Latest News

Thursday, March 30, 2017

UNFC အဖွဲ့ဝင်ငါးဖွဲ့ NCA စာချုပ်လက်မှတ်ထိုးမည်

UNFC အဖွဲ့ဝင်ငါးဖွဲ့ NCA စာချုပ်လက်မှတ်ထိုးမည်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ငါးဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နဲ့ ဝ,အမျိုးသားအဖွဲ့ချုပ် (WNO) တို့ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးတော့မယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ၂ဝ၁၇ မတ်လ ၃ဝ ရက်- ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ အစိုးရတာဝန်ယူမှု တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့မိန့်ခွန်းကို ရုပ်မြင်သံကြားကတဆင့် ထုတ်လွှင့်ခဲ့ပြီးနောက် မိနစ်ပိုင်းမှာပဲ ဒီသတင်းရရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက်သတင်းစကားအဖြစ် တယ်လီဖုန်းကတဆင့် ပေးပို့ခဲ့တာလို့ ဆိုပါတယ်။

နိုင်ငံတော်အစိုးရ တနှစ်ပြည့်တဲ့နေ့နဲ့ တိုက်ဆိုင်ပြီး ထွက်ပေါ်လာတဲ့ ဒီသတင်းဟာ နိုင်ငံတော်နဲ့ပြည်သူတွေအတွက် အကောင်းဆုံးနဲ့ မင်္ဂလာအရှိဆုံး သတင်းဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြည့်စွက်သတင်းစကားမှာ ဖော်ပြထားပါတယ်။ အခုလို UNFC အဖွဲ့ဝင်ငါးဖွဲ့က NCA စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ငြိမ်းချမ်းရေး မျှော်လင့်ချက်ရောင်ခြည်တွေ ပိုမိုတောက်ပလာခဲ့ပြီဖြစ်ကြောင်း၊ ဒီအဖွဲ့ငါးဖွဲ့ အနေနဲ့ NLD ပါတီအစိုးရရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ယုံကြည်ပေးကြတဲ့အတွက် အထူးဝမ်းမြောက်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး UNFC ဒု-ဥက္ကဋ္ဌ နိုင်ဟံသာကို RFA က ဆက်သွယ်မေးမြန်းရာတော့... UNFC အနေနဲ့ ဒီကိစ္စ ဆုံးဖြတ်ချက် တိတိကျကျ ချမှတ်ထားတာ မရှိသေးဘူးလို့ ပြောပါတယ်။ NCA စာချုပ်မှာ လက်မှတ်ရေးထိုးဖို့အတွက် UNFC က ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် UNFC ရဲ့ အဆိုပြုချက် ၉ ချက်ကို မူအရ သဘောတူထားတာ ရှိပေမယ့် UNFC အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်အားလုံးနဲ့ ညှိနှိုင်းတိုင်ပင်ပြီးမှသာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ နိုင်ဟံသာက ပြောပါတယ်။ RFA

No comments:

Post a Comment