Latest News

Wednesday, March 15, 2017

ငွေသော်တာရောင်ခြည်တိုက်ပွဲ


ငွေသော်တာရောင်ခြည်တိုက်ပွဲ . .


ဒီနေ့ လမ်းမတော်မြို့နဲ့ ဆူးလေဘုရားကြီးရဲ့ အနားမှာ . . သီချင်းသံချိုချိုတစ်ပုဒ် ပျံ့လွှင့်နေပါတယ်။

" ဖလော်ရင့်နိုက်တင်ဂေးရဲ့ မီးအိမ်လေးးး . .
အကြင်နာအလင်းရောင်တွေပေးခဲ့ . . .
ကိုယ့်ရဲ့သွေးသားရင်းပမာ . . .
လူသာချင်းအမြဲစာနာ ပြုစုခဲ့တဲ့ . . သမိုင်းကြောင်းဆက်ရေးမယ် "

ဒီ သီချင်းကို သီဆိုနေကြတာ အဆိုတော်များမဟုတ်ပါ။ ဆောင်းဘောက်က ဖွင့်နေတာလည်း မဟုတ်ပါ။ ထဘီနီနီ အကျီဖြူဖြူတူညီဝတ်စုံများနဲ့ သူနာပြုကျောင်းသူကျောင်းသား အယောက် ခြောက်ရာလောက်က သံပြိုင်သီဆိုနေကြတာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ လမ်းမတော်ရဲ့ ကားလမ်းမကြီးပေါ်ကနေ ဆူးလေ ဗန္ဓုလပန်းခြံဆီကို ညီညီညာညာနဲ့ ခပ်မှန်မှန် ချီတက်လာကြပါတယ်။ သူတို့ဟာ လော်စပီကာတွေကို ကိုင်စွဲရင်း ကြွေးကြော်သံတွေ ပေးနေကြပါတယ်။ သမဂ္ဂဒေါင်းအလံတွေကို လေမှာ လွှင့်ဝဲကိုင်ဆွဲထားကြပါတယ်။
" သူနာပြုရပ်ဝန်းကို ဖိနှိပ်မှု ရပ် " ဆိုတဲ့ နဖူးစီးကိုလည်း တူညီစွာ စီးထားကြပါတယ်။ သူတို့ချီတက်လာတဲ့ မြင်ကွင်းဟာ တမေ့တမော . . စိန်ပန်းနီနီတွေ အတန်းလိုက် ဖူးပွင့်နေတဲ့ လမ်းမကြီးကို ရောက်နေသလို . . . ညီညာ လှပလို့ နေပါတယ်။

ဟောဒီ အယောက် ခြောက်ရာကျော်သော ကျောင်းသားကျောင်းသူအုပ်ကြီးဟာ ဘာကြောင့်များ ဂရုဏာသက်ဖွယ် စိတ်အေးချမ်းဖွယ် သီချင်းတစ်ပုဒ်ကို တော်လှန်ရေးသီချင်းတစ်ပုဒ်လို သံပြိုင်ရွတ်ရင်း . . ဘာကြောင့်များ သမဂ္ဂခွပ်ဒေါင်းအလံတော်ကို လေမှာ စွင့်ရင်း . . ချီတက်လာကြတာလဲ?

လွန်ခဲ့တဲ့ တစ်လခန့်က ကျန်းမာရေးဝန်ကြီးက တာဝန်ရှိသူတစ်ယောက်ဟာ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒါကို အနှစ်ချုပ်ကြည့်မယ်ဆိုရင် . .

" သူနာပြုတက္ကသိုလ် / သင်တန်းကျောင်း ပြီးသွားတဲ့ ကျောင်းသားကျောင်းသူများဟာ အစိုးရဆေးရုံတွေမှာပဲ အလုပ်လုပ်ခွင့်ရှိတယ်။ အခြား မည်သည့်နေရာမှာမဆို အလုပ်လုပ်ခွင့်မရှိပါ " . . တဲ့။

ဆိုလိုတာကတော့ ကျောင်းသားကျောင်းသူတွေဟာ လေးနှစ်လောက် စာကို ကြိုးစားသင်ယူခဲ့သော်လည်း ကျောင်းပြီးသွားတဲ့အခါမှာ ဘာမှ လုပ်ပိုင်ခွင့်မရဘူးဆိုတဲ့သဘော။ လုပ်ချင်ရင် အစိုးရဆေးရုံမှာပဲလုပ်။ ကျန်တဲ့နေရာမှာ မလုပ်နဲ့ ဆိုတဲ့သဘော။

ဒါကို သူနာပြု ကျောင်းသားကျောင်းသူများက မီးဟုန်းဟုန်းတောက်အောင် ကန့်ကွက်ကြပါတယ်။ လိုင်စင်မရတဲ့သူနာပြုတွေကို ဘယ်သူက ယုံကြည်တော့မှာလဲ? လေးနှစ်လောက် ကြိုးကြိုးစားစား ကျောင်းတက်ထားတာ ဘာအတွက်လဲ? အဓိက မကျေနပ်ချက်က သူနာပြုကျောင်းသားကျောင်းသူတွေကို လိုင်စင်ဘာလို့ ထုတ်မပေးရတာလဲ? အရည်အချင်း မရှိဘူးလို့ ပြောချင်တာလား? ဒါဆို ဘာလို့ ကျောင်းတွေ ဖွင့်ထားသေးလဲ? စမ်းသပ်မှုတွေ ပြုလုပ်နေတာလား?

