Latest News

Wednesday, March 29, 2017

တရားရုံးတွေမှာ အဂတိလိုက်စားမှုတွေ ရှိနေကြောင်း ကချင်ပြည်နယ်လွှတ်တော်ထံ တင်ပြ


ကချင်ပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်။ Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ်က တရားရုံးတွေမှာ တရားသူကြီးတွေကို လွန်ကဲတဲ့ အခွင့်အရေးတွေ ပေးထားတဲ့ အတွက် အဂတိလိုက်စားမှုတွေရှိနေကြောင်း ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ အစိုးရရဲ့ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တရားစီရင်ရေးဆိုင်ရာ ကော်မတီ က ဒီနေ့ ပြည်နယ်လွှတ်တော်ထံ တင်ပြခဲ့ပါတယ်။

ဒီကနေ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်ဦးယု က ကော်မတီရဲ့ လေ့လာတွေ့ရှိချက် နှစ်ချုပ်အစီရင်ခံစာ တင်သွင်းရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

အခြေခံပြည်သူအများစုဟာ မြေယာပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ နဲ့ နည်းဥပဒေတွေရဲ့ အားနည်းမှုကြောင့် သက်ဆိုင်ရာ တာဝန်ရှိဝန်ထမ်းတွေဟာ အဂတိ လိုက်စားမှုကို အလွယ်တကူကျူးလွန်နေကြတယ်လို့လည်း အစီရင်ခံစာမှာပါရှိပါတယ်။

ဒါ့အပြင် မြေယာပြဿနာအချို့မှာ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ လယ်ယာမြေဥပဒေတို့ကို ရောထွေးပြီး ဆုံးဖြတ်နေခြင်းကြောင့် မလိုအပ်ဘဲ တရားရုံးအတင်ခံရတဲ့ အခြေအနေတွေကို ဥပဒေ နားမလည်တဲ့ ပြည်သူတွေက ရင်ဆိုင်နေရကြောင်း လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

အဲဒီလိုအခြေအနေတွေကို လွှတ်တော်က အပြန်အလှန်ထိန်းညှိတဲ့ ပုံစံနဲ့ ဆောင်ရွက် သင့်ကြောင်းလည်း အကြံပြုတင်ပြခဲ့ပါတယ်။

အလားတူ အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ရေးရာကော်မတီကလည်း နှစ်ချုပ်အစီရင်ခံစာတင်သွင်းခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment