Latest News

Sunday, April 23, 2017

အလုံပိတ်အခန်းလေး

အလုံပိတ်အခန်းလေး


လူတိုင်းမှာ အလုံပိတ်အခန်းလေး တစ်ခန်းတော့ ပိုင်ဆိုင်သင့်ပါတယ်။

အဲ့ဒီအခန်းထဲမှာ  နာကျင်စရာတွေ ပြောမယ်။ နှိမ့်ချမှုတွေ ပြောမယ်။ မှားခဲ့တာတွေ ၀န်ခံမယ်။ ရင်ထဲမှာ တင်းကျပ်သမျှတွေ ဖောက်ခွဲပြစ်မယ်။ အဲ့ဒီလို စိတ်တိုင်းမကျသမျှ၊ တင်းကျပ်နေသမျှကို ဖွင့်ဟလို့ရမယ့် အလုံပိတ်အခန်းလေး တစ်ခန်းတော့ လူတိုင်း ပိုင်ဆိုင်သင့်ပါတယ်။

တနေ့က ဆရာဝန်မကြီး ဒေါက်တာသွယ်သွယ်စိုးနဲ့ စကားပြောဖြစ်တော့ ရေးလက်စဖြစ်တဲ့ စိတ်ကျဝေဒနာဆိုင်ရာ အကြောင်းလေးတွေ ပြောဖြစ်ရင်း ဆရာမက သူ့အတွေ့ကြုံတစ်ခုကို ဝေမျှခဲ့ပါတယ်။ သိပ်ချမ်းသာတဲ့ မိသားစုကနေ မွေးဖွားခဲ့ပြီး ဇွတ်အတင်း ဆေးကျောင်းတက်ခိုင်းခဲ့လို့ အားလုံးနဲ့ ဆန့်ကျင်ဘက်တွေဖြစ်ခဲ့ရင်း ကျောင်းထွက်ရမလိုတောင်ဖြစ်ခဲ့ရတဲ့ ကျောင်းသားလေးတစ်ယောက် အကြောင်းပါ။

မကျေနပ်တဲ့ နာမည်တွေကို ဘောလုံးမှာ ရေးပြီး အဝေးကို ကန်ပစ်တဲ့အလေ့ရှိပြီး လူတိုင်းကို မယုံတော့ဘဲ သူ့ကို ဖိအားတွေ ပေးမယ့်သူရယ်လို့ အားလုံးနဲ့ အတိုက်ခံတွေ ဖြစ်နေတဲ့အချိန်မှာပဲ ဆရာမရဲ့ နားထောင်မှု စွမ်းရည်နဲ့ လမ်းညွှန်ပေးမှုအောက်မှာ လမ်းကြောင်းတည့်လို့ ဆေးကျောင်းအောင်သွားပါသတဲ့။

အဲ့ဒီလိုကျောင်းသားမျိုး မြန်မာနိုင်ငံမှာ ဘယ်လောက်များခဲ့ပါသလဲ။

တစ်ခါက စာမေးပွဲတွေကျ၊ စာကို စိတ်မ၀င်စားတဲ့ ဆေးကျောင်းသားလေးတစ်ယောက်နဲ့ သူ့ရဲ့ ရည်မှန်းချက်ကို ဆွေးနွေးခဲ့ဖူးပါတယ်။ မိသားစုရဲ့ မပြည့်စုံမှု၊ ထောက်ပံ့တဲ့ အဖွဲ့တွေရဲ့ ဖိအားပေးမှု၊ မိသားစုနဲ့ ရွာရဲ့ မျှော်လင့်ချက်တွေ အောက်မှာ ဖြစ်ချင်တာနဲ့ ဖြစ်နေတာ မကိုက်ညီတဲ့အခါ ဘာကိုမှ ရှေ့ဆက်မရဘဲ ကြုံသလိုဖြတ်သန်းနေတဲ့ ကျောင်းသားငယ်လေးပေါ့။

သူဖြစ်ချင်တာကို ဘယ်သူမှ စိတ်မ၀င်စား၊ နားမထောင်ချင်ကြဘဲ လူကြီးတွေရဲ့ ဖြစ်စေချင်တာကို ပုံဖော်ပေးရင်း သူ့ကိုသူ ပျောက်ဆုံးလာခဲ့တယ်။ နောက်ဆုံးတော့ သူ့ရဲ့ အရည်ချင်းတွေ ပျောက်ဆုံးခဲ့တာပါပဲ။ လူတော်ကလေးကနေ လူဆိုးလေးအဖြစ် ပြောင်းခဲ့ပါတယ်။

ကဲ.. ခရစ်ယာန်ဘုရားကျောင်းမှာရှိတဲ့ အလုံပိတ်အခန်းလေးအကြောင်း ပြောကြဦးစို့။

တစ်ဖက်မှာ နားထောင်မယ့် သင်းအုပ်ဆရာရှိတယ်။ ဒီဘက်မှာ အပြစ်ဝန်ခံသူရှိတယ်။ လုပ်မိသမျှ အပြစ်တွေကို မချွင်းမချန်ပြောတယ်။ ၀န်ခံတယ်။ သင်းအုပ်ဆရာက နားထောင်တယ်။

အမှားကို သိခြင်းမသိခြင်းစစ်ဆေးပြီး သိရင် ပြင်ဆင်ဖို့ပြောတယ်။ ပြောတဲ့သူနဲ့ သင်းအုပ်ဆရာနဲ့ ကြားမှာ တံခါးလေးခြားနေလို့ တစ်ယောက်ကို တစ်ယောက်မမြင်ရဘူး။ ဘယ်သူမှန်းမသိဘူး။ နားထောင်ပေးလိုက်တယ်။ ယုံကြည်ချက်အပိုင်းက ထားပါတော့။

