Latest News

Sunday, March 12, 2017

၂၀၁၇ ခုနှစ်ကုန်ဆုံးပါက ရန်ကုန်ဘတ်စ်ကားစနစ် လုံးဝပြောင်းလဲမည်ဟု YRTA အတွင်းရေးမှူး ပြောကြား

၂၀၁၇ ခုနှစ်ကုန်ဆုံးပါက ရန်ကုန်ဘတ်စ်ကားစနစ် လုံးဝပြောင်းလဲမည်ဟု YRTA အတွင်းရေးမှူး ပြောကြား

၂၀၁၇ ခုနှစ်ကုန်ဆုံးပါက ရန်ကုန်ဘတ်စ်ကားစနစ်သည့် လုံးဝပြောင်းလဲမည်ဟု မတ် ၁၁ ရက်က ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ပထမအကြိမ် နှစ်ပတ်လည် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

“အသစ်မှာထားတဲ့ ကားအစီးရေ သုံးထောင်မှာ တစ်ထောင်က ဧပြီလကုန်လောက်ရောက်မယ်။ နောက်ဟာကတော့ တဖြည်းဖြည်းပေါ့။ နောက်နှစ်ထောင်က ဒါပြီးမှ ချုပ်မှာဖြစ်တယ်။ ၂၀၁၇ ကုန်တာနဲ့ ရန်ကုန်ဘတ်စ်ကားက လုံးဝပြောင်းသွားမယ်” ဟု ဒေါက်တာမောင်အောင်က ပြောကြားသည်။

“အခုကျွန်တော်တို့ ပြည်သူလူထု တတ်နိုင်သလောက် တစ်သောင်းတတ်နိုင် တစ်သောင်း၊ တစ်သိန်းတတ်နိုင်တစ်သိန်း နှမ်းစေ့လေးတွေ နှမ်းစေ့လေးတွေစုပြီး ဆောင်ရွက်သွားရင် ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်တဲ့ ကုမ္ပဏီအောင်မြင်မှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးရဲ့ ဂျီဒီပီက ရန်ကုန်က အများဆုံး၊ အခွန်ကလည်း ရန်ကုန်က အများဆုံးဖြစ်တယ်။ ဒီကနေ့ လက်ရှိမှာ ဒီဇန်န၀ါရီ ၂၀၁၇ ခုနှစ် YBS ဘတ်စ်ကားစနစ်ကို ပြောင်းလဲတယ်။ စပြောင်းပြောင်းချင်းမှာ ဘယ်အရာမဆို စိန်ခေါ်မှုရှိတယ်။ အဆင်ပြေတာလည်း ရှိမယ်။ အဆင်မပြေတာလည်း ရှိမယ်။ ဒီစိန်ခေါ်မှုကို ပြည်သူလူထုက ၀ိုင်းပြီးတော့ ဖြေရှင်းပေးဖို့ လိုပါတယ်။ နောင်တစ်ချိန်မှာ မော်တော်ကားကို ကိုယ်ဝယ်ပြီး ကိုယ်ထည့်ရတဲ့ခေတ် မရှိတော့ဘူး။ ပိုက်ဆံပဲ ထည့်ရတော့မှာ ဖြစ်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

ထို့ပြင် YBS ဘတ်စ်ကားအချို့သည် စည်းကမ်းဖောက်ဖျက်မှုများ ရှိနေကြောင်း၊ စည်းကမ်း ဖောက်ဖျက်မှုကြောင့် အများဆုံး တိုင်ကြားခံရသည့် YBS ဘတ်စ်ကားများသည် နံပါတ် ၆ နှင့် ၇ဖြစ်ပြီး အဆိုပါ တိုင်ကြားမှုများအနက် ခရီးသည်အား ကိုယ်ထိလက်ရောက် ကျူးလွန်မှုကို ချက်ချင်းအရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း ဒေါက်တာမောင်အောင်က ဆက်လက် ပြောကြားသည်။

ထို့ပြင် ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ ထူထောင်ရန် ယခင်အစိုးရ လက်ထက်ကတည်းက အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး အစိုးရထည့်ဝင်ငွေ ၁၀ ဘီလျံနှင့် အစုရှယ်ယာရှင်များထည့်ဝင်ငွေ ခြောက်ဘီလျံကျော် စုစုပေါင်း ၁၆ ဘီလျံဖြင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“၂၀၁၄-၂၀၁၅ ခုနှစ်လောက်မှာ ရန်ကုန်မြို့က ကားတအားကျပ်လာတဲ့အခါမှာ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ နည်းလမ်းကိုလုပ်တာ ဖြစ်ပါတယ်။ လုပ်တဲ့နေရာမှာ တော်တော်များများက ဘာကိုတောင်းဆိုလဲဆိုတော့ ရန်ကုန်မြို့မှာ အများပြည်သူ သွားလာရေးအတွက်လည်းကောင်း၊ ဘတ်စ်ကားစနစ်ကို နိုင်ငံတကာနည်းတူ အများပိုင်စနစ် ထူထောင်ပေးရန်ဆိုပြီး တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်မို့ ၂၀၁၅ လောက်က စပြီးတော့ ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီကို အရင်အစိုးရက ၁၀ ဘီလျံနဲ့ စခဲ့ပါတယ်။ ဖောင်ဒါ ခြောက်ဦးရှိပါတယ်။ ဒီဖောင်ဒါခြောက်ဦးကလည်း တစ်ယောက်ကို သိန်းငါးထောင်နဲ့ စလိုက်တဲ့အခါမှာ သူတို့ရဲ့ ၃ ဘီလျံရယ် အစိုးရထည့်ဝင်ငွေရယ် ပေါင်းလိုက် ၁၀ ဘီလျံနဲ့ စလိုက်တဲ့အခါမှာ အများပြည်သူကိုလည်း ရှယ်ယာတွေ ထုတ်ရောင်းပါတယ်။ ရှယ်ယာထုတ်ရောင်းတာကို နှစ်ကြိမ်ရောင်းပါတယ်။ ပထမတစ်ကြိမ် ရောင်းတာက နှစ်ဘီလျံကျော် ရပါတယ်။ နောက်တစ်ခါ ရောင်းတာက တစ်ဘီလျံကျော်လောက် ရပါတယ်။ နောက်ဆုံးမှာ အရင်းအနှီးဟာ ရှယ်ယာရှင်ပေါင်း ၁၈၀၀ ကျော် ရှိပါတယ်။  အဲဒါကြောင့် အားလုံးပေါင်းမယ်ဆိုရင် ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီရဲ့ အရင်းအနှီးဟာ ၁၆ ဒသမ ၆၄ ဘီလျံလောက် ရှိပါတယ်။ ပထမဦးဆုံး ကားဝယ်တာက ၁၀ ဘီလျံနီးပါး ကုန်ပါတယ်။ ဒုတိယအကြိမ် ကားဝယ်တာက အခုဝယ်တုန်းပဲ ရှိပါသေးတယ်။ မရောက်သေးပါဘူး။ လောလောဆယ်ရောက်နေတာက အစီးသုံးဆယ်ပဲ ရှိပါသေးတယ်။ နောက်ထပ် အစီး ၇၀ ရောက်မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာမောင်အောင်က ပြောကြားသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်တစ်စီးကို လိုက်ပါစီးနင်းနေသည့် ခရီးသည်များကို တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်ဖြိုး)

Eleven Media Group

No comments:

Post a Comment