ဆိုက္ကားစီးသော တစ္ဆေသားအမိ
ကျွန်တော် ကျောင်းသားဘဝက ကျွန်တော်နှင့် အလွန်ခင်မင်ပြီး အစဉ်အမြဲ သွန်သင် ဆုံးမတတ်သောသူ တစ်ဦးရှိခဲ့သည်။ သူ့အမည်က ကိုသံချောင်း ဖြစ်သည်။
သူက အသားညိုပြီး တုတ်ခိုင်သည့် ရေနံချောင်းသား ဖြစ်သည်။ စက်ဘီး၊ ဆိုက္ကား ပြင်သည့် အလုပ်လုပ်၏။
တစ်နေ့သ၌ ကျွန်တော်က ဦးသံချောင်း အနီးသို့ ချဉ်းကပ်ပြီး...
မေးစရာရှိလို့ ဦးသံချောင်းကို!!!
ရော ဘာများလဲကွ၊ မေးစရာရှိရင် မေးလေ!!! ဟု ပြောသည်။ ပြီးနောက် သူ့ကို အပ်ထားသည့် စက်ဘီး ကျွတ်ပေါက်ကို ဖာနေ၏။ ကျွန်တော်က...
အရင်က ဦးသံချောင်း ဆိုက္ကားနင်းတယ်ဆို!!! ဟု မေး၏။
အေးလေ၊ ဟုတ်တယ်!!!
အင်း၊ ဦးသံချောင်းက ဆိုက္ကားအနင်းကောင်း၊ အလုပ်လုပ်တဲ့ နေရာမှာလည်း ဝီရိယရှိ ကြိုးစားလို့ စီးပွားရေး သိပ်ကောင်းခဲ့တယ်ဆို!!!
အေး၊ ဒါလည်း ဟုတ်တာပဲကွ!!!
ဒါပေမယ့် တစ်ည ဦးသံချောင်း ဆိုက္ကားနင်းပြီးအပြန် တစ္ဆေမနဲ့ တွေ့ပြီး အခြောက်ခံရလို့ လန့်ဖျား ဖျားပြီးတဲ့နောက် ဆိုက္ကားနင်းတဲ့ အလုပ်ကို စွန့်လွှတ်လိုက်တယ်ဆို၊ တစ္ဆေမက ဘယ်လိုခြောက်လိုက်လို့ ဦးသံချောင်း ကြောက်သွားတာလဲ။ ကျွန်တော်တို့ကို ပြောပြပါလား!!! ဟု ဆိုသောအခါ ဦးသံချောင်းက သက်ပြင်းချပြီး...
ငါက ဒီအကြောင်းကို မေ့ထားတာကွ။ ပြောရရင် ဒီအကြောင်းကို သတိရတိုင်း ကြောက်စိတ် ဝင်တတ်လို့ ငါမေ့ထားတာ။ အခု မင်းက သိချင်တယ်ဆိုရင် ငါပြောပြမယ်။ ဒီအကြောင်းဟာ ဗဟုသုတ ဖြစ်စရာအကြောင်းလည်း ဖြစ်တယ်လေ!!! ဟု ပြောကာ သူ၏ အကြောင်းကို ပြောပြသည်။
* - * - * - * - * - *
ကိုသံချောင်းသည် ရေနံချောင်းမှ ရန်ကုန်သို့ ရောက်ပြီးနောက် သံမဏိစက်ရုံ၌ အလုပ်လုပ်သည်။
သို့သော် ကိုသံချောင်းသည် မစိန်ပိုင်နှင့် အိမ်ထောင်ကျပြီးနောက် သံမဏိစက်ရုံ ဝန်ထမ်းဘဝမှ ထွက်လိုက်သည်။ ကိုမြသွင်၏ အကူအညီနှင့် ဆိုက္ကားနင်းခဲ့သည်။ ကိုမြသွင်က ဆိုက္ကားသမားဖြစ်ပြီး ကိုသံချောင်း ဆိုက္ကားနင်းနိုင်ရန် အုံနာနှင့် ဆက်သွယ်ပေးသူဖြစ်သည်။ ထို့အတူ ဇနီးဖြစ်သူ မစိန်ပိုင်ကလည်း ချွေတာတတ်သူ၊ စုဆောင်းတတ်သူ ဖြစ်သဖြင့် မကြာမီ ကိုသံချောင်း ဆိုက္ကားပိုင်ရှင်ဘဝနှင့် အဆင်ပြေခဲ့သည်။
သို့သော် ကိုသံချောင်းက ရိုးသားသူ၊ ကြိုးစားသူ ဖြစ်၏။ ကိုယ်ပိုင် ဆိုက္ကားကလေးနှင့် နင်းရပြီဆိုတော့ နေ့ဘက်တင်မက ည (၁၂) နာရီလောက်အထိ ဆိုက္ကားနင်း၏။
ဇနီးဖြစ်သူ မစိန်ပိုင်က...
