Latest News

Sunday, March 19, 2017

မန္တလေးတိုင်းဒေသကြီးအတွင်း ဦးပိုင်မြေဧကပေါင်း (၁၈၈၈၁၂၅)ဧကကို လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် ပုံစံ (၇) ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ

မန္တလေးတိုင်းဒေသကြီးအတွင်း ဦးပိုင်မြေဧကပေါင်း (၁၈၈၈၁၂၅)ဧကကို လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် ပုံစံ (၇) ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူ ၁ဝ၇၂၅၆ဝ ဦး၏ ဦးပိုင်မြေဧကပေါင်း (၁၈၈၈၁၂၅)ဧကကို လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် ပုံစံ (၇) ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ တောင်သူ ၁ဝ၂၉၄၄၃ ဦး၏ ဦးပိုင်မြေပေါင်း (၁၇၉၁၇၆၆)ဧကကို လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇)ထုတ်ပေးနိုင်ခဲ့သဖြင့် ၉၄ ဒသမ ၉ဝ ရာခိုင်နှုန်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။

"ကျွန်တော့်အနေနဲ့ ဒုသမ္မတ ဦးဟင်နရီဘန်ထီးယူ ဥက္ကဌအဖြစ်တာဝန်ယူထားတဲ့ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေး ဗဟိုကော်မတီမှာ အဖွဲ့ဝင်၊ မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အနေနဲ့ တာဝန်ယူပြီး မြေသိမ်းခံတောင်သူတွေ မြေယာပြန်လည်ရရှိဖို့ ဆောင်ရွက်ပေးနေပါတယ်။ အချိန်တော့ ယူရမယ်။ နစ်နာသူတွေ စစ်မှန်တယ်ဆို အားလုံးပြန်ပေးမယ်။ ပြန်ရကြမှာပါ။ စီစစ်နေတယ် စီစစ်တာကိုတော့ အချိန်ပေးရမယ်။" ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှ ပြောပြသည်။

မတ္တရာမြို့နယ် ရေနံ့သာကျေးရွာအုပ်စု အနာကြီးရောဂါဆေးရုံမှ ပြန်လည်စွန့်လွှတ်သည့် မြေဧရိယာ ၂ဝ၈ ဒသမ ၃၅ ဧကကို ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူဦးစီးပြီး ၂၀၁၆အတွင်းက တောင်သူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီး ၂၀၁၇ခုနှစ် မတ်လ ၁၅ရက်တွင်လည်း အမှတ် (၁၂၁) ထောက်ပံ့ နှင့်ပို့ဆောင်ရေး တပ်ရင်း စွန့်လွှတ်မြေမှ စဥ့်ကူးမြို့နယ်မူလတောင်သူ (၂၂၅)ဦးအား မြေဧရိယာ (၁၂၆၉ဒသမ၃) ဧက၊ မတ္တရာမြို့နယ် အနာကြီးဆေးရုံ(ရေနံ့သာ) စွန့်လွတ်မြေမှ မူလတောင်သူ(၂၃)ဦးအား မြေဧရိယာ(၁၄၀ဒသမ၅၁) ဧကတို့ကို လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များ ထပ်မံပေးအပ်ပြီးဖြစ်သည်။

