Latest News

Monday, April 24, 2017

ထရန့်နှင့် ဖုန်းပြောဆိုရာတွင် ရှီကျင်ပင်းက မြောက်ကိုရီးယားကိစ္စ၌ သည်းခံချုပ်တည်းရန် ပြောကြား

ထရန့်နှင့် ဖုန်းပြောဆိုရာတွင် ရှီကျင်ပင်းက မြောက်ကိုရီးယားကိစ္စ၌ သည်းခံချုပ်တည်းရန် ပြောကြား

တရုတ်သမ္မတ ရှီကျင်ပင်းက အမေရိကန်လေယာဉ်တင်သင်္ဘောကြီး ကိုရီးယားကျွန်းဆွယ်သို့ ရောက်ရှိရန် ရည်မှန်းထားသည့်အချိန်မတိုင်မီ ရက်ပိုင်းအလို ဧပြီ ၂၄ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့် ဖုန်းပြောဆိုစဉ်အတွင်း မြောက်ကိုရီးယား ကိစ္စနှင့်ပတ်သက်၍ သည်းခံချုပ်တည်းရန် တောင်းဆိုလိုက်သည်။

ကိုရီးယားပြည်သူ့တပ်မတော်ကို ထူထောင်သည့် ၈၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဧပြီ ၂၅ ရက်၌ မြောက်ကိုရီးယားက နောက်ထပ်နျူကလီးယား သို့မဟုတ် ဒုံးကျည်စမ်းသပ်မှုပြုလုပ်မည်ကို စိုးရိမ်မှုများ မြင့်မားနေသည့်အကြား တရုတ်နှင့် အမေရိကန်သမ္မတတို့ ဖုန်းပြောဆိုခဲ့ကြခြင်းဖြစ်သည်။


“သက်ဆိုင်ရာ ဘက်အသီးသီးအနေနဲ့ သည်းခံချုပ်တည်းပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်မားလာစေမယ့် လုပ်ရပ်တွေကို ရှောင်ကြဉ်ကြဖို့ တရုတ်က မျှော်လင့်ပါတယ်” ဟု ရှီကျင်ပင်းက ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“ကိုရီးယားကျွန်းဆွယ်မှာ  နျူကလီးယား ကင်းမဲ့ရေးကို အကောင်အထည်ဖော်ဖို့နဲ့ မြောက်ကိုရီးယား နျူကလီးယားပြဿနာကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ သက်ဆိုင်ရာဘက်အသီးသီးအနေနဲ့ ကိုယ့်တာဝန်ကိုယ်ကျေပွန်ဖို့ပါပဲ” ဟုလည်း ရှီက ပြောကြားခဲ့သည်။

ယခုလအစောပိုင်းတွင် ဖလော်ရီဒါရှိ ထရန့်၏ ဇိမ်ခံအပန်းဖြေစခန်းတွင် ထိပ်သီး ဆွေးနွေးပွဲပြုလုပ်ကာ တရုတ်နှင့် အမေရိကန် ခေါင်းဆောင်တို့ တွေ့ဆုံခဲ့ကြပြီးနောက်ပိုင်း ယခုဖုန်းပြောဆိုမှုသည် ဒုတိယအကြိမ်ဖြစ်သည်။

ဧပြီ ၂၂ ရက်၌ ဆစ်ဒနီမြို့တွင် အမေရိကန် ဒုတိယသမ္မတ မိုက်ပင့်စ်က အမေရိကန် လေယာဉ်တင်သင်္ဘောကြီး ကားဗင်ဆင်သည် ကိုရီးယားကျွန်းဆွယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဂျပန်ပင်လယ်ထဲသို့ ရက်ပိုင်းအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်္ဘောကြီးသည် ဧပြီ ၂၃ ရက်က ဖိလစ်ပိုင်ပင်လယ်အတွင်း အခြားစစ်သင်္ဘောများနှင့်ပူးပေါင်းကာ ဂျပန်နှင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အဆိုပါလေယာဉ်တင်သင်္ဘောကြီးသည် မြောက်ကိုရီးယားသို့ ဦးတည်နေကြောင်း အ ရိပ်အမြွက်ပြောကြားခဲ့ပြီးနောက် အမှန်တကယ်၌ အဆိုပါသင်္ဘောကို သြစတြေးလျသို့သာ ဦးတည်လျက်စေလွှတ်ခဲ့ခြင်းဖြစ်သောကြောင့် မကြာသေးမီရက်များအတွင်း ကားဗင်ဆင် ပါဝင်သော သင်္ဘောအုပ်စုရှိနေသော နေရာနှင့်ပတ်သက်၍ ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့သည်။

မြောက်ကိုရီးယား၏ တစ်ခုတည်းသော အဓိက မဟာမိတ်နှင့် အကြီးမားဆုံးကုန်သွယ်ဖက်ဖြစ်သော တရုတ်နိုင်ငံအား မြောက်ကိုရီးယားကို ထိန်းချုပ်ရန် ၎င်း၏ ပြိုင်ဘက်မရှိ အနေအထားကို အသုံးပြုရန်အတွက် မိုက်ပင့်စ်က အသစ်တောင်းဆိုမှုများလည်း ပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ စောင့်ကြည့်နေတဲ့ တရုတ်ရဲ့ခြေလှမ်းတွေ နည်းလမ်းတော်တော်များများမှာတော့ မမျှော်လင့်တဲ့ခြေလှမ်းတွေအဖြစ် မြောက်ကိုရီးယားကို စီးပွားရေးအရ ဖိအားပေးတာမျိုး ဆိုရင် အလွန်ကြိုဆိုဖို့ ကောင်းပါတယ်။ တရုတ်ဟာ ဒီထက်ပိုပြီး လုပ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”ဟု မိုက်ပင့်စ်က ပြောကြးခဲ့သည်။

ဖေဖော်ဝါရီလတွင် တရုတ်က ယခုနှစ်၏ လက်ကျန်ကာလ၌ မြောက်ကိုရီးယားအစိုးရအတွက် အရေးကြီးသောဝင်ငွေရစေသည့် မြောက်ကိုရီးယားမှ တရုတ်သို့ ကျောက်မီးသွေး တင်သွင်းမှုအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။

Eleven Media Group

No comments:

Post a Comment