Latest News

Saturday, March 4, 2017

တရုတ်၏ စစ်အသုံးစရိတ် ၇ ရာခိုင်နှုန်း မြှင့်တင်မည်ဟု ကြေညာ

တရုတ်၏ စစ်အသုံးစရိတ် ၇ ရာခိုင်နှုန်း မြှင့်တင်မည်ဟု ကြေညာ

တရုတ်သည် လာမည့် ဘဏ္ဍာရေးနှစ် စစ်အသုံးစရိတ်ကို ၇ ရာခိုင်နှုန်း မြှင့်တင်သွားမည်ဟု သိရသည်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်၏ ကာကွယ်ရေး အသုံးစရိတ်ကို သမိုင်းဝင် ပမာဏမျိုး မြှင့်တင်သွားရန် ကြိုးစားမည်ဟု ကြေညာပြီး တစ်ရက်အတွင်း တရုတ်က ၎င်းတို့၏ ကာကွယ်ရေး ဘတ်ဂျတ်သစ် လျာထား ကိန်းဂဏန်းများကို ထုတ်ပြန်ခဲ့သည်။

နှစ်ပတ်လည် တရုတ် အမျိုးသား ပြည်သူ့ညီလာခံကို ဘေဂျင်းတွင် ကျင်းပခဲ့ရာ၌ ကာကွယ်ရေး အသုံးစရိတ်သစ်နှင့် ပတ်သက်သည့် ကြေညာချက်ကို ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။ တရုတ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် အားကောင်းလာသည်နှင့်အမျှ ၎င်းတို့၏ စစ်လက်နက် အင်အားကို ခေတ်မီ တိုးတက်လာအောင် အစဉ်တစိုက် မြှင့်တင်လာခဲ့သည်။

ယခုကိန်းဂဏန်း ကြေညာချက်အရ တရုတ်၏ ကာကွယ်ရေး အသုံးစရိတ် ဘတ်ဂျတ် သတ်မှတ်ချက်သည် ရာခိုင်နှုန်း ဆယ်ဂဏန်းထိ မရောက်သည်မှာ ၂ နှစ်ဆက်တိုက် ဖြစ်လာခဲ့သည်။ သို့သော် တရုတ်သည် တရားဝင် ထုတ်ပြန်သော ကိန်းဂဏန်းများထက် ကာကွယ်ရေး အသုံးစရိတ် အများအပြား ပိုမိုအသုံးပြုလေ့ ရှိသည်ဟု ယူဆရသည်။

တရုတ် အစိုးရ၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဖူယင်းက တရုတ် စစ်တပ်၏ အသုံးစရိတ် ရည်ရွယ်ချက်သည် ကာကွယ်ရေး ကဏ္ဍကိုသာ အဓိက အာရုံစိုက်ထားပြီး အာရှဒေသတွင် အခြေခိုင်သော စစ်တပ်တစ်ခုအဖြစ် ဆက်လက် ရပ်တည်ရန် လိုလားကြောင်း ပြောကြားခဲ့သည်။

“အငြင်းပွားစရာ ကိစ္စတိုင်းကို ငြိမ်းချမ်းတဲ့ ဆွေးနွေးဖြေရှင်းမှု နည်းလမ်းနဲ့ပဲ အဖြေရှာသွားချင်ပါတယ်။ တစ်ဖက်မှာတော့ ကျွန်မတို့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ အကျိုးစီးပွားတွေကို ထိန်းသိမ်းဖို့အတွက် ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ရမှာ ဖြစ်ပါတယ်။ တရုတ်ရဲ့ စစ်အင်အားကို တည်ဆောက်ခြင်းဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့သာဖြစ်ပြီး ဒီကဏ္ဍကို ဆန့်ကျင် ဖျက်ဆီးဖို့ မဟုတ်ပါဘူး”ဟု ဖူက ဆိုသည်။

တရုတ်၏ ကာကွယ်ရေး အသုံးစရိတ် အသေးစိတ် အချက်အလက်များကိုမူ ဝန်ကြီးချုပ် လီကီကျန်းက မတ် ၅ ရက်တွင် ထုတ်ပြန် ကြေညာဖွယ် ရှိနေသည်။ ယခုသီတင်းပတ် အတွင်းတွင် အမေရိကန် သမ္မတ ထရမ့်ကလည်း နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်ကို လာမည့် ဘဏ္ဍာရေးနှစ်တွင် ၁၀ ရာခိုင်နှုန်း နီးပါးထိ မြှင့်တင်ရန် ကြိုးစားသွားမည်ဟု ကြေညာထားသည်။

Ref: CNN

7Day News Journal

No comments:

Post a Comment