Latest News

Monday, March 20, 2017

ကိုယ့်အတွက် အချိန်အတွက် ကိုယ့်ကိုယ်ကို စီမံခန့်ခွဲပါ

ကိုယ့်အတွက် အချိန်အတွက် ကိုယ့်ကိုယ်ကို စီမံခန့်ခွဲပါ

အချိန်စီမံခန့်ခွဲရေးနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို စီမံခန့်ခွဲနိုင်ဖို့ လေ့လာသင်ယူခဲ့တာ လေးငါးဆယ်နှစ်မကတော့ပါဘူး။ အချိန်တွေ အလကားကုန်သွားမှာကို နမျောတဲ့စိတ်နဲ့ လေ့လာခဲ့တာပါ။

ခုချိန်မှာတော့ကိုယ့်ကိုယ်ကို ပြန်မြင်အောင် ကြည့်မိပါတယ်။ ပထမဆုံး  အလုပ်နဲ့မိသားစုတွင်းမှာ  ကိုယ့်ကိုယ်ကို ဘယ်လို စီမံခန့်ခွဲနေမိသလဲ ဆိုတာပြန်သုံးသပ်ပါတယ်။

တစ်နေ့တစ်နေ့ လုပ်ငန်းခွင်ထဲမှာ မိသားစုတွင်းမှာ ဒါ့အပြင် မိတ်ဆွေတို့ရဲ့ရင်ဖွင့်သံကို နားထောင်ပေးနေတဲ့အချိန် ပြီးတော့မိတ်ဆွေတွေအတွက်သာရေး နာရေးမှာ သုံးနေတဲ့အချိန်တွေ ဒါတွေကို ပြန်ချရေးကြည့်ပါတယ်။

အဲဒီထဲမှာ ကျွန်မအတွက် အချိန် ဘယ်လောက်ပါသလဲ။ ကျွန်မရဲ့ကျန်းမာရေးအတွက် လုံလော်ကတဲ့ အချိန် တစ်ရက်ကို မိနစ် ၃၀လောက်ပေးရမယ်၊ လေ့ကျင့်ခန်းလုပ်ရမယ်။
ပြီးတော့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် သမထကျင့်ဖို့ မိနစ် ၃၀လောက်လိုပါတယ်။  စိတ်အပန်းဖြေဖို့လည်း တစ်ရက်သို့မဟုတ် ၂ ရက်လောက်တော့အချိန်ပေးနိုင်ရမယ်။ ရရဲ့လား၊ စီမံထားသလိုဖြစ်ရဲ့လား ဆိုတာကို ပြန်ကြည့်မိတယ်။

ရိုးသားစွာ ပြောရမယ်ဆိုရင်တော့၅၀% လောက်တော့ ဖြစ်တယ်လို့ပဲ ဆိုရပါမယ်။ ကျန်တဲ့ ၅၀%ကတော့  ဖြစ်အောင် မလုပ်နိုင်တာတွေရှိတယ်။

ဥပမာ မနက်တိုင်း စောစောထပြီး မောင်နဲ့သမီးတို့ရဲ့ မနက်စာ စီစဉ်ပေးမယ်ဆိုတဲ့ရည်းမှန်းချက်မျိုး၊ စနေ၊ တင်္နဂနွေတိုင်း မိသားစု ကိစ္စတွေကိုပဲဆောင်ရွက်ပြီး အခြား လူမှုရေးနဲ့စီးပွားရေးကိစ္စတွေကို လုံးဝ မဆောင်ရွက်တော့ဘူး ဆိုတဲ့ ရည်မှန်းချက်မျိုး...။

အဖေနဲ့အမေ ဆီကို နေ့စဉ် ဖုန်းဆက်ပြီး စကားပြောမယ်၊ သူတို့ပြောတာတွေကို စိတ်ပါလက်ပါနဲ့နားထောင်ပေးမယ် ဆိုတာမျိုး။ အဲဒီလို လုပ်မယ် ဆောင်ရွက်မယ်လို့ရည်မှန်းတာမျိုးတွေမှာ ကျွန်မအနေနဲ့ပျက်ကွက်ခဲ့တာတွေရှိနေတုန်းပဲ။

အဲလိုပဲ လုပ်ငန်းခွင်မှာလည်း ကိုယ့်ကိုယ်ကို ပြန်ကြည့်တဲ့အခါ ကိုယ်ဖြစ်ချင်တဲ့ အတိုင်း ၅၀% လောက်ပဲရှိနေသေးတယ်။ မိတ်ဆွေသူငယ်ချင်းတွေကြားမှာလည်း ဒီလိုပဲ ဖြစ်နေတယ်။

