Latest News

Saturday, March 4, 2017

နိုင်ငံတကာအနေဖြင့်လည်း အကျိုးတရားနှင့် နှီးနွှယ်ပါက ဘက်လိုက်မှုရှိနိုင်ကြောင်း သတိချပ်ရန် UNFC ကို ဒေါ်အောင်ဆန်းစုကြည်အကြံပြု

နိုင်ငံတကာအနေဖြင့်လည်း အကျိုးတရားနှင့် နှီးနွှယ်ပါက ဘက်လိုက်မှုရှိနိုင်ကြောင်း သတိချပ်ရန် UNFC ကို ဒေါ်အောင်ဆန်းစုကြည်အကြံပြု


 နိုင်ငံတကာအနေ ဖြင့်လည်း အကျိုးတရားနှင့် နှီး နွှယ်ပါက ဘက်လိုက်မှုရှိနိုင်သည် ကို သတိချပ်ရန် တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စုဖွဲ့ထားသော UNFC ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က အကြံပြုခဲ့သည် ဟု UNFC အထွေထွေအတွင်းရေး မှူး ခူးဦးရယ်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့ မတ်လ ၁ ရက်က နေ ပြည်တော်၌ တွေ့ဆုံစဉ် NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်း အပစ်ရပ်စဲရေးဖြစ်စဉ်များခိုင်မာစေရန် အပစ်ရပ်စောင့်ကြည့်လုပ်ငန်းများ၌ နိုင်ငံတကာမှ ပုဂ္ဂိုလ်များပါဝင်ရေး UNFC ဘက်က အဆိုပြုတင်ပြချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်အကြံပြုခဲ့သည်။

‘‘JMC (ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ) ဖြစ်စဉ်မှာ တကယ်လို့များ တိုက်ပွဲတွေ ပြန် ဖြစ်ပေါ်လာတယ်ဆိုလို့ရှိရင် အ ဖြေရှာဖို့အတွက်၊ ဖျန်ဖြေရေးအ တွက် UNFC က အဆိုပြုထားတာ က နိုင်ငံတကာမှာ အတွေ့အကြုံ ရှိပြီးတော့ သမာသမတ်ကျတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကျွန်တော်တို့နဲ့ ပေါင်းပြီးတော့ အဖြေရှာတဲ့နေရာ မှာ ပါဝင်ဖို့အတွက် ကျွန်တော်တို့ က အဆိုပြုထားတာ ဖြစ်ပါတယ်’’ဟု DPN အဖွဲ့ခေါင်းဆောင်လည်း ဖြစ်သည့် ခူးဦးရယ်က ပြောသည်။

ဆက်လက်၍ ၎င်းက ‘‘နိုင်ငံ တော်အတိုင်ပင်ခံရဲ့ အမြင်က တော့ နိုင်ငံတကာဆိုတိုင်းလည်း ဘက်လိုက်မှုမရှိဘူးဆိုပြီး အာမမ ခံနိုင်ပါဘူးဆိုပြီးပေါ့။ လူ့သဘောသဘာဝဆိုတဲ့ ဟာမျိုးကတော့ လူတိုင်းကတော့ အကျိုးတရားနဲ့ နှီးနွှယ်လာမယ်ဆိုရင် အားလုံး ဘက်လိုက်မှုတွေရှိကြတာချည်း ပဲပေါ့လေ။ ဒါကြောင့်မို့ နည်းနည်း သတိချပ်ဖို့ လိုတယ်ဆိုတဲ့ အမြင် မျိုးနဲ့ ကျွန်တော်တို့ကို အကြံပြု တာရှိပါတယ်’’ဟု ပြောသည်။

UNFC အဖွဲ့ဝင် အဖွဲ့အစည်းများ NCA လက်မှတ်ရေးထိုးနိုင်ရေး အစိုးရထံအဆိုပြုချက်များ တင်ပြထားရာတွင် အပစ်ရပ်စောင့်ကြည့်ယန္တရားများ၌ နိုင်ငံတကာပါဝင်ရေးကိစ္စ  ပါဝင်ကြောင်း သတင်းရရှိသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းရာတွင် အစိုးရဘက်က၊အထူးသဖြင့် တပ်မတော်ဘက်က နိုင်ငံတကာ၏ ပါဝင်မှုရှိလာပါက ပိုမို ရှုပ်ထွေးနိုင်သည်ဆိုသည့်အမြင်များ ဆွေးနွေးမှုများရှိသည်ဟု ခူးဦးရယ်က ဆိုသည်။

‘‘ကျွန်တော်တို့ဘက်က မြင် တာကတော့ ကျွန်တော်တို့ ဆွေး နွေးဖက် နှစ်ဖက်ဟာ ပြဿနာ ဖြစ်ဖက်တွေဖြစ်တယ်။ တကယ် လို့ ပြဿနာပြန်ဖြစ်လာလို့ရှိရင် သူမှားတယ်၊ ကိုယ်မှန်တယ်စသ ဖြင့် ရပ်တည်ကြမှာပဲ။ အဲဒီတော့ မှန်ကန်တဲ့ အဖြေရလဒ်တစ်ခုကို မရနိုင်ဘူးလို့ ကျွန်တော်တို့က အ မြင်ရှိတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင် ငံတကာက လူတွေပါမှပဲ နည်း နည်းလေးမှန်ကန်တော်တည့်တဲ့ အဖြေတစ်ခုခုကို ရှာဖွေနိုင်မယ်လို့ကျွန်တော်တို့က အမြင်ရှိတယ်ဆို တာကိုလည်း ကျွန်တော်တို့ ပြော ပါတယ်’’ဟု ခူးဦးရယ်က ပြောကြားသည်။

