယ် ...  မိန်းကလေးရယ် သိပ်မိုက်တယ် ...”
(Zin Thaw Naing)

No comments:

Post a Comment