အဲဒီမှာပဲ  ရယ်ချင်မိတယ်။ ကိုယ့်ကိုယ်ကိုတောင်မှ ၁၀၀% ပြည့် စီမံခန့်ခွဲဖို့မဖြစ်နိုင်သေးတာ။ အများတကာကိုများ၊ အဖွဲ့ဝင်တွေကိုများ ၁၀၀% စီမံခန့်ခွဲနို်ငဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား ဆိုတဲ့အဖြေကို တွေးမိလာတယ်။

ဒါကြောင့်ကျွန်မအနေနဲ့ အရင်ဆုံး ကိုယ့်ကိုယ်ကို စီမံခန့်ခွဲနိုင်ဖို့ကြိုးစားရပါတယ်။ စီမံခန့်ခွဲခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လုပ်ချင်တာ၊ လုပ်သင့်တာကို မှန်ကန်စွာရွေးချယ်လုပ်ကိုင်နိုင်ဖို့ပါပဲ။

ဒီနေ့အဖို့ အကျိုးရှိတာတွေဖြစ်အောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာကိုလည်း စဉ်းစားရွေးချယ်လို့ရပါတယ်။

ပထမဆုံး ရွေးချယ်ဖို့က ကိုယ့်အတွက်  ၂၄ နာရီထဲက အိပ်ချိန် ၈ နာရီကို နှုတ်လိုက်တဲ့အခါ ပြီးတော့ အလုပ်ချိန် ၈ နာရီကို နှုတ်ရပါတယ်။ ကျန်တဲ့ ၈နာရီထဲမှာ မိသားစုအတွက်၊ လူမှုရေးလုပ်ငန်းတွေအတွက်၊ အသိမိတ်ဆွေတွေအတွက် ခွဲခြမ်းလိုက်တဲ့အခါ ကျွန်မအတွက် ဘယ်နှစ်နာရီလောက်ကို ဖြစ်အောင် ယူနိုင်မလဲ ဆိုတာ စဉ်းစားရပါပြီ။

ပြီးတော့အလုပ်ချိန် ၈ နာရီထဲမှာ  အလုပ်သင့်ဆုးံအရာတွေကို ရွေးချယ်နိုင်ဖို့ပါလည်း အရေးကြီးပါတယ်။ ဒါကြောင့် ကို်ယ့်ရဲ့စီးပွားရေးလုပ်ငန်းအတွက် သတင်းအေ၈ျင်စီ လုပ်ငန်းအတွက် ကိုယ်လုပ်ချင်တာထက် လုပ်သင့်တဲ့ကိစ္စတွေကို ဦးစားပေးဆောင်ရွက်ရမဲ့ စာရင်းထဲမှာ ထည့်ထားပါတယ်။

နောက် ရုံးချိန်ပြင်ပမှာ မိသားစုနဲ့ အသိမိတ်ဆွေတွေအတွက် ပေးရမဲ့အချိန်ကိုလည်း ထည့်စဉ်းစားရပါတယ်။ပြီးမှ ကျန်းမာရေးနဲ့ကိုယ့်အောင်မြင်မှုအတွက် အထောက်အပံ့ပေးစေမဲ့ကိစ္စတွေကို  လုပ်ပါတယ်။

တစ်နေ့တာ အလုပ်တွေကို ကြည့်မယ်ဆိုရင်တော့မနက်စောစောထပြီး ဘုရားရှစ်ခိုး၊ တရားထိုင်တာ၊ ပြီးရင် လေ့ကျင့်ခန်းလုပ်ပြီးမှ အလှပြင်ပါတယ်။ အလှပြင်ပြီးတဲ့အခါ ဒီနေ့ ရုံးကိစ္စလုပ်ရမဲ့စာရင်းကို ကြည့်ပြီး အရေးကြီးတာတွေကို အရင်ဆုံး စလုပ်တော့တာပါပဲ။

ရုံးအလုပ် အရေးကြီးတာတွေကို ဦးစားပေးလုပ်ပြီးချိန်မှာ မိသားစုအတွက်အရေးကြီးတာတွေ လုပ်ပါတယ်။