ကျွန်မတို့မှာ ငိုစား ရယ်စားမယ့်သူ မရှိပါဘူး ကိုသံချောင်းရယ်။ နေ့ဘက် နင်းရင် တော်ပြီပေါ့။ ညဘက် မနင်းပါနဲ့တော့!!! ဟု ပြောလျှင် ကိုသံချောင်းက...
ဟာ စိန်ပိုင်ကလည်း၊ ခုအချိန် ငါတို့မှာ သားသမီး မရှိပေမယ့် နောင်မရှိဘူးလို့ ပြောနိုင်မလား။ ဒီလို သားသမီး ရှိလာချိန်မှာ အဆင်ပြေဖို့ လိုတယ်လေ။ ပြီးတော့ ညကလည်း တစ်ညလုံး နင်းတာ မဟုတ်ပါဘူး။ ညဝက်လောက် နင်းတာပါ။ ငါမပင်ပန်းပါဘူး!!! ဟု ပြောပြတတ်သည်။
ထို့ကြောင့် မစိန်ပိုင် လက်လျှော့လိုက်ရ၏။
* - * - * - * - * - *
ကိုသံချောင်း ထမင်းစား ဆေးလိပ်ကလေး ဖွာကာ အိမ်ရှေ့တွင် ထိုင်နေခိုက် ကိုသက်ဝေ ရောက်လာ၏။ အချိန်က (၉) နာရီ ကျော်ကျော်။
ဟေ့ သံချောင်းရေ၊ မင်းဆိုက္ကား အားလား!!! ဟု မေး၏။
အားပါတယ် ကိုသက်ဝေ၊ ဘယ်သွားချင်လို့လဲ!!!
ငါမသွားပါဘူး။ ငါ့တူမတွေ ဈေးကုန်း ပြန်ချင်လို့ကွာ၊ မင်းလိုက်ပို့ပေးနိုင်မလား!!!
ဖြစ်ပါတယ် ကိုသက်ဝေ!!!
သူက သဘောတူလိုက်သည်။ မစိန်ပိုင်က...
ရှင် သေသေချာချာ စဉ်းစားဦးနော် ကိုသံချောင်း။ အချိန်လည်း ကြည့်ဦး။ (၉) နာရီ ထိုးနေပြီ။ အပြန် ခရီးသည် မရရင် ရှင်တစ်ယောက်တည်း ပြန်လာရမှာ!!! ဟု ပြောသည်။
ရပါတယ်။ ခရီးသည်လည်း ရနိုင်ပါတယ်။ စိတ်မပူပါနဲ့!!!
ဘုရားစာလေးလည်း ရွတ်သွားနော် ကိုသံချောင်း!!! ဟု မှာ၏။
မစိန်ပိုင် ဘာကြောင့် ဤသို့ မှာရသနည်း။ အကြောင်းရှိသည်ဟု ဆိုရမည်။ အကြောင်းကား ၁၉၅၉-၆၀ ခုနှစ် ပတ်ဝန်းကျင်က အင်းစိန်သည် ဤမျှ မဖွံ့ဖြိုးသေး။ ပြီးတော့ အင်းစိန် ဆေးရုံကြီးကလည်း ဤသို့မဟုတ်။ အင်းစိန် ဆေးရုံကြီးက မင်းကြီးလမ်းနှင့် အင်းစိန် မင်္ဂလာဒုံ လမ်းမကြီး၌ ရှိသည်။
မင်္ဂလာဒုံ-အင်းစိန် လမ်းမကြီးဘက်တွင် ရင်ခွဲရုံ ရှိသည်။ သံပြားကာ၊ သံပြားမိုး ဖြစ်ပြီး လူသေတင် တလားက ကျောက်တလားဖြစ်သည်။ ရင်ခွဲရုံဘေး၌ ကြီးမားပြီး အုပ်ဆိုင်းသည့် ညောင်ပင်ကြီး ရှိသည်။ ထိုစဉ်က အင်းစိန်ဆေးရုံ အနီးတစ်ဝိုက်က သရဲခြောက်သည်ဟု နာမည်ကြီးသည့်နေရာ။ ရင်ခွဲရုံ ညောင်ပင်ဘက်မှ ထွက်ကာ ဆေးလိပ်မီးတောင်း၍ ခြောက်သည်ဟု ပြောစမှတ် ရှိသည်။ ညဆို တစ်ဦးတည်း လမ်းလျှောက်ရဲသူ မရှိ။
အင်းစိန်ဆေးရုံရှေ့၊ အင်းစိန် မင်္ဂလာဒုံ လမ်းဘေး၌ အင်းစိန် ရဲဌာန ရှိသည်။ ပြီးတော့ အင်းစိန် တရားရုံး၊ ငွေတိုက်ရုံး၊ အင်းစိန် ရဲဌာနရှေ့ ရထားလမ်းဘေး၌ စီအိုင်ဒီရုံး ရှိသည်။ (ယခု အင်းစိန် ရဲဌာနလည်း မရှိ၊ ပြီးတော့ ထိုနေရာတွင် အင်းစိန်ဆေးရုံ တိုးချဲ့ဆောင် ဆောက်လုပ်ထားသည်။ ရေခဲတိုက် ရင်ခွဲရုံကိုလည်း ပြုပြင်ပြီးပြီ။ ညောင်ပင်ကြီးလည်း မရှိတော့။)
