Latest News

Wednesday, March 8, 2017

NCA လက်မှတ်ထိုးထားတဲ့ RCSSနဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား

NCA လက်မှတ်ထိုးထားတဲ့ RCSSနဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်း တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်တို့ မနေ့ညနေကစပြီး တိုက်ပွဲဖြစ်ပွား နေပါတယ်။

အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချူပ် လက်အောက်ခံ အမှတ် ၅၀၂ ခြေမြန်တပ်ရင်းနဲ့ အမှတ် ၂၄၃ ခြေလျင်တပ်ရင်းက လှုပ်ရှားစစ်ကြောင်းတွေက သီပေါမြို့နယ်ထဲက RCSS တပ်ဖွဲ့တွေ အခြေချထား တဲ့ တပ်စခန်းတွေကို လာရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ RCSS/SSA ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်း က ပြောပါတယ်။

"ဖြစ်တာကတော့ သီပေါမြို့နယ် အိုမုကျေးရွာအုပ်စု ဆိုတဲ့ အဲ့ဒီဒေသဖက်မှာပါ။ ကျနော်တို့ တပ်တွေ ရှိတဲ့နေရာကို တပ်မတော်ဖက်ကပေါ့နော် စစ်ကြောင်းတွေ ထိုးစစ်ဆင်ပြီး လာတိုက်ခြင်း ဖြစ်ပါတယ်။ နေရာ သုံးလေးနေရာမှာ သူတို့ချဉ်းကပ်ပါတယ် ဒါပေမယ့် မနေ့က တိုက်ပွဲဖြစ်တဲ့ နေရာကတော့ အိုမု ဘက်မှာဖြစ်တာပါ။ အကြောင်းပြချက်တော့ မရှိဘူး လက်နက်ကြီး စမ်းပြီးပစ် တဲ့နေရာက ထန်စမ့် ဆိုတဲ့ နေရာမှာ သူတို့ လက်နက်ကြီး စမ်းပြီး အရင်ပစ်တာ။ တပ်မတော်ကတော့ အမှန်ဆိုရင် အခြေခံဥပဒေ နဲ့ သူတို့ပြောပြောနေကြကတော့ အစိုးရရဲ့ လက်အောက်ပေါ့နော် ဒီအခုအစိုးရလက်အောက်က။ ဒါပေမယ့် အခုအချိန်မှာကတော့ တပ်မတော်က သူထင်ရာဆိုင်းလုပ်နေတယ်လို့ မြင်ရပါတယ်။ ဒီလိုမျိုး တပ်မတော်က ထင်ရာဆိုင်း လုပ်နေမယ်ဆိုရင်တော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကတော့ ဘယ်အစိုးရပဲ တက်တက်ပေါ့နော် လုပ်ဆောင်ဖို့က ဖြစ်လာနိုင်မှာမဟုတ်ဘူးလို့ ကျနော်တို့ မြင်ရပါတယ်။ "

မနေ့ညနေက တိုက်ပွဲပြင်းထန်ခဲ့ပေမယ့် ဒီကနေ့မနက်မှာတော့ စစ်ရေးတင်းမာမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

တိုက်ပွဲမှာ အစိုးရတပ်မတော်ဖက်က စစ်လက်နက်ပစ္စည်းတချို့ကို RCSS တပ်ဖွဲ့က သိမ်းဆည်း ရရှိခဲ့ပေမယ့် နှစ်ဖက် ထိခိုက်ကျဆုံးမှုအခြေအနေကို အသေးစိတ် မသိရှိရသေးဘူးလို့လည်း ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ သီပေါမြို့နယ်မြောက်ဖက်မှာရှိတဲ့ RCSS တပ်ဖွဲ့တွေအခြချရာ ထန်စန့် နဲ့ ပါခါး ဒေသဖက်မှာ အစိုးရတပ်မတော်စစ်ကြောင်းနဲ့ RCSS တပ်ဖွဲ့ဝင်တွေ နှစ်ဖက်ရင်ဆိုင်ထားပြီး စစ်ရေးတင်းမာမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွန်ကြားရေးမှုးရုံးက ညွန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်း ထံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းကိုင်ဖြေဆိုသူ အရာရှိက ဗိုလ်ချုပ် အောင်ရဲဝင်း ခရီးထွက်သွားတဲ့အတွက် ဖြေဆိုလို့မရနိုင်ကြောင်း ပြောပါတယ်။

Photo: RFA

( ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် )

No comments:

Post a Comment