Latest News

Saturday, March 4, 2017

Telenor နှင့် myME တို့ ပူးပေါင်း၍ ရန်ကုန်နှင့်မန္တလေးရှိ လက်ဖက်ရည်ဆိုင်များ တွင် လုပ်ကိုင်နေသောကလေးများအတွက် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးမည်


တယ်လီနောမြန်မာလီမိတက်နှင့် မြန်မာရွေ့လျား ပညာသင်ကြားရေးစီမံကိန်း (myME)တို့ ပူးပေါင်း၍ ရန်ကုန် နှင့် မန္တလေးရှိ လက်ဖက်ရည်ဆိုင်များတွင် လုပ်ကိုင်နေကြသော ကလေးများအား အသက်မွေးဝမ်းကျောင်း ပညာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

တယ်လီနောအနေဖြင့် ရန်ကုန်နှင့် မန္တလေးမြို့များရှိ တယ်လီနောအမှတ် တံဆိပ်တပ်ဆင်ထားသည့် လက်ဖက်ရည်ဆိုင်များတွင် အလုပ်လုပ်နေသောအသက် ၁၄ နှစ်နှင့် ၁၆ နှစ်ကြားရှိ ကလေးငယ်များအား အသက်မွေးဝမ်းကျောင်းပညာသင်ကြားရေး အစီအစဉ်ကို myME နှင့် ပူးပေါင်း၍ ၂၀၁၄ နိုဝင်ဘာကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွက် ကလေးငယ် ၂၅၀၀ အား သင်ကြားပို့ချပေးရန် စီစဉ်ထားကြောင်း သိရသည်။
''လုပ်တာကတော့ ၂၀၁၄ ကတည်းက လုပ်တာပါ။ ဒီသဘောတူညီချက်ကို တနှစ်ဆက်ပြီး လုပ်တာပေါ့။ ၂၀၁၄ ကတည်းက သင်နေတဲ့ အဆင့်လေးတွေပေါ။ အဆင့် ၁ ပြီးရင် အဆင့် ၂ အဲလိုမျိုးဆက်ပြီးတော့ သင်ကြားနိုင်အောင် ဒီနှစ်အတွက်လည်း ထပ်ပြီးတော့ ပံ့ပိုးပေးသွားတာပါ''ဟု တယ်လီနောသတင်းထုတ်ပြန် ရေးမှ တာဝန်ရှိသူတဦးက ပြောသည်။

ရွေ့လျားစာသင်ခန်းအဖြစ် အသုံးပြုနိုင်ရန် ဘတ်(စ်)ကားတစီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အကြိုအပို့များအတွက် မော်တော်ယာဉ်များ၊ ကွန်ပျူတာများနှင့် အခြားကျောင်းသုံး ပစ္စည်းကိရိယာများကိုလည်း တယ်လီနောက ကူညီထောက်ပံ့ပေးကြောင်း သိရသည်။ ယင်းသို့ ပညာသင်ကြား ပေးရာတွင် အခြေခံအဆင့် ၁၊ ၂၊ ၃ သတ်မှတ်၍ ကလေးများ၏ သင်ကြားနိုင်စွမ်းအခြေ အနေအပေါ်မူတည်ကာ သင်ကြားပေးခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဒီကလေးတွေက နဂိုကတည်းကမှ ကျောင်းမတက်နိုင်လို့ အလုပ်လုပ်ကြရတာ။ အဲဒါကိုသူတို့ရဲ့ ဘ၀တက်လမ်း အတွက် အထောက်အကူဖြစ်စေဖို့ ပံ့ပိုးပေးတာပါ။ လူမှုအကျိုးပြုအစီအစဉ်ရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါ တယ်''ဟု ၎င်းက ပြောသည်။

မြန်မာရွေ့လျားပညာသင်ကြားရေး စီမံကိန်း (myME)၏ ရွေ့လျားစာသင်ခန်း များတွင် လာရောက်ပညာသင်ကြားကြသော ကလေးငယ်များအား တပတ်တွင် ခြောက်နာရီကြာ သင်ကြားပေးနေသည့်အပြင် အခြေခံပညာစာတတ်မြောက်မှု၊ သင်္ချာနှင့်ကွန်ပျူတာကျွမ်းကျင်မှုများ အပြင်ကျောင်းသားလူငယ်များအား ထိုးထွင်းစဉ်းစားနိုင်စွမ်း တိုးတက်လာစေရန်၊ တကိုယ်ရေသန့်ရှင်းမှု နှင့်ပတ်သက်သော အခြေခံဗဟုသုတများ၊ လူနေထိုင်မှုဘ၀နှင့် သက်ဆိုင်သောဗဟုသုတများကိုသင်ကြား ပေးကြောင်းသိရသည်။
လင်းလင်းအောင်


No comments:

Post a Comment