Latest News

Tuesday, March 14, 2017

နှစ် ၁၂၀ ကျော် သက်တမ်းရှိ အင်းစိန် GTI ကျောင်းကြီးရဲ့ အချက်အလက်များ

နှစ် ၁၂၀ ကျော် သက်တမ်းရှိ အင်းစိန် GTI ကျောင်းကြီးရဲ့ အချက်အလက်များ



အရှေ့တောင်အာရှမှာ နာမည်ကျော်ကြားခဲ့ သလို စက်မှုပညာရပ်တွေမှာ ထူးချွန်ထင်ရှားတဲ့ ပညာရှင်တွေ အများကြီး မွေးထုတ်နိုင်ခဲ့တဲ့ မြန်မာနိုင်ငံက GTI ကျောင်းကြီးက သက်တမ်းနှစ်ပေါင်း ၁၂၀ ကျော်ခဲ့ပါပြီ။ ဒီကျောင်းကြီးရဲ့ ပြန်ပြောင်း အောက်မေ့မှတ်သားဖွယ် မှတ်တမ်းတချို့ကို ရှာဖွေစုစည်းပြီး ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

၁။ ဒီကျောင်းကြီးကို မြို့မကျောင်းလမ်း၊ လသာမြို့နယ်မှာ ၁၈၉၅ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့တာပါ။ Government Engineering School အမည်နဲ့ ဖွင့်လှစ်ခဲ့တာပါ။ စတင် ဖွင့်လှစ်တဲ့နှစ်မှာ ကျောင်းသားခြောက်ဦး တက်ရောက်ခဲ့ပါတယ်။

၂။ ၁၉၀၈ ခုနှစ်မှာတော့ Government School and Technical High School လို့ အမည်ပြောင်းပြီး အင်းစိန်ကို နေရာ ပြောင်းရွှေ့ခဲ့ပါတယ်။

၃။ ၁၉၁၂ ခုနှစ်မှာတော့ Government Technical Institute လို့ အမည် ပြောင်းခဲ့ပါတယ်။

၎။ ဒုတိယ ကမ္ဘာစစ်ကြီးအပြီး ၁၉၄၄ ခုနှစ်မှာတော့ အင်္ဂလိပ်အစိုးရက State Technical School လို့ အမည်ပြောင်းပြီး ကျောင်းပြန်ဖွင့်ခဲ့ပြန်ပါတယ်။

၅။ ၁၉၅၀ ခုနှစ်မှာတော့ စစ်ပြီးနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး ကိုလံဘိုစီမံကိန်း (Colombo Plan) ကို ဆောင်ရွက်ခဲ့ပါတယ်။ ဒီအခါမှာတော့ အင်္ဂလိပ်အစိုးရက ဒီကျောင်းကြီးအတွက် စတာလင်ပေါင် ၆ သန်း ထောက်ပံ့ပေးခဲ့ပါတယ်။

၆။ ၁၉၅၄ ခုနှစ်မှာ ဖို့ဒ်မော်တော်ကား ကုမ္ပဏီရဲ့ ဟင်နရီဖို့ဒ်ဖောင်ဒေးရှင်းကနေပြီး အမေရိကန်ဒေါ်လာ ၃၈၀ဝ၀ ကျော် ထောက်ပံ့ခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ နိုင်ငံတကာက ဒီလိုထောက်ပံ့မှု အများဆုံးရခဲ့တဲ့ ပထမဆုံး နည်းပညာကျောင်းကြီး ဖြစ်ခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။

၇။ ၁၉၅၄ ခုနှစ်မှာပဲ GTI Engineering Diploma ကို ဖျက်သိမ်းခဲ့ပါတယ်။ Associateship of Government Technical Institute (AGTI) သုံးနှစ် ဒီပလိုမာ လက်မှတ်ကို အစားထိုး ပေးအပ်ခဲ့ပါတယ်။

၈။ ၁၉၉၅ ခုနှစ်မှာတော့ GTI ရာပြည့်ပွဲကြီးကို အင်းစိန် GTI ကျောင်းကြီးမှာ ကျင်းပခဲ့ပါတယ်။

၉။ ၁၉၉၈ ခုနှစ်မှာတော့ GTI အဖြစ်အမည် ပြောင်းခဲ့ပြီး အဆောက်အအုံကြီးကို ရန်ကုန်စည်ပင်ကို လွှဲပြောင်းပေးခဲ့ပါတယ်။ GTI သိပ္ပံနှင့် နည်းပညာ လက်အောက်ကို ပြောင်းခဲ့ပါတယ်။

၁၀။ ၂၀ဝ၇ ခုနှစ်မှာ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်ကနေ ရန်ကုန်စည်ပင်ကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။ ကျောင်းကြီးကို ၂၀ဝ၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးအတွင်း ဆန္ဒပြခဲ့ကြတဲ့ ရဟန်းရှင်လူများကို ယာယီ ထိန်းသိမ်းတဲ့ အချုပ်ခန်းအဖြစ် အသုံးပြုခဲ့တယ်လို့ ရင်နင့်ဖွယ် မှတ်သားရပါတယ်။

၁၁။ ၂၀၁၆ ခုနှစ်အတွင်းမှာတော့ အင်းစိန် GTI ကျောင်းကြီးကို ပညာရေးဝန်ကြီးဌာနလက်အောက်ကို ပြန်လည် ပေးအပ်ခဲ့ပြီး ကျောင်းကြီးကို ပြန်လည် ဖွင့်လှစ်မယ်ဆိုတဲ့ သတင်းတွေကို တွေ့မြင်ဖတ်ခဲ့ရပါတယ်။

အထက်ပါ အချက်အလက်တွေက အွန်လိုင်းမှာ ရှာဖွေလို့ရသမျှ အင်းစိန် GTI ကျောင်းကြီးရဲ့ သမိုင်း အချက်အလက်တွေကို စုစည်း တင်ပြထားတာ ဖြစ်ပါတယ်။



The Voice

No comments:

Post a Comment