Latest News

Tuesday, March 28, 2017

မြစ်ဆုံ ရေကာတာ စီမံကိန်း ကိစ္စ ဥပဒေနဲ့ အညီ ဆုံးဖြတ်သွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

မြစ်ဆုံ ရေကာတာ စီမံကိန်း ကိစ္စ ဥပဒေနဲ့ အညီ ဆုံးဖြတ်သွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

မတ်၊ ၂၈၊ ရန်ကုန်။ မြစ်ဆုံ ရေကာတာ စီမံကိန်းကိစ္စကို ဥပဒေနဲ့ အညီ ဆုံးဖြတ်သွားမယ်လို့  ကချင်လူထု အဖွဲ့အစည်းတွေမှ ကိုယ်စားလှယ်တွေနဲ့  တွေ့ ဆုံချိန်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မြစ်ဆုံ ရေကာတာ စီမံကိန်းနဲ့ ပတ်သတ်ပြီး သည်စီမံကိန်းကို ဆက်လက် ဆောင်ရွက် သင့်၊ မသင့်ကို ဆုံးဖြတ်ဖို့  မြစ်ဆုံ ကော်မရှင်ရဲ့ အစီအရင်ခံစာကို စောင်ကြည့်ဖို့ လိုအပ်သေးတယ် လို့  ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသွားတယ်လို့  အရပ်ဖက် အဖွဲ့ အစည်းများ ကိုယ်စားလှယ် အနေနဲ့  တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ထွယ် အမျိုးသမီးများနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ တာဝန်ခံ ဒေါ်နန်ပူ က ပြောပါတယ်။

”အစီအရင်ခံစာ ကတော့ ထွက်မလာသေးဘူး။ အစီရင်ခံစာ ထွက်လာမှပဲ သူ့ အနေနဲ့  မှတ်ချက် ပေးလို့ရနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့  ရေရှည် အကျိုးကို ကာကွယ်ရမယ် ဆိုတာကို ကြည့်ရမယ်။ ရေရှည် အကျိုးကို ကြည့်ပြီး လုပ်သွားမယ်။ အဲဒါကို ကြည့်ဖို့  ဥပဒေနဲ့  အညီလုပ်ဖို့  လိုအပ်ပါတယ်။ အဲဒါ့ကြောင့် ဥပဒေနဲ့ အညီ လုပ်သွားမယ်လို့  ပြောပါတယ်။ မြစ်ဆုံ မလုပ်သင့်ဘူး လို့တော့ တိုက်ရိုက် ထွက်မလာ သေးပါဘူး။” လို့ ဒေါ်နန်ပူ က ပြောပါတယ်။

သည်ကနေ့ မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ အရပ်ဖက် အဖွဲ့ အစည်း ကိုယ်စားလှယ်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ ဝင်တွေ ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့  ၂၀ ကျော်နဲ့  တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ ဆုံပွဲကို တက်ရောက် လာကြတဲ့ အဖွဲ့  ၂၀ ကျော်က ကိုယ်စားလှယ်တွေ ကလည်း ငြိမ်းချမ်းရေး ကိစ္စ အဓိက ပြောဆို ဆွေးနွေးခဲ့ကြပြီး မူးယစ်ဆေးဝါး ကိစ္စ၊ ရွှေ့ ပြောင်း အလုပ်သမားတွေ အရမ်းများလာတာတွေ၊ မြစ်ဆုံ ကိစ္စ၊ စစ်ပွဲတွေကြောင့် အမျိုးသမီးတွေ အကြမ်းဖက် ခံနေရတာတွေ အပါအ၀င်တဲ့ စစ်ဘေးရှောင် စခန်းက အမျိုးသမီးတွေရဲ့  အခြေအနေတွေ၊ တရားဥပဒေ စိုးမိုးရေး ကိစ္စ၊ ဖက်ဒရယ် ကိစ္စတွေကို ပြောဆို ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုင်းရင်းသား ဒေသတွေမှာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရပ်တန့်စေရေး ကိစ္စတွေကို အဖွဲ့ အစည်း တိုင်းက ထည့်သွင်း တင်ပြခဲ့ကြတယ် လို့ သိရပါတယ်။

သည်ကနေ့ တွေ့ ဆုံရာမှာတော့ ဒေါ်အောင်ဆန်းစုကြည် က မြစ်ဆုံ ရေကာတာ စီမံကိန်းနဲ့ ပတ်သတ်ပြီး အစိုးရက စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ ကာ စစ်ဆေးရေးတွေ ပြုလုပ်နေဆဲ ဖြစ်လို့  အစီအရင်ခံစာ မထွက်လာသေးခင်မှာ စီမံကိန်းကို ဆောင်ရွက်သင့်၊ မသင့်ဆိုတာကို မှတ်ချက် မပေးလိုသေးဘူး လို့ ပြောဆိုထားပါတယ်။

” မြစ်ဆုံနဲ့ ပတ်သတ်ပြီးတော့ ကတော့ ရေကာတာ လုပ်မယ့် တရုတ်တွေရဲ့  စီးပွားရေးက သိပ် စိတ်မချသေးဘူး။ ရေကာတာနဲ့ ပတ်သတ်ပြီး ဖြစ်လာမယ့် သဘာဝ ပတ်ဝန်းကျင် အခြေအနေတွေကို ရှင်းလင်း ပြောသွားပါတယ်။ တိုင်းရေးပြည်ရေးကို ထိခိုက်နိုင်ရင် ခွင့်ပြုပေးမှာ မဟုတ်ဘူးလို့  ပြောတယ်။ လောလောဆယ်တော့ သူက အစီအရင်ခံစာကို စောင့်ကြည့်ဖို့ ပြောထားပါတယ်။ ဒီနေ့ ကျွန်တော်အမြင် ကတော့ ဒီကိစ္စအပေါ် သူပြတ်ပြတ် သားသား ဆုံးဖြတ် ပြီးပြီလို့ ယူဆပါတယ်။ ” လို့ ကချင်နှစ်ခြင်း အသင်းတော် အတွင်းရေးမှူး ဒေါက်တာ ခါလပ်ဆမ်ဆွန်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ သည်နေ့ ကချင်ပြည်နယ် ခရီးစဉ်မှာ ရွေးကောက်ပွဲ မဲဆွယ် ကတိက၀တ်တွေကို အကြမ်းမဖက်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ဆက်လက် ဖော်ဆောင်နိုင်ဖို့  ကြိုးစားနေတယ် လို့လည်း ကချင်လူထု ကိုယ်စားလှယ်တွေနဲ့ တွေ့ ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။

ချမ်းသာ(Kumudra)

No comments:

Post a Comment