မေးခွန်းပေါင်း မြောက်များစွာ မကျေနပ်မှုမြောက်များစွာနဲ့ သူနာပြုကျောင်းသားကျောင်းသူများ (သို့မဟုတ်) ငွေသော်တာရောင်ခြည်လေးများဟာ သူတို့ဆန္ဒကို ကျောင်းပရဝုဏ်တွင်းမှာကော online ပေါ်ကနေပါ အမျိုးမျိုး ထုတ်ပြခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူမှ သူတို့ကို အဖက်မလုပ်ကြဘူး။ အထက်ပါ လိုင်စင်မထုတ်ပေးတဲ့ကိစ္စဟာ ကျန်းမာရေးဝန်ကြီးဌာနက အကောင်ကြီးကြီးတစ်ကောင်ရဲ့လက်ချက်ဆိုပေမယ့် သူနာပြုကျောင်းတွေက လူကြီးတစ်ချို့ရဲ့ ပူးပေါင်းပါဝင်မှုတွေလည်း ပါနေသေးတယ်ဆိုတာကို သူတို့ ထပ်ပြီး သိခွင့်ရခဲ့ပါတယ်။ ဒီတော့ သူတို့ရဲ့ မကျေနပ်ချက်တွေက အမြင့်ဆုံးတစ်နေရာကို ရောက်ရှိသွားပါတော့တယ်။

ဒီနေ့ (၁၅.၃.၂၀၁၇) ရက်နေ့မှာ သူနာပြုသင်တန်းကျောင်းနဲ့ တက္ကသိုလ်က ရှိသမျှ ကျောင်းသားကျောင်းသူ အကုန်နီးပါဟာ လမ်းမတွေပေါ်တက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ဆန္ဒထုတ်ဖော်ကြပါတယ်။ ဒီပွဲကို သူနာပြုတက္ကသိုလ်ကျောင်းသားသမဂ္ဂ (NUSU) က ဦးဆောင်ပါတယ်။ လမ်းမတော်ကနေ ဆူးလေအထိ လမ်းလျှောက်တယ်။ သူတို့လိုချင်တဲ့ တောင်းဆိုမှုကို ကြွေးကြော်တယ်။ သူနာပြုတွေကို ဂုဏ်ပြုသီဆိုထားတဲ့ " ဂရုဏာအလင်း " သီချင်းကို သံပြိုင်သီဆိုကြတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဗိုလ်ချုပ်အောင်ဆန်းဟာ သူနာပြုမလေး မခင်ကြည်ကို ပိုးပမ်းခဲ့တယ်။ နောက်တော့ သူတို့ချစ်သူတွေဖြစ်ပြီး မကြာခင် မင်္ဂလာဆောင်ကြတယ်။ မင်္ဂလာပွဲမှာ ဗိုလ်ချုပ်ရဲ့တပည့် ကရင်စစ်သားလေးတွေဟာ ငွေသော်တာရောင်ခြည်သီချင်းကို သီဆိုလက်ဖွဲ့ကြတယ်။ အဲ့ဒီ ချစ်ခြင်းနဲ့ မေတ္တာတရားကို ကိုယ်စားပြုတဲ့ ငွေသော်တာရောင်ခြည်ဟာ ဒီနေ့တော့ တိုက်ပွဲဝင်ကြတဲ့ ငွေသော်တာရောင်ခြည်များ ဖြစ်လာကြပါပြီ။

သူတို့ရဲ့ တိုက်ပွဲဟာ အောင်ပွဲဆင်မလား . . ဖိနှိပ်မှုတွေနဲ့ ကြုံရမလား . . မတရားဖျက်ဆီးခံရမလား . . အရေးတယူ ဖြေရှင်းပေးခြင်းခံရမလား ဆိုတာကတော့ . . . . . . . !!

( ဒီနေ့ပြုလုပ်တဲ့ အဲ့ဒီဆန္ဒပြပွဲရဲ့ ဖြစ်စဉ်ကို ပုံတစ်ပုံချင်း ကြည့်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ် )

-------
ဆောင်းပါး / ဓာတ်ပုံ - မောက်ခမ်းဝါ

No comments:

Post a Comment