Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို ၆၆ (ဃ) ဖြင့် စွဲဆိုသည့်အမှုအား မပိတ်သိမ်းတော့ဘဲ ဆက်လက်တရားစွဲဆိုမည်ဟု ဆို
Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းအား ၆၆ (ဃ) ဖြင့် စွဲဆိုထားသည့် အမှုကို မိခင်ကြီးက တားမြစ်သောကြောင့် အမှုပိတ်မည်ဟု ပြောကြားခဲ့သော်လည်း ယခုအခါ ထိုအမှုကိုမပိတ်ဘဲ ဆက်လက် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
“ကိုဆွေဝင်းကို ၆၆ (ဃ) နဲ့ တရားစွဲလိုက်တော့ သတင်းထောက်တွေက မေးပြီးရေးတဲ့အခါ အွန်လိုင်းမှာ ပျံ့သွားသလို မီဒီယာတွေမှာလည်း ပါလာပါတယ်။ အဲဒီမှာ ကျွန်တော့်အိမ်က သိသွားတဲ့အတွက် ကျွန်တော့်မိခင်ကြီးက ကျွန်တော့်ကျန်းမာရေး၊ သူ့အသက်အရွယ်နဲ့ ချိန်ထိုးပြီးတော့ စွဲထားတဲ့အမှုကို ဆရာတော့်ကို လျှောက်ထားပြီး ပြန်ပိတ်ပေးဖို့ ကျွန်တော့်ကို တောင်းဆိုလာပါတယ်။ အဲဒီတုန်းက ကျွန်တော်လုပ်တဲ့အလုပ်သည် အမျိုးဘာသာ သာသနာအတွက် လိုအပ်လို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာမှန်း ကျွန်တော့်မိခင်ကြီးကို နားမချရသေးတဲ့အတွက် ကျွန်တော့်မိခင် စိတ်ချမ်းသာအောင် ‘ဟုတ်ကဲ့ပါ ...အမေ...အမှုကိုပြန်ပိတ်ပေးပါ့မယ်’ လို့ ပြန်ပြောခဲ့ပါတယ်။ အခုတော့ ကျွန်တော့် အမေကြီးကို နားလည်အောင် ရှင်းပြလိုက်တဲ့အခါ အမေကြီးကလည်း ခွင့်ပြုတဲ့အတွက် ကိုဆွေဝင်းကို ဆက်လက် တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်” ဟု အထက်မြန်မာပြည် မြန်မာ့ဝံသာနုအားမာန်အဖွဲ့ ဦးဆောင်သူ ကိုကျော်မျိုးရွှေက ပြောကြားသည်။
Myanmar Now သတင်းထောက် ကိုဆွေဝင်းအား ကိုကျော်မျိုးရွှေက ၆၆ (ဃ) ဖြင့် စွဲဆိုသည့်အမှုကို တရားရုံးတွင် တင်ပြထားပြီး တရားရုံးမှ ခွင့်ပြုချက်ရရှိပါက ရန်ကုန်မြို့သို့ သွားရောက်ကာ ကိုဆွေဝင်းအား စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ကိုကျော်မျိုးရွှေကို တရားဥပဒေစိုးမိုးရေး ကွန်ယက်မှ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားသည့်အတွက် မတ် ၁၃ ရက်ကလည်း ရန်ကုန်မြို့ စမ်းချောင်းရဲစခန်းမှ မန္တလေးမြို့သို့ လာရောက်ကာ ကိုကျော်မျိုးရွှေကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း အမှတ် ၇ စခန်းမှူး ရဲအုပ်ကျော်သူက ပြောကြားသည်။
“မနေ့က ကိုကျော်မျိုးရွှေကို အမှတ် ၇ ရဲစခန်းမှာ စမ်းချောင်းရဲကနေ ခေါ်စစ်တာက ဖမ်းဖို့ခေါ်တာ မဟုတ်ပါဘူး။ လာရောက်စစ်ဆေးရုံပဲ ဖြစ်ပါတယ်။ ကိုကျော်မျိုးရွှေကလည်း ဘယ်သူလာလာ အစစ်ခံဖို့ အသင့်ရှိပြီးသားမို့ လာရောက် အစစ်ဆေးခံတာ ဖြစ်ပါတယ်” ဟု ရဲအုပ်ကျော်သူက ပြောကြားသည်။
Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းအား ၆၆ (ဃ) ဖြင့် အမှုဖွင့်သည့် ကိုကျော်မျိုးရွှေကို တရားဥပဒေစိုးမိုးရေးကွန်ရက် အဖွဲ့မှ ဒေါ်မြမြဌေးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို လူမှုကွန်ရက်ပေါ်တွင် ပုတ်ခတ်စော်ကားသည်ဟုဆိုကာ ရန်ကုန်မြို့ စမ်းချောင်းရဲစခန်းတွင် ပြန်လည်အမှုဖွင့်ထားခြင်း ဖြစ်သည်။
မင်းမင်းစိုး
Eleven Media Group
Tuesday, March 14, 2017
Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို ၆၆ (ဃ) ဖြင့် စွဲဆိုသည့်အမှုအား မပိတ်သိမ်းတော့ဘဲ ဆက်လက်တရားစွဲဆိုမည်ဟု ဆို
Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို ၆၆ (ဃ) ဖြင့် စွဲဆိုသည့်အမှုအား မပိတ်သိမ်းတော့ဘဲ ဆက်လက်တရားစွဲဆိုမည်ဟု ဆို
Reviewed by Ar Ti
on
10:55 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment