Latest News

Monday, March 20, 2017

နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံများကို ပုဂ္ဂလိက လုပ်ငန်းရှင် များထံ သုံးလမှ ခြောက်လ အတွင်း လွှဲပေးသွားမည်

နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံများကို ပုဂ္ဂလိက လုပ်ငန်းရှင် များထံ သုံးလမှ ခြောက်လ အတွင်း လွှဲပေးသွားမည်

စိုးချစ်ချစ်ပိုင်

နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံများကို ပုဂ္ဂလိက လုပ်ငန်းရှင် များထံ သုံးလမှ ခြောက်လ အတွင်း အပြီး လွှဲပြောင်း ပေးမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဝင်း က ပြောဆိုသည်။

နိုင်ငံတော် ပိုင်သည့် စက်ရုံ၊ အလုပ်ရုံများ အနက် ရပ်ဆိုင်းရမည့် လုပ်ငန်းများကို ရပ်ဆိုင်းသွားမည် ဖြစ်ကာ ဆက်လက် လည်ပတ်သင့်သည့် စက်ရုံ၊ အလုပ်ရုံများကို စိတ်ဝင်စားသော လုပ်ငန်းရှင် များထံ လွှဲအပ်သွားမည် ဖြစ်သည်။

"နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုး တိုးတက်အောင် လုပ်မယ် ဆိုလို့ ရှိရင် အစိုးရက စီးပွါးရေး မလုပ်ဘူး။ အစိုးရက နိုင်ငံစီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်တဲ့ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး လုပ်နည်းတွေကို ပြဋ္ဌာန်းရုံပဲ။ ဒီ ပြဋ္ဌာန်း ထားတဲ့ စည်းမျဉ်း စည်းကမ်းနဲ့ အညီ လုပ်ငန်းရှင် တွေကို ပံ့ပိုးပေးရုံပဲ။ ကျန်တာက နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆိုရင် စီးပွားရေး မလုပ်တတ်တဲ့ အစိုးရ ကနေ လုပ်စရာ မလိုဘဲ၊ စီးပွားရေး လုပ်တတ်တဲ့ လုပ်ငန်းရှင်တွေ လက်ထဲကို ထည့်ပေးထားဖို့ လိုတယ်" ဟု ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဝင်း က ပြောဆိုသည်။

ထိုကဲ့သို့ လွှဲပြောင်း ပေးရာတွင် ညှိနှိုင်းမှုများ၊ လွှဲပြောင်းမှုများ၊ ငှားရမ်းမှုများ၊ စာချုပ် ချုပ်ခြင်း စသော အဆင့်များ ရှိသော်လည်း သုံးလမှ ခြောက်လ အတွင်း ပြီးစီးအောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

"လုပ်ငန်းရှင်တွေကို လွှဲပြောင်း ပေးမယ် ဆိုတာ ကလည်း လုပ်ငန်းရှင်တွေ လက်ထဲရောက်ရင် ပြီးရော၊ သုံးလို့ မရတဲ့ ပစ္စည်းတွေ သူတို့ လက်ထဲ ရောက်ရင် ပြီးရော ဆိုပြီး ကျွန်တော်တို့ စီစဉ်တာ မဟုတ်ပါဘူး။ သူတို့နဲ့ ကျွန်တော်တို့ တွေ့ပါမယ်။ သူတို့လုပ်မယ့် စက်ရုံတွေရင် ကျွန်တော်တို့ လွှဲပေးပါမယ်" ဟု ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဝင်း က ပြောဆိုသည်။

စက်ရုံ၊ အလုပ်ရုံများရှိ ၀န်ထမ်းများ အတွက်လည်း ကြိုတင် စီမံထားပြီး ဖြစ်ကာ အဆိုပါ ၀န်ထမ်းများ အနေဖြင့် အရည်အသွေး၊ အတွေ့အကြုံ ကျွမ်းကျင်မှုများ ရှိနေပြီး ဖြစ်သောကြောင့် အစိုးရ ၀န်ထမ်း အဖြစ် ဆက်လက် လုပ်ကိုင်လိုပါက စီစဉ် ပေးသွားမည် ဖြစ်သကဲ့သို့ သက်ဆိုင်ရာ ကုမ္ပဏီက ခေါ်ယူပါက စနစ်တကျ လွှဲပြောင်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကျန်းမာရေး မကောင်းသော ၀န်ထမ်း များနှင့် အသက်ပြည့် နေသော ၀န်ထမ်းများ အတွက် ပင်စင်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

The Myanmar Times Daily Newspaper - Myanmar Version

No comments:

Post a Comment