Latest News

Wednesday, March 8, 2017

ဘိုးတော် အကူအညီနှင့် စာမေးပွဲဖြေခြင်း

ဘိုးတော် အကူအညီနှင့် စာမေးပွဲဖြေခြင်း


အခြေခံပညာ အထက်တန်း စာမေးပွဲကြီး ယနေ့စတင်ပြီ ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးမှ ဖြေဆိုသူ ခုနစ်သိန်းကျော်တို့ ဝင်ရောက်ဖြေဆိုကြရန် ရှိနေသည်။

တစ်နှစ်ပတ်လုံး လေ့လာဆည်းပူးပြီး စာမေးပွဲကို ဖြေဆိုကြသူများရှိသလို အချို့ကလည်း မတူညီသော ချဉ်းကပ်မှု ပုံစံမျိုးစုံဖြင့် စာမေးပွဲကို ဖြတ်သန်းကြသည်။

ဗေဒင်၊ ယတြာ အားပြုသူများ ရှိသလို ဘိုးတော်တို့၏ အကူအညီ အထောက်အပံ့ကို အားကိုးကြသူများလည်း ရှိသည်။

မန္တလေးမြို့ ရွှေကူနီဘုရား အနီးတွင်လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့်သူများ၊ စာမေးပွဲဖြေဆိုမည့် သူများ၏ ဆွေမျိုးများနှင့် စည်ကားနေသည်။

ထိုသူများ လာရောက်နေသည်က ဘိုးတော် အောင်မင်းခေါင် ဓာတ်စခန်းကို ဖြစ်သည်။

ယခုဆိုလျှင် ၂၇ နှစ်တိုင်ပြီ ဖြစ်ပြီး လာရောက်ဆုတောင်းသူများကလည်း ဆုတောင်းပြည့်သည်ဟု ယုံကြည်ကြသည်။

ယင်းနေရာမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသူကျောင်းသားများကို နှစ်ချင်းပေါက် အောင်မြင်စေဖို့ အကူအညီပေးသည့် နေရာဖြစ်ကြောင်း လာရောက်သူများက ဆိုသည်။

“အဘိုးဝိဇ္ဇာဂိုဏ်းချုပ် ဘိုးတော်အောင်မင်းခေါင်ကြီးရဲ့ ရင်နှစ်သည်းချာ သားကောင်းရတနာမြတ် ဦးအေးပေါ့၊ သမီးကောင်းရတနာ ဒေါ်ဖြူပေါ့။ ဦးအေး၊ ဒေါ်ဖြူတို့ရဲ့ သမီးရတနာ မငြိမ်းစုဝေ၊ မနတ (xxx) ဖြင့် အထက ၁၆ မှာ ဖြေဆိုမှာ ဖြစ်တဲ့အတွက် xxxxx xxxxx xxxxx ဆက်ကပ်လှူဒါန်းပူဇော်ခြင်း (လက်ထဲက စာရွက်ကိုပြ၍) ဒါကို ဆက်ကပ်လှူဒါန်းလိုက်တယ်ပေါ့နော်။ ဆက်ကပ်လှူဒါန်း ပူဇော်ခြင်း မင်္ဂလာ ထမြောက်အောင်မြင်ပြီ ဖြစ်၍ ၎င်းမိသားစု ယနေ့မှစ၍ စိတ်ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့စွာဖြင့် အောင်မြေနင်း၍ အားမာန်ချီ၊ အောင်ပွဲလီလီ ဆင့်ကာပဲဟေ့၊ အောင်လံလွှင့်၍ အားမာန်ချီ၊ အောင်ပွဲလီလီ ဆင့်ကာပဲဟေ့” ဟု ဦးဆောင်သူ ဦးမောင်သိန်းက မာန်ပါပါရွတ်ဆိုလိုက်သည်။

ကျောင်းသူကျောင်းသားများကို ကံမြှင့်ခြင်း ပြုလုပ်ပေးသည့် ယင်းနေရာမှာ ဘိုးမင်းခေါင်၏ လေးဘဝ အောင်မြေနေရာလည်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