"စီစစ်တာကို အချိန်ပေးရတာ ဘာကြောင့်လဲဆိုတော့ သိမ်းထားတာလည်းကြာပြီ။ သိမ်းတဲ့သူတွေက အများကြီး မြို့ပြဖော်ဖို့သိမ်းတယ်။ လမ်းဖောက်ဖို့သိမ်းတယ်။ အစိုးရကသိမ်းတာရှိတယ်။ တပ်မတော်ကသိမ်းတာတွေ ရှိတယ်။ ဌာနဆိုင်ရာက သိမ်းတာရှိတယ်။ ဒါတွေကို သေသေချာချာ ပြန်စီစစ်ရတယ်။ အသိမ်းခံထားရသူတွေက သိမ်းခံရတာမှန်ကြောင်း သက်သေပြနိုင်ရမယ်။ လျော်ကြေး ရ/မရ၊ မြေအစားထိုး ရ/မရ အဲဒါတွေ အားလုံးပြန်စီစစ်ရတယ်။ လယ်ခွန်/ မြေခွန်ပေးထားရမယ်။ ဘိုးဘွားပိုင်ဆိုရင် ဘိုးဘွားပိုင်မြေဖြစ်ကြောင်း အထောက်အထားပြနိုင်ရမယ်။ ဌာနဆိုင်ရာတွေကလည်း ပြန်အပ်တာတွေရှိတယ်။ အဲဒါတွေကို တောင်သူလက်ထဲ ဒီအတိုင်းပြန်ပေးလို့မရဘူး။ အဆင့်တွေရှိတယ်။ ဌာနဆိုင်ရာကနေ ပြန်အပ်ရတယ် အသုံးမပြုတာ့ပါဘူးဆိုပြီး ပြန်အပ်ရတယ်။ ဘယ်အပ်ရလဲဆိုတော့ ပြည်ထဲရေးကို ပြန်အပ်ရတယ်။ အဲဒါကိုမှ ပြည်ထဲရေးက အစိုးရပိုင်မြေဖြစ်ကြောင်း ပြန်ကြေညာပေးရတယ်။ အဲဒီမှာ အရင်တုန်းက လုပ်ခဲ့တဲ့တောင်သူတွေက လုပ်ကိုင်ခွင့် ပြန်လျှောက်ရတယ်။ တဆင့်ချင်းပြန်လျှောက်ရတယ်။ ဥပဒေအတိုင်း သွားရမယ်။" ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

သိမ်းဆည်းခံ လယ်ယာမြေများနှင့် အခြားမြေများကို မူလပိုင်ရှင် ပြည်သူများလက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် မူဝါဒများ၊ လမ်းညွှန်ချက်များ ချမှတ်ပြီး ဆောင်ရွက်နေကြာင်း၊ မြေယာကိစ္စသည် ပိုင်ဆိုင်မှုဆိုင်ရာ စာရွက်စာတမ်းအထောက်အထားနှင့် ဥပဒေကြောင်းအရ ညီညွတ်မှုစသည့် အချက်များနှင့် စိစစ်ဆောင်ရွက်ရသည့်အတွက် ကိုင်တွယ်ဖြေရှင်းရာတွင် သေချာရန် အချိန်ယူရကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းမြေယာများထဲမှ အသုံးမပြုတော့သည့် မြေယာများကို ပြန်လည်စွန့်လွှတ်ရာတွင် မူလပိုင်ရှင်များထံ စိုက်ပျိုးရာသီအမှီ အမြန်ပြန်လည်လွှဲပြောင်းပေး အပ်နိုင်ရေး အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိပြီး လွယ်ကူလျှင်မြန် မှုရှိစေမည့် မူဝါဒနှင့်လုပ်ငန်းစဉ်များ ချမှတ်ကာ စနစ်တကျစိစစ်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

"အခုစီစစ်နေဆဲ ပြန်ပေးဖို့လုပ်နေတာတွေ ရှိတယ်။ ပုသိမ်ကြီးမြို့နယ်ထဲက စစ်ပြန်စစ်မှုထမ်းဟောင်းအဖွဲ့က သိမ်းထားပြီး အသုံးမပြုပိုလျှံမြေတွေ ပြန်ပေးဖို့ စီစစ်နေတယ်။ နောက် မန္တလေးနည်းပညာတက္ကသိုလ် ပြင်ဦးလွင်လမ်းသစ်ဖော်နေတဲ့ဘက်ကမြေတွေကို တောင်သူတွေ ပြန်ပေးဖို့ စီစစ်နေတယ်။ စွန်ရဲအင်း စဥ့်ကိုင်ဘက်ကမြေတွေလည်း နစ်နာသူတွေ ပြန်ရအောင် လုပ်ပေးနေတယ်။" ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှ ပြောသည်။

TheMandalayNewsJournal

No comments:

Post a Comment