ထိုညက ကိုသံချောင်းအကြောင်း ပြောရလျှင် ဈေးကုန်း (ကြေးတိုင်စု) သို့ ခရီးသည် ပို့ပြီး ပြန်တော့ (၁၂) နာရီ ထိုးတော့မည်။ ကိုသံချောင်းက ခရီးသည် ရမည်ထင်သော်လည်း မရခဲ့။ ထို့ကြောင့် ခါလီနင်း၍ ပြန်လာခဲ့ရသည်။ အင်းစိန် ဆေးရုံကြီးရှေ့ ရောက်တော့ စိတ်က လှုပ်ရှားသလို ဖြစ်လာသည်။ လမ်းမပေါ်၌လည်း ကားအသွားအလာ လူအသွားအလာက မရှိ။ လမ်းမကြီးပေါ်၌ သူ့ဆိုက္ကား တစ်စီးပဲ ရှိသည်။ သူ့စိတ်တွေ လွင့်နေ၏။
ညငှက် အော်သံတွေက ကျယ်နေသလို တစ်ချက် တစ်ချက် ဝေ့တိုက်လာသည့် လေနှင့် အတူ ပုပ်အဲ့အဲ့အနံ့ကို ရှုရှိုက်မိသည်။ သူသည် ကြောက်စိတ်ကြောင့် ဘုရားစာဆိုဖို့ မေ့လျော့နေ၏။ သူ ဆိုက္ကားကို မြန်မြန်နင်းခဲ့၏။
သို့နှင့် ဆေးရုံရှေ့ ထွက်လမ်းသို့ အရောက်...
ကျွီ!!!
သူ ဘရိတ်ကို ဆွဲညှစ်လိုက်သည်။ သူ့အား ဆိုက္ကားငှားသူ ပေါ်လာသောကြောင့် ဖြစ်သည်။ မိန်းကလေးတစ်ဦးနှင့် ကလေးတစ်ဦး။ မိန်းကလေးက အသက် (၃၅) နှစ်ခန့် ရှိပြီး၊ ကလေးက အသက် (၄) နှစ်ခန့် ရှိမည်။ ယောက်ျားကလေး။
အေးသိဒ္ဓိထိပ် လိုက်ချင်လို့!!!
ရပါတယ်!!!
ကိုသံချောင်း ခရီးသည်ရ၍ ပျော်သွားသည်။
တစ်ကျပ်နော်!!!
ရပါတယ်!!!
ဒါဖြင့် ခဏလေး!!!
မိန်းကလေးက ရှေ့ခုံတွင် မထိုင်၊ နောက်ခုံ၌ ထိုင်သည်။ ကလေးကို ရှေ့ခုံ၌ တင်ပေးသည်။
ရပြီနော်!!!
ဟုတ်!!!
ကိုသံချောင်း ဆိုက္ကားကို နင်းထွက်ခဲ့သည်။ အေးသိဒ္ဓိသည် သိပ်မဝေး။ တစ်ခုရှိသည်က ကုန်းမြင့်။ ကိုသံချောင်းလည်း ဘယ်မှ မကြည့်ဖြစ်။ ဆိုက္ကားကို အားစိုက် နင်းခဲ့သည်။
အေးသိဒ္ဓိကုန်းက နီးပြီ။ အေးသိဒ္ဓိကုန်းက ပြေသလိုလို ရှိသော်လည်း မြင့်သည်။ ထို့ကြောင့် ဆိုက္ကားကိုသာ အားစိုက် နင်းခဲ့သည်။ တစ်ခုရှိသည်က ဆိုက္ကားသည် လေးလွန်းလှသည်ဟု ထင်၏။ နည်းနည်း အေးလာပြီဖြစ်သော်လည်း ချွေးပျံနေ၏။ အေးသိဒ္ဓိ ကုန်းထိပ်သို့ ရောက်တော့မည်။ ညက နက်လာသည် ဆိုမည်လား။ ဘာသံမျှ မကြားရ။ တိတ်ဆိတ်မှုက မင်းမူနေ၏။ ထိုစဉ် အေးသိဒ္ဓိကုန်းပေါ်သို့ ရောက်ခဲ့သည်။ သူတို့ ဘယ်မှာ ဆင်းမလဲ မသိ။
သူ စဉ်းစားနေခိုက်၊ ဆိုက္ကား ငြိမ့်ကနဲ ဖြစ်သွားသည်ကို သိလိုက်သလို ဆိုက္ကားပေါ့သွားသည်ဟု သိလိုက်သည်။
ကြက်သီးတွေ ထ၊ ခေါင်းတွေ ကြီးလာသဖြင့် ဆတ်ကနဲ လှည့်ကြည့်လိုက်ရာ...