NCA လမ်းကြောင်းအတိုင်း ရပ်တည်မှုအပေါ် UNFC အဖွဲ့ဝင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးလိုက်နာရမည်ဟု ခူးဦး ရယ်က ပြောသည်။ UNFC အဖွဲ့ ၀င် အဖွဲ့အစည်းများမှာ ကချင် လက်နက်ကိုင်အဖွဲ့ (KIO/KIA) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ရှမ်း ပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၊ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP) ၊ ရခိုင် ပြည်အမျိုးသားကောင်စီ (ANC) ၊ လားဟူဒီမိုကရက်တစ်အစည်းအ ရုံး (LDU) ၊ ‘၀’အမျိုးသားအဖွဲ့ချုပ် (WNO) တို့ ဖြစ်သည်။

NCA လက်မှတ်ရေးထိုးနိုင်ရေးအစိုးရနှင့် ဆက်ညှိနှိုင်းမည့် အခြေအနေနှင့် ပတ်သက်၍ ခူးဦးရယ်က ‘‘ကျွန်တော်တို့ မထိုးနိုင်မချင်း၊ ဆက်ညှိရမယ်ဆိုတာကိုပဲ ပြောလို့ရပါတယ်။ သဘောမတူမချင်း၊ အဖြေမရမချင်း ဆက်ညှိနေမှာပဲ။ ညှိတယ်ဆိုတာက ဒါရမှ ရမယ်ဆိုတာမျိုး ကျွန်တော်တို့ အဓိဋ္ဌာန်တာမျိုး မဟုတ်သလို အစိုးရဘက်ကလည်း မင်းတို့ ဒီလိုအလွန်အကျွံတောင်းဆိုလို့ ငါတို့လည်း မလိုက်လျောနိုင်ဘူးလို့လည်း တစ်ချက်တည်းမပြောလိုက်သေးပါဘူး။ ကျွန်တော်တို့ ဆုံချက်ကို ရှာနေဆဲပါ။ ဆုံချက်မရောက်မချင်း နည်းနည်းကြာနေဦးမှာပဲ’’ဟု ပြောသည်။

UNFC အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်သော KIO/KIA နှင့် SSPPတို့ တက်ရောက်သည့် တတိယ အကြိမ် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ ပန်ဆန်းအစည်းအ ဝေးက NCA မရေးထိုးဘဲ ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA) ၏ ဦးဆောင်မှုဖြင့် အစိုးရနှင့် နိုင်ငံရေးဆွေးနွေး ရန် သဘောတူဆုံးဖြတ်ထား သည်။ ယင်းဆုံးဖြတ်ချက်ကို ဖေ ဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

 ‘‘အခုလောလောဆယ်မှာ KIO နဲ့ SSPP ဟာ ကျွန်တော်တို့ UNFC မှာ အဖွဲ့ဝင်ပါ။ ဦးဆောင် တဲ့ အဖွဲ့အ၀င် အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အခု သွားနေတဲ့ ညှိနှိုင်းဆွေးနွေးရေး ဖြစ်စဉ်မှာလည်း သူတို့ပါပါတယ်။ ထဲထဲဝင်ဝင်အစကနေ အဆုံးထိ ပါပါတယ်။ အဲဒီတော့ သူတို့နဲ့ အကျုံးဝင်ပတ်သက်ပါတယ်’’ဟု ခူးဦးရယ်က အစိုးရနှင့် NCA ညှိနှိုင်းမှုတွင် UNFC အဖွဲ့ဝင်များ၏ ပါဝင်မှု အခြေအနေကို ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် DPN တို့၏ တွေ့ဆုံမှုတွင် KIO/ KIA ကိုယ်စားလှယ်လိုက်ပါလာ နိုင်ခြင်းမရှိပေ။ KIO/KIA ဗဟို ကော်မတီဝင် ဗိုလ်ချုပ် ဂွန်မော်က ယခင်အစိုးရနှင့် NCA ဆွေးနွေးခဲ့ မှုအခြေအနေများကို ၎င်း၏ Gun-maw Sumlut ဖေ့စ်ဘွတ်ခ်စာမျက် နှာ၌ မတ်လ ၁ ရက်တွင် ဖော်ပြ ခဲ့သည်။ ‘‘ နိုင်ငံရေးအာမခံချက် ပေးနိုင်တဲ့ စာချုပ်အဖြစ် မျှော်လင့်ထားသော်လည်းပဲ... ဆွေးနွေး ပွဲရလဒ်များနှင့်အညီဆိုတဲ့ အဆင့်ထိပဲ ရရှိခဲ့ကြပါတယ်’’ဟု ဗိုလ်ချုပ်ဂွန်မော်က ရေးသားထားသည်။

တစ်နိုင်ငံလုံးတွင် တိုက်ပွဲ များချုပ်ငြိမ်းသွားနိုင်ရေး ရည်ရွယ်လျက် NCA လက်မှတ်ရေးထိုးပြီးပါက အစိုးရအနေဖြင့် တစ်နိုင်ငံလုံး၌ စစ်ရေးစီမံချက်များ ရပ်ဆိုင်းထားပြီး အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးစေလိုကြောင်းကို UNFC/DPN က ဆက်လက်၍  အလေးအနက်တောင်းဆိုနေဆဲဖြစ်သည်ဟု ၎င်းက ရေး သားခဲ့သည်။

အစိုးရ၏ ငြိမ်းချမ်းရေးကော် မရှင်နှင့် DPN တို့သည် မတ်လ ၃ ရက်တွင် ရန်ကုန်မြို့၌ စတုတ္ထအ ကြိမ် တရားဝင်ဆွေးနွေးညှိနှိုင်း ခဲ့သည်။



7Day News Journal

No comments:

Post a Comment