ဒီလို အလုံပိတ်အခန်းလေးထဲမှာ ကိုယ့်အပြစ်တွေကို ၀န်ခံလိုက်ရလို့ စိတ်ထဲမှာ ပေါ့သွားမယ်။ ဘာပဲဖြစ်ဖြစ် နောက်နေ့တွေမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ဆက်ပြီး ဖြတ်သန်းနိုင်ပါလိမ့်မယ်။

မြန်မာနိုင်ငံမှာတော့ တခြားနိုင်ငံတွေမှာလို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးတဲ့ ၀န်ဆောင်မှုက သိပ်မတွင်ကျယ်ပါဘူး။

ဒီတော့ ကိုယ့်စိတ်အခြေနေကို စစ်ဆေးဖို့ရာ အတော်ခက်တဲ့ ကိစ္စပါပဲ။
လူအချင်းချင်း ယုံကြည်လို့ ပြောတော့လည်း ကိုယ့်အကြောင်းတွေကို ခရေစေ့တွင်းကျသိပြီး နောက်ကွယ်မှာ အတင်းပြော၊ ဒုက္ခပေးစတာတွေ ဖြစ်ကြတော့ အချင်းချင်းယုံကြည်ဖို့ဆိုတာလည်း အတော်ခက်တာပါပဲ။

ကျွန်မကိုယ်တိုင်တောင် ကိုယ်ယုံကြည်ရပြီး အရာအားလုံးဖွင့်ပြောခဲ့သူရှိပေမယ့် သူ့လုပ်ရပ်တွေအကြောင်း ပြန်သိရတဲ့အခါ အတော်ကို စိတ်ပျက်ခဲ့တဲ့အပြင် သူ့ကြောင့် အတော်ဒုက္ခရောက်ခဲ့ရဖူးပါတယ်။ သူ့ဆီမှာ ဖွင့်ဟလို့ ပြတင်းပေါက်တစ်ချပ်လို အလင်းတန်းတွေကို ပြန်ရှာဖွေနေတဲ့အချိန်မှာ ယုံကြည်ရသူပေးတဲ့ နောက်ကျောက ဓါးဒဏ်ရာတွေကြောင့် ပြိုလဲခဲ့ရဖူးပါတယ်။

ဘာပဲဖြစ်ဖြစ် အလုံပိတ်အခန်းလေးလို အရာအားလုံးဖွင့်ပြောလို့ရမယ့် အခန်းငယ်လေးနဲ့ နားထောင်ပေးမယ့် သူတစ်ယောက်တော့ လူတိုင်းမှာ လိုအပ်ပါတယ်။ ဒါမှလည်း စိတ်ပေါ့ပါးပြီး ရှေ့ဆက်နိုင်မှာပါ။

တစ်ခါတရံ နားထောင်တဲ့သူတော့ရှိပါရဲ့။ ဆုံးအောင်နားမထောင်ဘဲ ၀င်ပြီး ဆုံးဖြတ်တတ်တာကလည်း တစ်ခုသော ပြသနာပါပဲ။ ဖြစ်မှာပေါ့ နင်က စိတ်အားငယ်တာကိုး၊ ဖြစ်မှာပေါ့ နင့်အားနည်းချက်ကိုး ဆိုတဲ့ သတ်မှတ်ဆုံးဖြတ်ချက်တွေကြောင့်ပဲ ကိုယ်ယုံကြည်ရသူတွေဆီ ရင်ဖွင့်ဖို့ ခက်ခဲခဲ့ပြန်ပါတယ်။

စိတ်ဓါတ်ကျတာတွေ၊ စိတ်ကျဝေဒနာတွေဆိုတာက နှစ်သိမ့်ဆွေးနွေးရုံ၊ သူတို့ပြောချင်တာတွေ နားထောင်ရုံနဲ့ အတော်သက်သာစေတဲ့ ပြသနာပါ။

ဒါပေမယ့် အချိန်ရှားပါးလွန်းတဲ့ ခေတ်မှာ ဘယ်သူကမှ ကိုယ့်အချိန်တွေ အကုန်ခံပြီး တခြားသူအကြောင်းကို စိတ်ဝင်စားနေနိုင်မှာမဟုတ်ပါဘူး။

ဒါပေမယ့် သူက ယုံကြည်လို့ ပြောပြပြီဆိုရင်တော့ ဆုံးဖြတ်ချက်မပေးဘဲ နားထောင်ပေးလိုက်ပါ။ ဘယ်သူ့ကိုမှ ပြန်မပြောနဲ့။ သူရဲ့ ယုံကြည်ချက်ကို လေးစားပြီး နားထောင်ပေးလိုက်ပါ။

ကိုယ့်ရဲ့ နားထောင်ပေးမှုကြောင့်လည်း လောကကြီး ပိုလှလာနိုင်သလို သူတို့ရဲ့ ယုံကြည်ချက်ကြောင့်လည်း ကိုယ့်မှာ ခွန်အားတွေ တိုးပါတယ်။

ဒါကြောင့် အလုံပိတ်ခန်းအဖြစ် ကိုယ့်ကို မြင်တဲ့သူရှိရင်တော့ သူ့ကို ကူညီပေးလိုက်ပါ။

လေးစားလျက်
ခင်နှင်းကြည်သာ
13-04-2017

No comments:

Post a Comment