ဟင်!!!
သူ တုန်လှုပ် ခြောက်ခြားမှုကို ခံစားလိုက်ရသည်။ သူ ဆိုက္ကားပေါ်မှ လွှားကနဲ ခုန်ဆင်းလိုက်သည်။ ကြောက်စိတ်က မင်းမူနေပြီ။
မှန်သည်။ ဆေးရုံရှေ့မှ မိမိ တင်လာခဲ့သည့် အမျိုးသမီးနှင့် ကလေး၊ ဆိုက္ကားပေါ်မှာ မရှိတော့။ လမ်းမီးရောင်၊ ကြယ်ရောင်၊ လရောင်တို့ ထိန်လင်းနေသည်မို့ ပြေးသွားလျှင်လည်း တွေ့နိုင်သည်။
သူတို့ ပျောက်ခြင်းမလှ ပျောက်သွားပြီ။
* - * - * - * - * - *
မစိန်ပိုင် ရောက်လာသည်။
မင်းရဲ့ ဦးသံချောင်း၊ အဲဒီနေ့က အဖြစ်ကို မင်းသိရင် ရယ်လိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုရင် သူ ငယ်သံပါအောင် အော်ပြီး ပြေးလာတော့ ဆိုက္ကားမပါဘူး။ လူချည်း ပြေးလာတာလေ။ အိမ်ရောက်တော့ မနည်း နှာနှပ်ယူရတယ်။ ဆိုက္ကားကိုလည်း အခြားသူတွေက ယူပေးရတာ!!! ဟု ပြောပြီး ကိုသံချောင်းတစ်ယောက် ကြောက်ဖျား ဖျားသွားကြောင်း၊ အဖျားပျောက်လျှင် ဆိုက္ကားမနင်းတော့ဟု ပြောကာ ဆိုက္ကားကို ရောင်းလိုက်သည်။ ထို့နောက် ဆိုက္ကားသမားဘဝကို စွန့်ပြီး စက်ဘီး၊ ဆိုက္ကား ပြင်သူဘဝ ရောက်ခဲ့သည်။
ကြောက်သွားတယ်ပေါ့ ဦးသံချောင်း!!!
ဘယ့်နှယ့် ပြောပါလိမ့်၊ ကြောက်တာပေါ့ကွ။ ကံကောင်းလို့ မသေတာ ကိုယ့်လူ။ အမယ်လေး၊ မြင်မကောင်း ရှုမကောင်းတဲ့ မြင်ကွင်းကိုသာ တွေ့ရရင် သေမလား မသိဘူး။ ခု ဒီအကြောင်း စဉ်းစားမိရင် ကြောက်စိတ်က ဝင်တုန်းပဲ။ ဒါကြောင့် ငါ ဆိုက္ကားသမားဘဝကို စွန့်လွှတ်လိုက်တာ!!! ဟု ပြောသည်။
ယခု ကိုသံချောင်း မရှိတော့လေပြီ။ ထို့အတူ အင်းစိန်ဆေးရုံနှင့် ဝန်းကျင် အသွင်အပြင်က ပြောင်းနေပြီ။ သို့သော် ကျွန်တော့် စိတ်ထဲမူ ကိုသံချောင်းအဖြစ်ကို သတိရနေဆဲ၊ မေ့မရ ဖြစ်နေဆဲ။
* - * - * - * - * - *
ကားလမ်းပေါ်က တစ္ဆေများ (တာတေ၊ ကဝေနီ၊ ဒေဝေါ၊ နေပုည) စာအုပ်မှ ဒေဝေါ၏ "ဆိုက္ကားစီးသော တစ္ဆေသားအမိ" ဖြစ်ရပ်မှန် ဇာတ်လမ်း ဝတ္ထုတိုအား လက်အညောင်းခံ ကူးယူ တင်ပြသည်။
Phoenix Ygn / Zaw Min Aung
06.04.2017at 03:20AM
#Photo_from_Internet
Subscribe to:
Post Comments (Atom)
No comments:
Post a Comment