နှစ်စဉ် ရာနှင့်ချီသော ကျောင်းသူကျောင်းသားများအတွက် ယခုကဲ့သို့ ယတြာ ပြုလုပ်ပေးနေသည်မှာ  ၂၇ နှစ်တိုင်ခဲ့ပြီ ဖြစ်ပြီး ယခုနှစ်တွင် ကျောင်းသား ၁၅၀ဝ ကျော်ကို စာရင်းလက်ခံထားပြီး ဖြစ်သည်။ အဘယ့်ကြောင့် ဤမျှ များပြားရသနည်း။

ဦးမောင်သိန်းကမူ သားသမီးကို ချစ်သည့် မိဘများ၏ သံယောဇဉ်၊ မိမိတို့၏ သားသမီးများ မည်မျှပင် ဆိုးနေပါစေ အကောင်းဆုံး၊ အတော်ဆုံး ဖြစ်စေချင်သည့် မိဘများ၏ မေတ္တာကြောင့် ယင်းအဆောင်ယတြာကို လာရောက်ပြုလုပ်သူ များနေရခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

ယတြာကတော့ ရိုးစင်းလှသည်။ စာမေးပွဲ ဖြေဆိုမည့် ကျောင်းသူကျောင်းသား၏ စာမေးပွဲဖြေဆိုခွင့် မိတ္တူစာရွက် တစ်ရွက်သာ လိုအပ်ပါသည်။ ခုံနံပါတ်၊ ဖြေဆိုမယ့်ကျောင်း၊ မြို့နယ် စသည်တို့ ပါရှိရမည်ဖြစ်ပြီး ထိုစာရွက်များကို လက်ခံကာ စာအုပ်တွင် စာရင်းရေးသွင်း မှတ်တမ်းယူသည်။ ထို့နောက် ဦးမောင်သိန်း ဦးဆောင်သည့် မေတ္တာရှင် သာသနာပြုအဖွဲ့က ကလေးများအတွက် ဆုတောင်းထောမနာ ပြုလုပ်ပေးသည်။ ပြီးနောက် ထိုမိတ္တူစာရွက်များကို ခန်းမဆောင်အတွင်း ကြိုးဖြင့် ချိတ်သီထားလိုက်သည်။

ကျောင်းသားများ အားနည်းသည်ဟု ထင်သော ဘာသာရပ်များကို လာရောက်အားယူခြင်း ဖြစ်ကြောင်း ဦးမောင်သိန်းက ၎င်းတို့ပေးသည့် ယတြာအကြောင်းကို ရိုးစင်းစွာ ပြောပြသည်။

“အောင်မြေနင်း၍ အားမာန်ချီ၊ အောင်ပွဲလီလီ ဆင့်ကာပဲဟေ့ ဆိုတာကို သုံးကြိမ် ဆိုခိုင်းတယ်။ ဒါက  ဒီလမှာ လာလုပ်တဲ့အခါ အောင်မြေမှာ ဆိုခိုင်းတာ။ အဲဒီလိုပဲ စာမေးပွဲ အကုန်လုံး ဖြေပြီးတဲ့ အချိန်မှာလည်း အောင်မြေကိုပဲ လာပြီးတော့ ငါမိမိရရအောင်ပြီဟေ့ ဆိုပြီး လက်မထောင်ခိုင်းတယ်” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

စာမေးပွဲရက် မတိုင်မီ ည ၇ နာရီခန့်အထိ စာရင်းလက်ခံပေးနေပြီး ဆုတောင်းခြင်းများ ပြုလုပ်ပေးကြောင်း၊ နောက်ကျမှ ရောက်လာသူတို့ကိုလည်း စာရင်းအတွင်း မပါဝင်သော်လည်း ဆုတောင်းခြင်းကို ပြုလုပ်ပေးကြောင်း မေတ္တာရှင် သာသနာပြုအဖွဲ့ထံမှ သိရှိရသည်။