 ပြီးရင်တော့လူမှုရေး ကိစ္စလေးတွေ လုပ်တယ်။ ကျွန်မရဲ့လူမှုရေးကိစ္စဆိုရာမှာလည်း နေ့စဉ် လူမှုကွန်ယက်မှာ ပို့စ်တင်တာလေးတွေ လုပ်တယ်။ သာယာရေးနာရေး ဖုန်းဆက်ဖို့ လိုတဲ့ မိတ်ဆွေတွေဆီကို ဆက်ပါတယ်။ ပြီးမှ ကျွန်မကို ရင်ဖွင့်ဆွေးနွေးလိုတဲ့ ဖုန်းတွေကို လက်ခံနားထောင်ပေးတယ်။

ညပိုင်းမှာတော့ မိသားစုလိုက် ပဌာန်းပူဇော်ပြီး၊ စိတ်အေးချမ်းစေဖို့အတွက် မေတ္တာပို့တယ်၊ တရားထိုင်ပါတယ်။ ပြီးမှ ကိုယ်ဖတ်ချင်တဲ စာအုပ်လေး ဖတ်ပြီး အိပ်ရာဝင်တယ်။

ဒါကတော့နေ့စဉ် ကျွန်မရဲ့ အချိန်တွေကို စီမံခန့်ခွဲထားတာပါ၊ ဒီလို နေ့တိုင်း ဆောင်ရွက်တဲ့အခါ တစ်ခုခုကို မဆောင်ရွက်မိတာပဲ ဖြစ်ဖြစ်၊ ပျက်ကွက်သွားတာပဲ ဖြစ်ဖြစ် ဒါကို သိလာရပါတယ်။ ပျက်ကွက်သွားမိတဲ့အတွက် နောက်နေ့မှာတော့ ဖြစ်အောင်လုပ်ဖြစ်သွားတယ်။ နောက်မပျက်ကွက်အောင်လည်း သတိထားလိုက်မိတယ်။

အပတ်စဉ်မှာတော့ ကိုယ့်အတွက်က အားလပ်ရက် တစ်ရက်ယူပြီး ကိုယ်ဝါသနာပါရာ အလုပ်တွေလုပ်ဖြစ်အောင်တော့ ကြိုးစားပမ်းစားလုပ်ရတာပါပဲ။ များသောအားဖြင့်စာဖတ်တာ၊စာရေးတာပါပဲ။ ပြီးတော့စာအုပ်ဆိုင်သွားပြီး စာအုပ်ဝယ်တာ၊ ဈေးဝယ်တာပါ။

မိသားစုအတွက်ကတော့မိသားစုနေ့တစ်နေ့ ထားပြီး ကလေးတွေ လုပ်ချင်တာလေးတွေကို သူတို့နဲ့ အတူ လိုက်လုပ်ပေးပါတယ်။ ခင်ပွန်းသည် အတွက်ရောပေါ့။

အဲဒီလို နည်းလမ်းတွေနဲ့ ကျွန်မတို့ရဲ့ အချိန်တွေကို ကိုယ့်အတွက်၊ မိသားစုအတွက်၊ လုပ်ငန်းအတွက်၊ အများအတွက်ဆိုပြီး သတ်မှတ်ထားတယ်။

ဒီထဲကမှ အမေ့ရဲ့ မှာကြားချက်တစ်ခု ဖြစ်တာကိုလည်း အမြဲတမ်း ထည့်စဉ်းစားပါတယ်။ ဒီနေ့အတွက် ပညာရရဲ့လား၊ ဒါမှမဟုတ် ဥစ္စာရရဲ့လား၊ ဒါမှ မဟုတ် ကုသိုလ်ရရဲ့လား ဆိုတာကို အမေက နေ့တစ်နေ့ကုန်တိုင်း ကိုယ့်ကိုယ်ကို သုံးသပ်စေတယ်။

ကျွန်မအနေနဲ့ အချို့ရက်တွေမှာ ပညာရလိုက်တာတွေရှိပါတယ်။ အချို့ရက်ကြတော့ ပညာရော ဥစ္စာပါ ရတာတွေလည်း ရှိတယ်။ အချို့ရက်တွေမှာတော့  ကုသိုလ်တစ်ခုပဲရတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီ သုံးမျိုးထဲက တစ်ခုခုကို နေ့စဉ်နေ့တို်ငး ရနေရင်တော့ လူဖြစ်ရကျိုး နပ်ပါတယ်လို့ပဲ  မှတ်ယူရတာပါပဲ။
အဲဒီလိုနဲ့ကိုယ့်ကိုယ်ကို စီမံခန့်ခွဲနေခဲ့တာပါ။

မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။
ကျေးဇူးတင်ပါတယ်ရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment