Latest News

Friday, March 17, 2017

ဦးကိုနီအမှု သံသယ တရားခံ ၄ ယောက် ကို တရားသူကြီး ၃ ယောက်နဲ့ ခုံရုံး ဖွဲ့စစ်ဆေး

ဦးကိုနီအမှု သံသယ တရားခံ ၄ ယောက် ကို တရားသူကြီး ၃ ယောက်နဲ့ ခုံရုံး ဖွဲ့စစ်ဆေး

အခြေခံဥပဒေ ပြင်ဆင်ရေး တက်ကြွလှုပ်ရှားခဲ့သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံခဲ့ရမှုနဲ့ စပ်လျဉ်းပြီး ဖမ်းဆီးထားတဲ့ တပ်မတော်အရာရှိဟောင်းများ ပါဝင်တဲ့ သံသယ တရားခံ ၄ ဦးကို တရားသူကြီး ၃ ဦး က ပူးတွဲ ရုံးထိုင်ပြီး အထူးခုံရုံးဖွဲ့ စစ်ဆေးနေပါတယ်။

ဒီနေ့ (မတ်လ ၁၇ ရက်နေ့) ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးမှာ မြောက်ပိုင်းခရိုင် တရားသူကြီး ဦးဆောင်ပြီး အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ခရိုင် တွဲဘက် တရားသူကြီး နှစ်ယောက် ပါ ခုံရုံး အဖွဲ့က ဒုတိယအကြိမ်မြောက် အဖြစ် အမှုကို ကြားနာပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်သမား ကြည်လင်းရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတာပါ။

ဒီနေ့ တရားခွင်ကို လူသတ်တရားခံ အဖြစ် အဓိက သံသယ ရှိသူ ကြည်လင်း နဲ့ အတူ လုပ်ကြံမှုမှာ စေခိုင်းသူ၊ ငွေကြေးပံ့ပိုးသူ ပူးတွဲ တရားခံ တွေ အဖြစ် စွပ်စွဲ ခံထားရတဲ့ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနဲ့ ဇေယျာဖြိုး တို့ကိုလည်း ပူးတွဲ ရုံးထုတ်ခဲ့ပါတယ်။

သူတို့ကို လူသတ်မှု၊ လက်နက်ကိုင်ဆောင်မှု၊ ပြစ်မှုကျူးလွန်သူကို လက်သင့်ခံမှု အစရှိတဲ့ ပုဒ်မတွေနဲ့  စစ်ဆေးနေပါတယ်။

သံသယ တရားခံများထဲက အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုး တို့မှာ ရှေ့နေပါဝါ လွှဲအပ်ထားသူ ရှေ့နေ နှစ်ယောက် ရှိပြီး ဖြစ်ပေမယ့် ကြည်လင်းကတော့ လာမယ့် ရုံးချိန်းကျမှ ကိုယ်စားပြု ရှေ့နေ တင်မယ်လို့ သိရပါတယ်။  အောင်ဝင်းထွန်း အတွက်တော့ ဇနီးဖြစ်သူက ရှေ့နေ အဖြစ် ကိုယ်စားပြုမယ်လို့ ဆိုပါတယ်။

အောင်ဝင်းဇော်ရဲ့ ရှေ့နေ ဖြစ်သူ အထက်တန်း ရှေ့နေ ဦးအောင်ခိုင်က
အမှုတွဲရဲ့ အသေးအစိတ် အချက်အလက်တွေကို လေ့လာနေဆဲ ဖြစ်ကြောင်း ဘီဘီစီကို ပြောပါတယ်။

ဦးကိုနီ ဘက်မှာ ရှေ့နေ အဖြစ် လိုက်လံဆောင်ရွက်ပေးသူကတော့ တရားလွှတ်တော် ရှေ့နေ ဦးနေလ ဖြစ်ပါတယ်။

ဒီအမှု ကို မတ်လ ၃ ရက်နေ့တုန်းကလည်း ပထမဆုံးအကြိမ် အဖြစ် မြောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပါသေးတယ်။  လာမယ့် အပတ် သောကြာနေ့ မှာလည်း နောက်ထပ် ရုံးချိန်း တခု ရှိပါတယ်။

ဒီနေ့ တရားခွင်ကို လုံခြုံရေး အထူးတင်းကျပ်ထားကြောင်း မြောက်ပိုင်းခရိုင်တရားရုံးမှာ ကိုယ်တိုင် သတင်းသွားယူနေတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

BBC

No comments:

Post a Comment