“သူတို့ ဘာနေ့သားဆိုတာ သိရမယ်။ နေ့သားသိရင် ဒီနှစ်ရဲ့ သဘောအရ ပညာရေးဂြိုဟ်အား ကောင်းတဲ့သူတွေပေါ့လေ။ အရင်တုန်းကတော့ ဖြေဆိုမယ့်ကျောင်းရှိတဲ့ အရပ်တွေကစ တွက်ချက်ပေးတယ်။ လူနည်းတော့လေ။ အခုကျတော့ အဲလောက်ထိ မလုပ်ပေးတော့ဘူး” ဟု ဗေဒင်ပညာရပ်ဖြင့် တွက်ချက်ပေးမှုကိုလည်း ဦးမောင်သိန်းက ပြောပြသည်။

ယခုကဲ့သို့ ယတြာ ပြုလုပ်ပေးနေသည်မှာ လွန်ခဲ့သည့် ၂၇ နှစ်၊ ၁၉၉၀ ခုနှစ်က ဖြစ်သည်။ ထိုစဉ်က ဦးမောင်သိန်း၏ ညီအပါအဝင် ၂၈ ဦးဖြင့် စတင်ခဲ့ပြီး ထိုနှစ်တွင်ပင် ၂၈ ဦးစလုံး အောင်မြင်သွားကြသဖြင့် ထိုအောင်မြင်သူတို့၏ ဆွေမျိုးမိတ်ဆွေတို့က ဦးမောင်သိန်းထံ ရောက်ရှိလာခဲ့ကြသည်။

တစ်နှစ်ထက်တစ်နှစ် လူဦးရေ များပြားလာခဲ့ပြီး ဦးမောင်သိန်းတို့ဘက်ကလည်း စိတ်စေတနာ အပြည့်ဖြင့် အားကိုးသူများ စိတ်ကျေနပ်စေရန် ဆောင်ရွက်ပေးခဲ့သည်။သို့သော် ငွေကြေးတစ်စုံတစ်ရာ သတ်မှတ်ထားခြင်း မဟုတ်ဘဲ ‘အခမဲ့’ ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

“အဓိက စိတ်ဓာတ်ခွန်အားပေါ့။ ရည်ရွယ်ချက်က ဒါပဲ။ သူတို့ကျက်မှတ်ထားတဲ့ စာတွေကို ဘာသာရေးဆိုင်ရာ ကျောထောက်နောက်ခံ ထောက်ပေးတာ” ငွေကြေးမကောက်ခံသော်လည်း ကျောင်းသားမိဘများက မေတ္တာရှင် သာသနာပြုတွင် အပတ်စဉ် အင်္ဂါနေ့တိုင်းပေးသည့် ကန်တော့ပွဲ ၅၈ ပွဲအတွက် လှူဒါန်းမှုမျိုးတော့ ရှိသည်။

ဦးမောင်သိန်းတို့ထံ လာရောက်ယတြာပြုကြသူတိုင်း စာမေးပွဲ အောင်ကြသည်တော့ မဟုတ်။  တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်လောက်အထိ လာရောက်ကာ ယတြာယူကြသူတို့လည်း ရှိသည်။ အများစုကတော့ နှစ်ချင်းပေါက် အောင်မြင်ကြသည်ပင်။

စာသင်ကျောင်း၊ ဘော်ဒါဆောင်များကဲ့သို့ အောင်ချက်ရာခိုင်နှုန်း တွက်ချက်မည် ဆိုလျှင် ဦးမောင်သိန်းတို့ထံ လာရောက်အပ်နှံသည့် ကလေးငယ် စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းနှင့်အထက် အောင်မြင်ကြသည်ဟု ဆိုသည်။

“ကျွန်တော်တို့က တတ်နိုင်သလောက် အားထည့်တာပဲ။ ဒါပေမဲ့ သူ့ရဲ့ ကံပါရမီရှိတယ်။ အတိတ်က ကံတွေက အားရှိသေးတာကိုး။ တစ်ဖက်က အတိတ်က ကံတွေအားမကောင်းခဲ့ရင် ဘယ်လိုမှကို မအောင်ဘူး။ အဲဒါတော့ မိဘတွေလည်း သိတယ်။  တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်လောက်ထိ ဆက်တိုက်ကျတာမျိုးလည်း ရှိတယ်။ ပြီးရင်တော့ အောင်သွားကြတာပါပဲ” ဟု  ဦးမောင်သိန်းက ရှင်းပြသည်။

၎င်းတို့ထံ လာရောက်သူများတွင် မန္တလေးမြို့၏ နာမည်ကြီးဘော်ဒါ၊ ကိုယ်ပိုင်အထက်တန်းကျောင်း အချို့လည်း ပါဝင်သည်။ ထိုကျောင်းတို့မှလည်း ကလေးများကို အားကြိုးမာန်တက် သင်ကြားပေးသကဲ့သို့ အခြားချွတ်ချော်မှုများ မဖြစ်စေရန် ဓာတ်ပိုင်း နတ်ပိုင်းဆိုင်ရာများကို အကူအညီတောင်းကြခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“တချို့ကျောင်းဆရာတွေကတော့ အဲလိုမဟုတ်ဘူး။ သူတို့ သင်ကြားလိုက်တဲ့ ကလေးတွေကို သူတို့ တာဝန်ယူတယ်ပေါ့။ အောင်စေရမယ်ဆိုပြီး တာဝန်ယူတယ်။ ဘာသာရေးရဲ့ အထောက်အပံ့ကို အထိုက်အလျောက်ပဲ ယူတယ်ပေါ့။ အားထည့်ပြီး မယူဘူး” ဟု သူကြုံတွေ့ရပုံကို ၎င်းက ပြောသည်။

စာမေးပွဲမဖြေမီ အချိန်ထိ ဦးမောင်သိန်းထံတွင် ကျောင်းသားများ၊ ကျောင်းသားမိဘများဖြင့် ရှုပ်ထွေးနေတတ်ပြီး စာမေးပွဲဖြေဆိုပြီးချိန်ထိလည်း လာရောက်တတ်ကြကြောင်း၊ အောင်စာရင်းမထွက်မီ ညအထိပင် လာရောက်ကာ အားကိုးရှာတတ်ကြကြောင်း မေတ္တာရှင် သာသနာပြုထံမှ သိရသည်။

ဦးမောင်သိန်းထံ လာရောက်သူများသည် မန္တလေးမြို့ပေါ်၊ အမရပူရ၊ ပုသိမ်ကြီး၊ စစ်ကိုင်း၊ ရွှေဘို စသည်တို့ အပါအဝင် အခြားမြို့များမှလည်း သိရှိသူတို့က နီးစပ်ရာတို့ဖြင့် လာရောက်ပြုလုပ်ခိုင်းသည်များ  ရှိသည်။

“ကလေးတွေက စာမေးပွဲနီးရင် အားကိုးရှာကြတာပဲ။ ဒီကိုလည်း လာကြတယ်။ ပုပ္ပါးမယ်တော်တို့၊  နတ်ပွဲတို့ သွားကြတာပဲ။ ပခန်းကိုကြီးကျော်တို့ဆီ လည်းသွားပြီး အောင်ရင်တော့ ကနားပေးပါမယ်တွေ ဘာတွေ အဓိဋ္ဌာန်ကြတယ်။ ဒီလိုပဲ လူတွေရဲ့ ဆန္ဒစိတ်နဲ့ လုပ်နေတဲ့ လုပ်ငန်းတွေပေါ့” ဟု ဦးမောင်သိန်းက ပြောဆိုသည်။

မယုံသူများ ရှိသော်လည်း နှစ်စဉ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလ ရောက်တိုင်း ဦးမောင်သိန်းထံ လာရောက်ကြပြီး ဘိုးတော်အကူအညီနှင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူများက ရှိနေဆဲပင်။        

မြတ် (ကလေး)


The Voice

No comments:

Post a Comment